အစိုးရအဖွဲ့အနေဖြင့် အမြဲတမ်းအတွင်းဝန်များထားရှိရန်ဆောင်ရွက်နေမှုများကို လွှတ်တော်သို့တင်ပြရန်လိုအပ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ထောက်ပြဆွေးနွေးသည်။ဒေါက်တာမြတ်ဉာဏစိုးက "ကျွန်တော်ဆွေးနွေးလိုတာကတော့ အမြဲတမ်းအတွင်းဝန်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်ပြန်တမ်းမှာ အစိုးရအဖွဲ့အစည်းရဲ့အကြီးအမှူးဆိုပြီးတော့ သုံးနေတာတွေ့ပါတယ်။ အကြီးအမှူးဆိုတာကတော့ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များပါ။ အမြဲတမ်းအတွင်းဝန်များထားဖို့ဆိုတာကို ပြည်ထောင်စုအစိုးရအဖွဲ့ကဆောင်ရွက်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ Political Post မှာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများထားရှိပြီးဖြစ်ပါတယ်။ ပါလီမန်အတွင်းဝန်ဆိုတာ ဟိုးအရင်ပါလီမန်ဒီမိုကရေစီခေတ် ၁၉၆၂ မတိုင်ခင်တုန်းကတော့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒုတိယဝန်ကြီးဆိုတာမရှိခဲ့ပါဘူး။ အုပ်ချုပ်ရေးစနစ်ကလည်း ဂျီအေလို့ခေါ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပဲ အကုန်လုံးကိုကိုင်ထားတာမျိုးဖြစ်ပါတယ်။ အဲဒီတုန်းကဝန်ကြီးရှိပါတယ်။ ပါလီမန်အတွင်းဝန်ရှိပါတယ်။ အမြဲတမ်းအတွင်းဝန်ရှိပါတယ်။ ပါလီမန်အတွင်းဝန်ဆိုတာကတော့ ဝန်ကြီးတစ်ယောက်နားသွားပြီဆိုရင် ဒီအစိုးရသက်တမ်းတစ်ခုမှာပါပဲ။ အမြဲတမ်းအတွင်းဝန်ဆိုတာကတော့ ကျန်နေခဲ့တာပါ" ဟုဆွေးနွေးသည်။၁၉၇၂ ခုနှစ်သည် စနစ်သစ်အုပ်ချုပ်ရေးပြောင်းလာသည့်အချိန်တွင် နိုင်ငံတော်ကောင်စီရှိလာကြောင်း၊ အစိုးရအဖွဲ့ပြီးသည့်အခါကျ လွှတ်တော်များ၊ နောက်တစ်ကြိမ် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ယခင်ကညွှန်ကြားရေးဝန်များနေရာတွင် ညွှန်ကြားရေးမှူးချုပ်များနှင့် ဖွဲ့စည်းပုံများကိုပြောင်းခဲ့ကြောင်း ဆွေးနွေးသည်။"သတိချပ်နိုင်အောင်တင်ပြလိုတာကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ နောက်ဆုံးတိုးချဲ့ခဲ့တဲ့ဝန်ကြီးဌာနဖြစ်တဲ့ မွေးရေဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၂၀ ပဲရှိပါတယ်။ အခုဟာက ဝန်ကြီးဌာနကလည်း ၃၆ ခုရှိနေပါပြီ။ ဒီ ၃၆ ခုမှာ ပါလီမန်အတွင်းဝန်တွေကိုခန့်ထားမယ်ဆိုရင် လက်ရှိ ကျွန်တော်တို့ ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ၊ အပေါ်မှာလည်း Political Post ဖြစ်တဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေရှိပါတယ်။ တစ်ခါ ကျွန်တော်လွှတ်တော်ထဲမှာလည်း ထောက်ပြဆွေးနွေးဖူးပါတယ်။ စူပါဝန်ကြီးများလို့ခေါ်ဆိုရမယ့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးခြောက်ပါးလည်း ရှိနေပါသေးတယ်။ ဒုတိယသမ္မတတွေနဲ့ သမ္မတကြီးလည်းရှိပါတယ်။ အဲဒီမှာမှ အမြဲတမ်းအတွင်းဝန်တစ်ဆင့်ဝင်လာတဲ့အခါကျရင် ဒါဟာ ဝန်ထမ်းအကြီးအမှူးဆိုပြီးတော့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဖွင့်ဆိုချက်နဲ့ ညီ မညီဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကပဲ ဆုံးဖြတ်ပေးရမှာပါ" ဟု ၎င်းကပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက "ကျွန်တော့်အနေနဲ့လေးနက်စွာတင်ပြလိုတာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ဒီလောက်အရေးကြီးတဲ့အုပ်ချုပ်ရေးစနစ်ကြီး ပြောင်းလဲနေတဲ့အချိန်မှာ ဒီကိစ္စရပ်ကြီးကို ဘာကြောင့်မို့ လွှတ်တော်ကိုမတင်ပြရတာလဲ။ ကျွန်တော်တို့လွှတ်တော်မှာ တစ်ခါမှတင်ပြခဲ့တာလည်းမရှိပါဘူး။ ပြီးတော့ အမျိုးသားစီမံကိန်းဥပဒေတွေ၊ နောက်ဆက်တွဲတွေမှာမပါပါဘူး။ ဒါကြောင့်မို့ ဒီကိစ္စရပ်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံးတော့ လွှတ်တော်ကိုတင်ပြပြီးတော့ ဆောင်ရွက်သင့်ပါတယ်" ဟုဆွေးနွေးသည်။စနစ်များရောထွေးနေ၍မရကြောင်း၊ ပါလီမန်ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ်နှင့် ပါလီမန်စနစ်ကိုသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် သမ္မတစနစ်နှင့် ပြည်ထောင်စုအဆင့်မှာသွားနေခြင်းဖြစ်ကြောင်း၊ စနစ်များကိုအကုန်ရောထွေးပြီးသုံးပါက အဆင့်များပိုလာမည်ဖြစ်ကြောင်း၊ ပိုပြီး ကြိုးနီစနစ်များ များလာနိုင်မည့်အနေအထားရှိလာနိုင်မည်ဟုတင်ပြလိုကြောင်း ၎င်းကပြောကြားသည်။
အစိုးရအဖွဲ့အနေဖြင့် အမြဲတမ်းအတွင်းဝန်များထားရှိရန်ဆောင်ရွက်နေမှုများ လွှတ်တော်သို့တင်ပြရန်လိုအပ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးထောက်ပြ