အဘိုးကို ဘယ်သူသတ်သလဲ

အဘိုးကို ဘယ်သူသတ်သလဲ
Published 1 March 2015
မောင်တင်ဦး (မြောင်းမြ)

အကြောက်တရားတွေ လောင်ကျွမ်းတဲ့ နယ်မြေသေနတ်ကျည်ဆန်သံ တဖြောက်ဖြောက်က ဓနိမိုး ခေါင်မိုးပေါ်ကို ကျနေတဲ့ မိုးစက်မိုးပေါက် အသံနဲ့ မတူဘူး။ ဝုန်းဝုန်းဒိုင်းဒိုင်း အမြောက်ဆန်တွေရဲ့ ပေါက်ကွဲသံက Iron Cross က လေးဖြူတို့ရဲ့ မြူးထူးပျော်ရွှင်စရာ ဂီတပေါက်ကွဲသံ မဟုတ်ဘူး။ မြေမြှုပ်မိုင်းဗုံးတွေ မြှုပ်ထားတဲ့ မြေပြင်က ပန်းမွေ့ရာ ရွှေကော်ဇော မဟုတ်ဘူး။ အချိန်မရွေး လက်ပြတ်၊ ခြေပြတ်၊ ခါးပြတ် ဖြစ်သွားနိုင်တယ်။ အသက်ဆုံးသွားနိုင်တယ်။ ယမ်းငွေ့တွေ ပြည့်သိပ်နေတဲ့ လေထုက၊ မြောက်ဘက်က တိုက်ခတ်လာတဲ့ လေနုအေးမဟုတ်ဘူး။ ယမ်းငွေ့တွေ။ အဆိပ်ငွေ့တွေ။ဒါပေမဲ့ မြေပြင်က လက်ရှိပန်းချီကားက ကင်းပတ်ပိတ်သားပေါ်က စိတ်ကူးယဉ် ပန်းချီကားနဲ့မတူ ခြားနားလွန်းပေစွ။ အထုပ်ဆွဲ၊ ထမင်းအိုးဆွဲ၊ သားဆွဲ၊ သမီးဆွဲ စက္ကန့်မလပ် လူတွေဟာ ပြေးလွှားနေရတယ်။ အကြောက်တရားဟာ သူတို့ရင်ထဲမှာ လွှမ်းမိုးနေတယ်။ ငိုသံ၊ ညည်းသံ၊ အော်ဟစ်သံတွေဟာ အရပ်ရှစ်မျက်နှာမှာ ပြည့်နှက်နေတယ်။ ငိုသူကို ငိုသူက မကယ်နိုင်ဘူး။ ညည်းသူကို ညည်းသူက မကယ်နိုင်ဘူူး။ ကယ်သူမဲ့။ စောင့်ရှောက်သူ မရှိ။ ဘယ်သူ့ကိုမှ အားကိုးလို့ မရ။ ကိုယ်ဘေးနားက အသက်ရှည် ကျန်းမာနေသူက ရုတ်ခြည်းတုန်းခနဲလဲ။ တဆတ်ဆတ် တုန်ရီယင်း ညည်းနေရာမှ ရုတ်တရက် အသက်ထွက်သွားတာ။ မြင်ကွင်းတိုင်းကလည်း ကြည့်ရက်စရာ မရှိ။ သွေးတွေ၊ ချွေးတွေ၊ ဒဏ်ရာတွေ၊ ဘယ်ကိုကြည့်ကြည့်၊ ရှောင်မရတဲ့ မြင်ကွင်း။ ဗုံးခင်းတဲ့ မြေပြင်။ ကျည်ဆန်လွှမ်းတဲ့ အာကာပြင်။ အန္တရာယ်ပြွမ်းတဲ့ လွင်ပြင်။ အကြောက်တရားတွေ လောင်ကျွမ်းတဲ့ လူသားတို့ ရင်ပြင်။ 
အဘိုးနှင့် မြေးငယ်အဘိုးအိုတစ်ယောက်က ငါးနှစ်အရွယ် မြေးငယ်ကို လက်တွဲရင်း ကျည်ဆန်တွေ လွတ်မယ်လို့ ထင်တဲ့နေရာကို တရွေ့ရွေ့ ပြေးနေတယ်။ ပြေးတယ်တာဆိုတာ သာမန်လူ လမ်းလျှောက်တာထက်တောင် နှေးနေတယ်။ ပြေးရာမှာလည်း အဘိုးက ရှေ့ရောက်လိုက်။ မြေးကရှေ့ရောက်လိုက်။ ဘယ်သူက ဘယ်သူ့ကို ဦးဆောင်နေတာလဲ။ ဘယ်သူက ဘယ်သူ့နောက် လိုက်နေတာလဲ။ သူတို့ နှစ်ယောက်လုံး သတိပြုမိဟန် မတူဘူး။ သူတို့နှစ်ဦးအနား လူတွေရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူတို့နှစ်ဦးကို ကယ်ဖို့ သတိမရကြဘူး။ အားလုံးဟာ အသက်လုပြေးပွဲမှာ မပြိုင်ချင်ဘဲ ဝင်ရောက်ယှဉ်ပြိုင်ရသလိုမျိုး မိမိလွတ်ရာ လွတ်ကြောင်းအတွက် ပြေးနေကြတာ။ ပြေးနေတာ လွတ်ဖို့ဖြစ်ပေမယ့် ပြေးသူတိုင်း လွတ်တာ မဟုတ်ဘူး။ ပြေးနေသူ တစ်ယောက်ယောက်ရဲ့ ကျောကုန်းဆီ၊ ရင်ဘတ်ဆီ၊ ဦးခေါင်းဆီ ကျည်တစ်ထောင့်ဟာ အလွယ်တကူ ထိုးဖောက်ဝင်ရောက်ပြီး အသက်ကို လုယူခံနေရတာ။ ဒီနယ်မြေမှာ ကိုယ့်အသက် ကိုယ်မပိုင်ဘူး။
စစ်ပွဲတွေဟာ ချစ်သူတွေကိုလည်း ကွဲစေသလား။ အဘိုးနဲ့မြေးကို ဘာရန်ငြိုးနဲ့ ကွဲစေတာလဲ။ ငြိမ်းချမ်းရေးကိုမျှော်ရင်း စစ်ပွဲတွေကို နွှဲနေရဦးမှာလား။ ဘာပဲဖြစ်ဖြစ် အချစ်ပွဲတွေကို ကွဲကြေစေတဲ့ စစ်ပွဲတွေကို မုန်းတယ်။ အဘိုးတစ်ယောက် သေဆုံးသွားခြင်းဖြင့် ဘဝဟာ ပြီးဆုံးသွားပေမယ့် လူလားမမြောက်သေးတဲ့ မြေးမလေးဘ၀ . . . . .

ဘယ်လိုပဲဖြစ်ဖြစ် အသက်နဲ့ ခန္ဓာ မြဲနေသရွေ့ ပြေးနေရဦးမှာ။ အဘိုးအိုလည်း ပြေးနေတာကြာတော့ အမောဆို့လာတယ်။ မြေးလေးကလည်း ခြေထောက်ညောင်းလာပြီ။ နှစ်ယောက်စလုံး မတိုင်ပင်ဘဲ သစ်ပင်အောက်မှာ ပြိုင်တူ ထိုင်ချလိုက်တယ်။ အဘိုးက သစ်ပင်ကိုမှီ။ မြေးက အဘိုးကိုမှီ။ ဖက်နဲ့ထုပ်ထားတဲ့ အသက်ကို လုရှုနေရတယ်။ သူတို့နောက်က ပြေးလာသူတွေ သူတို့ကို ကျော်တက်ကုန်ကြပြီ။ တစ်ဦးတစ်ယောက်ကမှ မြေးအဘိုးနှစ်ယောက်ကိုခေါ်ဖို့ မကြိုးစားဘူး။ သူတို့မှာ စာနာစိတ် မရှိတော့ဘူး။ ကြောက်စိတ်တွေပဲ ရှိတော့တယ်။ သူတို့မှာ မေတ္တာစိတ် မရှိတော့ဘူး။ မုန်းတီးစိတ်တွေပဲ ရှိတော့တယ်။ သူတို့မှာ လောကကို ချစ်စိတ် မရှိတော့ဘူး။ လောကကို ဒေါသစိတ်ပဲ ရှိတော့တယ်။ မေတ္တာတရား ခေါင်းပါးရာ နယ်မြေထဲ ရောက်နေတဲ့ မြေးအဘိုးနှစ်ယောက်။အဘိုးအိုက အမောပြေလာပြီ။ သူ့မြေးက အိပ်ပျော်နေရှာတယ်။ မြေးကို နှိုးလိုက်တယ်။ မြေးလေးက အိပ်မှုန်စုံမွှားနဲ့ မျက်လုံးကို ပွတ်သပ်နေတယ်။ ပြီးမှ ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တယ်။ လူတွေအော်ဟစ်သံ၊ ကျည်ဆန်တွေ၊ အမြောက်တွေ ပေါက်ကွဲသံ၊ ဒီအသံတွေက အိပ်ရာနိုခါစမြေးကို ကြောက်သွားစေတယ်။ “ဘိုးဘိုး ကြောက်တယ်။ ဘိုးဘိုး သမီး ကြောက်တယ်။” အလန့်တကြား ထအော်လိုက်တယ်။ အဘိုးလည်း မြေးရဲ့ခေါင်းကို ပွတ်သပ်နှစ်သိမ့်ပေးရင်း “မကြောက်ပါနဲ့။ မြေးရယ် ဘိုးဘိုးတစ်ယောက်လုံး ရှိပါတယ်။” အဘိုးဘာတွေပြောပြော၊ မြေးက ကြောက်စိတ် မပြယ်သေးဘူး။ အိပ်မပျော်ခင်က သွေးဆူနေလို့ ကြောက်စိတ် ပေါ်မလာပေမယ့် မျက်လုံးဖွင့်လိုက်မှ တွေ့လိုက်ရတဲ့ မြင်ကွင်းတွေက မြေးကိုခြောက်လှန့်လိုက်သလို ဖြစ်သွားလို့ ခုမှကြောက်စိတ်တွေ ပေါ်လာဟန် တူရဲ့။ အဘိုးဘယ်လိုပဲ အားပေးအားပေး မြေးခမျာကြောက်နေဆဲ။“ကဲကဲ မြေးလေး၊ အဘိုးတို့ ဆက်ပြေးကြမယ်။ သေနတ်တွေက ပစ်ကြတုန်း။” “ဟုတ်ကဲ့ဘိုးဘိုး သေနတ်တွေက သမီးတို့ကို ပစ်နေတာလားဟင်။” “သမီးကိုတော့ မပစ်ပါဘူး။ ဒါပေမဲ့ မတော်တဆ ထိနိုင်တာပေါ့။” ပြောပြောဆိုဆို အဘိုးအိုနဲ့ မြေးတို့ဟာ သစ်ပင်ရိပ်က ပြေးထွက်လိုက်ကြတယ်။ နံဘေးမှာ ပြေးလွှားနေသူတွေက ကိုယ့်ထက်ဆိုးသေး။ အချို့ သွေးရဲရဲ သံရဲရဲနဲ့။ ညည်းညူရင်း ပြေးနေလေရဲ့။ မြေးလေးခမျာ မျက်လုံးလေးက ကလယ်ကလယ်နဲ့ ပြေးသာပြေးနေရတယ်။ ဘယ်နေရာကို ဦးတည်ပြေးနေရမှန်း မသိ။ ဘယ်အထိ ပြေးနေမလဲ။ ဘယ်တော့နားရမလဲ။ ဘာစားရမလဲ။ ဒါတွေ တွေးမနေနဲ့။ အနာဂတ်ဆိုတာ မသေချာ။ လတ်တလော လွတ်မြောက်ရေး။ လတ်တလော အသက်ရှင်သန်ရေးက အဓိက။လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်သူများအား ဖေဖော်ဝါရီ ၂၅ ရက်က ကွမ်းလုံမြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်)
ဒီလိုနဲ့ တစ်နာရီကျော်ကျော်လောက် ကြာသည်အထိ မနားတမ်း ပြေးနေကြပြန်တယ်။ ပြေးနေတယ် ဆိုပေမယ့် ကတ္တရာလမ်း မြေနီလမ်းပေါ် မဟုတ်ဘူး။ မြက်ခင်းအတုလမ်းပေါ်၊ ဖဲမွေ့ရာပေါ် မဟုတ်ဘူး။ မြက်ရိုင်းတွေ၊ ခြုံပုတ်တွေ၊ ဆူးတွေ၊ ချိုင့်တွေ၊ ခဲလုံးတွေနဲ့ မညီမညာ ဖြစ်နေတဲ့ မြေပေါ်။ ကမူပေါ်။ လမ်းမဟုတ်တဲ့ မြေကြီးပေါ် စွတ်ပြေးနေရတာ။ သူများနောက် ကိုယ်က လိုက်သွားလိုက်။ ကိုယ့်နောက် သူများက လိုက်လာလိုက်။ ကြောက်စိတ်ရဲ့ ခေါ်ရာနောက် လွတ်မြောက်ချင်စိတ် တစ်ခုတည်းနဲ့ လွတ်မြောက်မယ်ထင်တဲ့ နေရာကို ပြေးနေရတာ။ လွတ်မြောက်မှာတဲ့လား။“ပြေးဟေ့ ပြေးကြ၊ ရှေ့တောင်ကုန်းကျော်ရင် လွတ်ပြီ။ ဟိုဘက်မှာ တိုက်ပွဲတွေ မရှိတော့ဘူး။ ဒီကြားထဲကအတိုင်း ပြေးကြ။ ပြေးကြ။”ဘယ်သူက လမ်းညွှန်နေတာလဲ မသိဘူး။ ဒါပေမဲ့ သူ့စကားကြားရတာ ဘာပဲဖြစ်ဖြစ် အားတက်စရာ ကောင်းတယ်။ လွတ်မြောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်။ အန္တရာယ်ကို ကျော်ဖြတ်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်။ သိပ်မဝေးလှတဲ့ တောင်ကုန်းကို သစ်ပင်တွေကြားက မြင်လိုက်။ ပျောက်သွားလိုက်။ တောင်ကုန်းရှိမယ့်နေရာကို မှန်းကာ အားထည့်ပြေးကြပြန်တယ်။အဘိုးလည်း မြေးလက်ကို တင်းတင်းထပ်ဆွဲပြီး အများတကာလို အားထည့်ပြေးတယ်။ အားထည့်ပေမယ့် အားကုန်စပြုနေတာကြောင့် ခရီးက သိပ်မတွင်လှဘူး။ “အဘိုး သမီးမောတယ်။ ရေလည်းဆာတယ်။ မပြေးချင်တော့ဘူး။” “ပြေးပါ မြေးလေးရာ၊ အဘိုးတို့ ဒီတစ်ကုန်းကျော်ရင် လွတ်တော့မှာ။ ပြေး။ မြေးလေးပြေး။ နည်းနည်းလေး အားထည့်ပြီး ပြေးနော်၊ ငါ့မြေးက လိမ္မာပါတယ်” အချော့ကြိုက်မြေးလေးက ဖျစ်ညှစ်ပြီး ပြေးပြန်တယ်။“ဟုတ်ပြီ။ ဟုတ်ပြီ ပြေး၊ ပြေး၊ ငါ့မြေးလေးက အပြေးသန်မှန်း ဖိုးဖိုးက သိပြီးသားပါ။ ပြေးပြေး”“ဒိုင်း” “အား”“ဟင် ဘိုးဘိုး ဘာဖြစ်တာလဲ။ ဘိုးဘိုး”အဖိုးဟာ ဆက်မပြေးနိုင်တော့ဘဲ မြေးလက်ကို ဆွဲလျက်သား ခွေကျသွားတယ်၊ အဘိုးရင်ဘတ်မှာ သွေးတွေ နီရဲနေတယ်။“အဟွတ်၊ အဟွတ်” အဘိုး ရင်ဘတ်ကိုဖိရင်း ဘေးစောင်းလဲကျသွားတယ်။ မြေးလက်ကို ဆုပ်ကိုင်ထားဆဲ။ မျက်လုံးက မြေးကို စူးစိုက်ကြည့်ဆဲ။“မြေးလေးဆက်ပြေး။ ဟိုတောင်ကုန်းတွေကြားထဲက ဟိုဘက်ကို ရောက်အောင်ပြေး။ ဘိုးဘိုးကို မစောင့်နဲ့တော့၊ ဘိုးဘိုး မလိုက်နိုင်တော့ဘူး”“မသွားဘူး။ ဘိုးဘိုးမပါပဲ မသွားဘူး။ ဘိုးဘိုးနဲ့ပဲ နေမယ်။ ဘိုးဘိုး ရအောင်လိုက်ခဲ့။ ဖိုးဖိုးထပါ။ သွားကြမယ်လေ ဘိုးဘိုးရဲ့။ ထပါ ဘိုးဘိုးရယ်။ သမီးကို တစ်ယောက်တည်း မသွားခိုင်းပါနဲ့။ ဘိုးဘိုးပါမှ သမီးသွားလို့ရမှာ။ ထပါ။ သွားကြမယ်လေ ဘိုးဘိုးရဲ့။ ထပါ ဖိုးဖိုးရယ်။ ထပါ။” အဘိုးကို ခေါ်မရတာကြောင့် ရုတ်တရက် မြေးလေးက မတ်တတ်ထရပ်လိုက်တယ်။ “ဘိုးဘိုးကို ဘယ်သူ သေနတ်နဲ့ ပစ်တာလဲ။ သမီး ဘိုးဘိုးက ဘယ်သူ့ကိုမှ ရန်မဖြစ်ဘဲနဲ့။ ဘိုးဘိုးကို ဘယ်သူပစ်လိုက်တာလဲ”အဘိုးက ခေါင်းကိုသာ ခါယမ်းပြနေတယ်။ အဘိုးအသက်ရှူ မမှန်တော့ဘူး။ ဒါပေမဲ့ အဘိုး သတိလက်မလွတ်အောင် ကြိုးစားနေတယ်။ မြေးလေးလွတ်မြောက်ဖို့ စကားတစ်ခွန်းပြောမှ ဖြစ်မယ်။ ဒီစကားကိုပြောဖို့ အားတွေ စုစည်းလိုက်တယ်။ နောက်ဆုံး ရှိသမျှအားနဲ့ တအားကျူံး အသားကုန် အော်ပြောလိုက်တယ်။
စစ်မြေပြင် တစ်ခုမှာ စစ်ဖြစ်ပွားတာကို ခံရတာဟာ တိုက်ခိုက်သူ နှစ်ဖက်တည်း၊ နှစ်ဖွဲ့တည်း၊ နှစ်ယောက်တည်း မဟုတ်ဘူး။ ဘုမသိ၊ ဘမသိ။ ဘာမဆိုင် ညာမဆိုင်။ အပြစ်မဲ့ ပြည်သူတွေ ခမျာလည်း စစ်ပွဲထဲကို ဆွဲထည့်ခံရတယ်။ မျက်စိမပါတဲ့ ကျည်ဆန်က တွေ့ရာ(လူ) အပြစ်မဲ့ ပြည်သူကို နှလုံးသားမဲ့စွာ သတ်ဖြတ်ပစ်တတ်တယ် . . . . .

“ကျုပ် မြေးလေးကို ခေါ်သွားကြပါ၊ ကျုပ်သူ့ကို မစောင့်ရှောက်နိုင်တော့ဘူး။ မြေးလေးကို လာခေါ်ကြပါ။ ခေါ်သွားကြပါ။ မြေးလေး ပြေးတော့။ မြေးလေး သွားတော့။”အသံကို အသားကုန် ထပ်မြှင့်လိုက်ပြီး“မြေးလေး၊ ပြေးတော့”“အဟွတ်၊ အဟွတ်”အဘိုးအသံလည်း တိုးဝင်သွားတယ်။ လူလည်း ငြိမ်ကျသွားတယ်။အဘိုးရဲ့ မချိမဆံ့ အော်သံနက်ကြီးကြောင့် လူအချို့က အဘိုးနားရောက်လာတယ်။ အဘိုးက သေနေပြီ။ မြေးက အဘိုးကို ဖက်ထားကာ ငိုနေဆဲ။ ပါးစပ်ကလည်း အဘိုးကို ဘယ်သူသတ်တာလဲ။ အဘိုးကို ဘယ်သူသတ်တာလဲ” တဖွဖွမေးကာ ငိုနေဆဲ။ အခြေအနေ ရိပ်စားမိတဲ့ လူတစ်ယောက်က မြေးလေးကို ဆွဲပွေ့ကာ တောင်ကုန်းရှိရာသို့ ဦးတည်ပြေးသွားတယ်။အဘိုးနဲ့မြေးတို့ နှစ်ယောက်ဟာ စစ်မြေပြင်နဲ့ လွတ်မြောက်ရာ ငြိမ်းချမ်းနယ်မြေဆီကို ပြေးထွက်လာတာ။ ဘယ်သူက လွတ်မြောက်သွားလဲ။ အဘိုးလား။ မြေးလား။ အဘိုးအနာဂါတ်က ပြီးဆုံးသွားခဲ့ပြီ။ မြေးအနာဂါတ်က ခုမှစမှာ။စစ်မြေပြင် တစ်ခုမှာ စစ်ဖြစ်ပွားတာကို ခံရတာဟာ တိုက်ခိုက်သူ နှစ်ဖက်တည်း၊ နှစ်ဖွဲ့တည်း၊ နှစ်ယောက်တည်း မဟုတ်ဘူး။ ဘုမသိ၊ ဘမသိ။ ဘာမဆိုင် ညာမဆိုင်။ အပြစ်မဲ့ ပြည်သူတွေ ခမျာလည်း စစ်ပွဲထဲကို ဆွဲထည့်ခံရတယ်။ မျက်စိမပါတဲ့ ကျည်ဆန်က တွေ့ရာ(လူ) အပြစ်မဲ့ ပြည်သူကို နှလုံးသားမဲ့စွာ သတ်ဖြတ်ပစ်တတ်တယ်။ အသတ်ခံရသူခမျာ ဘာအပြစ်မှ မရှိဘူး။ ဘယ်သူ့ကိုမှ မဆန့်ကျင်ဘူး။ ဘယ်သူ့ကိုမှ မထောက်ခံဘူး။ ကိုယ့်အိမ်ကိုယ့်ယာလေးမှာ အပြစ်ကင်းစွာ နေထိုင်ပါလျက် ရှေ့ကလာတဲ့ ကျည်ဆန်။ နောက်ကလာတဲ့ ကျည်ဆန်။ ဘယ်ကလာတဲ့ ကျည်ဆန်မှန်း မသိဘဲ။ ရှောင်မရဖြစ်ကာ အသက်ပေးကြရတယ်။စစ်တိုက်တာ၊ စစ်ဖြစ်တာဟာ ဘာအကြောင်းကြောင့်နဲ့မျှ မကောင်းဘူး။ တည်ငြိမ်စေချင်လို့ ပြောပြော၊ ငြိမ်းချမ်းရေးလိုချင်လို့ ပြောပြော၊ စစ်တိုက်တာဟာ ဥပဒေကို အကာအကွယ်ယူပြီး လူသတ်နေတာနဲ့ အတူတူပဲ။ အဘိုးကို ဘယ်သူသတ်တာလဲ။ ဘယ်ကလာမှန်း မသိတဲ့ အသိတရား မရှိတဲ့ ကျည်ဆန်က ဘယ်လိုရန်ငြိုးနဲ့ အဘိုးရင်ဝကို စူးဝင်ရတာလဲ။ မြေးလက်ကိုမှ မဆွဲနိုင်တော့တဲ့ ဘဝကို ဘယ်ကျည်ဆန်က တွန်းပို့လိုက်တာလဲ။ အသက်တွေနဲ့ ကျည်ဆန်တွေ လဲလှယ်နေတာဟာ စစ်ပွဲလား။ အဘိုးလို အပြစ်မဲ့ ပြည်သူတွေကို အသိတရားမဲ့ ကျည်ဆန်တွေက ဝါးမျိုစားသောက်နေတာဟာလည်းပဲ စစ်ပွဲတဲ့လား။စစ်ပွဲတွေကို မုန်းတယ်စစ်ပွဲတွေဟာ ချစ်သူတွေကိုလည်း ကွဲစေသလား။ အဘိုးနဲ့မြေးကို ဘာရန်ငြိုးနဲ့ ကွဲစေတာလဲ။ ငြိမ်းချမ်းရေးကိုမျှော်ရင်း စစ်ပွဲတွေကို နွှဲနေရဦးမှာလား။ ဘာပဲဖြစ်ဖြစ် အချစ်ပွဲတွေကို ကွဲကြေစေတဲ့ စစ်ပွဲတွေကို မုန်းတယ်။ အဘိုးတစ်ယောက် သေဆုံးသွားခြင်းဖြင့် ဘဝဟာ ပြီးဆုံးသွားပေမယ့် လူလားမမြောက်သေးတဲ့ မြေးမလေးဘ၀ ဘယ်လောက်ရင်လေးစရာ ကောင်းလိုက်သလဲ။ စစ်ပွဲဟာ လူတစ်ယောက်ရဲ့ အသက်ကိုသာမက ဘဝကိုပါ သတ်နေတာလား။ မုန်းစရာကောင်းတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းသော မေတ္တာတရား လွှမ်းမိုးသော မြန်မာနိုင်ငံတော်ကြီး ဖြစ်ထွန်းလာပါစေကြောင်း စစ်မြေပြင်မှာ ကျဆုံးသွားကြသူ အပေါင်းအား တိုင်တည်၍ ဆုတောင်းလိုက်ရပါတယ်။