မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးများမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယမှ တင်သွင်းနေပြီး ၎င်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှ တင်သွင်းခြင်းဖြစ်ဟု ဆို

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးများမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယမှ တင်သွင်းနေပြီး ၎င်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှ တင်သွင်းခြင်းဖြစ်ဟု ဆို
Published 22 February 2015

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးအများစုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ယင်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း India Pharma & Healthcare Expo 2015 ပွဲတွင် ပြောကြားချက်များအရ သိရသည်။မြန်မာနိုင်ငံ၌ ဆေးဝါးတင်သွင်းမှုနှင့် ပတ်သက်ပြီး၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၄ သန်း ရှိခဲ့သည့်အတွက် သိသိသာသာ တိုးတက်များပြားခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ ဆေးဝါးများ တင်သွင်းရာတွင် တရားဝင် တင်သွင်းလာသည့် ဆေးဝါးများ ရှိသလို တစ်ဖက်တွင်လည်း မမှန်မကန် တင်သွင်းလာသည့် ဆေးဝါးများမြောက်များစွာ တွေ့နေရကြောင်းနှင့် နယ်စပ်များမှ မမှန်မကန် တင်သွင်းလာသည့် အဆင့်မမီသည့် ဆေးဝါးများ ဝင်ရောက်လာသည်ကိုလည်း တွေ့နေရကြောင်းလည်း သိရသည်။“မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်မှာရှိတဲ့ ဆေးဝါးတန်ဖိုးတွေရဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်လောက်က အိန္ဒိယနိုင်ငံက ဖြစ်နေပြီးတော့ အိန္ဒိယကနေ မြန်မာနိုင်ငံကို ဆေးဝါးတင်သွင်းမှုက ၄၅ ရာခိုင်နှုန်းကျော်လောက် ရှိနေပါတယ်။ အိန္ဒိယနိုင်ငံကနေ တင်သွင်းတဲ့ ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အဓိကအနေဖြင့် ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံမှာကတော့ ဆေးဝါးစက်ရုံ ခြောက်ခုရှိပြီးတော့ ဆေးဝါးတွေကို အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းကနေ တင်သွင်းပါတယ်” ဟု မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက ဆိုသည်။ထို့ပြင် မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ တရားဝင် ဆေးတင်သွင်းမှု များပြားကျယ်ပြန့်လာခြင်းနှင့်အတူ တရားမဝင် ဆေးတင်သွင်းမှုများလည်း တွင်ကျယ်လာပြီး ယင်းကဲ့သို့ တရားမဝင် တင်သွင်းထားသည့် ဆေးဝါးများမှာ အရည်အသွေးနိမ့်ပြီး ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများစွာ ရှိနေကြောင်းနှင့် လက်ရှိတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဈေးကွက်အတွင်း တရားမဝင် ဆေးဝါးများနှင့် မှတ်တင်ထားခြင်း မရှိသည့် ဆေးဝါးများအား စစ်ဆေးကာ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံမှ အာဆီယံဒေသတွင်း ဆေးပစ္စည်းအရည်အသွေး ကွပ်ကဲရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခု ၂၀၁၅ ခုနှစ်အတွင်း ဆေးပစ္စည်း စံချိန်စံညွှန်းနှင့် ပတ်သက်၍ စတင်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားဆေးဝါး ထုတ်လုပ်ခွင့်ကို ကန့်သတ်ထားပြီး ပြည်တွင်းလုပ်ငန်းရှင်များဖြင့်သာ အိမ်သုံးဆေးဝါးများ ထုတ်လုပ်ခွင့် ပြုခဲ့သော်လည်း မကြာမီက မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကဆေးရုံ တည်ဆောက်ခွင့် လုပ်ငန်းများအား ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် သာမက အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် အမေရိကနိုင်ငံများသို့ နှစ်စဉ် ကျန်းမာရေးအတွက် အရေးကြီးသည့် ဆေးဝါးများကို ထုတ်လုပ်တင်ပို့ နေရကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ဆေးဝါးတင်ပို့မှု၏ ၃၃ ရာခိုင်နှုန်းခန့်မှာ ယူကေနှင့် အမေရိကနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ကမ္ဘာပေါ်ရှိ ဆေးဝါးစက်ရုံများအနက် အိန္ဒိယနိုင်ငံသည် စတုတ္ထမြောက် အကြီးဆုံး ဆေးဝါးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဆေးဝါးဈေးကွက်တွင် နံပါတ် ၁ မှ ၅ နေရာအတွင်းတွင် ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent