ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက်အတွက် အမြင့်ဆုံး မဂ္ဂါဝပ် ၄၀၀ အထိ တိုးမြှင့်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေပြီး လာမည့်နွေရာသီတွင် လျှပ်စစ်မီး အပြည့်အ၀ ရရှိမည်ဟု ဆို

ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက်အတွက် အမြင့်ဆုံး မဂ္ဂါဝပ် ၄၀၀ အထိ တိုးမြှင့်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေပြီး လာမည့်နွေရာသီတွင် လျှပ်စစ်မီး အပြည့်အ၀ ရရှိမည်ဟု ဆို
Published 17 February 2015
နီလာ

ရန်ကုန်မြို့တွင် လိုအပ်နေသည့် လျှပ်စစ်လိုအပ်ချက်အတွက် အမြင့်ဆုံးမဂ္ဂါဝပ် ၄ဝဝ အထိ တိုးမြှင့်ဖြန့်ဖြူးနိုင်ရန် လက်ရှိအချိန်တွင် ဆောင်ရွက်နေပြီး လာမည့်နွေရာသီတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိသည်အထိ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။“လာမယ့် နွေရာသီမှာ ရန်ကုန်မြို့ကို လျှပ်စစ်အပြည့်အဝ ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မီးမပြတ်အောင် ပေးနိုင်ဖို့အတွက် အခုဆိုရင် ရန်ကုန်မှာ distribution လိုင်းတွေ transformer တွေ စတဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပါပြီ။ ရန်ကုန်ကို လျှပ်စစ်အပြည့်အဝ ပေးမယ်ဆိုရင် ပုံမှန်အားဖြင့် မဂ္ဂါဝပ် ၃ဝဝ နဲ့ ၄ဝဝ ကြား လိုအပ်ပါတယ်။ အများဆုံး ၄ဝဝ ပေါ့။ အနိမ့်ဆုံးက ၃ဝဝ အောက်ထစ် ရှိပါတယ်” ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။“လက်ရှိ ဆောင်ရွက်တွေထဲမှာ ဓာတ်အားထုတ်လုပ်တဲ့ အပိုင်းကလည်း ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေသလို ဓာတ်အားဖြန့်ဖြူးရေး အပိုင်းကလည်း ဖြန့်ဖြူးရေးလိုင်းကြော transformer တွေရော ပြင်ဆင်နေကြပါပြီ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ၂ဝ၁၅ ခုနှစ် နွေရာသီမှစ၍ အထက်ပေါင်းလောင်း အပါအဝင် အခြား Gas Turbine ရှစ်ခုတို့မှ နောက်ထပ်မဂ္ဂါဝပ် ၃ဝဝ ကျော် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ ထွက်ရှိနေသော ဓာတ်အားပေး စက်ရုံများ၏ ထုတ်လုပ်နိုင်မှုတွင် ၄၅၈ဝ မဂ္ဂါဝပ်ရှိနေပြီး စုစုပေါင်း ထပ်တိုးလာနိုင်သည့် ပမာဏ ၄၃၈ မဂ္ဂါဝပ်ရှိသည်ဟု အကြမ်းဖျင်းအားဖြင့် တွက်ဆနိုင်ကြောင်း၊ သို့သော် အနည်းဆုံး မဂ္ဂါဝပ် ၃ဝဝ ကျော် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။“လာမယ့် ၂ဝ၁၅ ခုနှစ်မှာ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကနေပြီးတော့ မဂ္ဂါဝပ် ၁၄ဝ လောက် ထုတ်ယူနိုင်မယ်။ နောက်ရွာမ EGAT ကနေပြီးတော့ မဂ္ဂါဝပ် ၂၄ဝ လောက် ထုတ်လုပ်နေတယ်။ Gas Turbine တစ်လုံးကို မဂ္ဂါဝပ် ၅ဝ လောက် ထပ်တိုးမယ်။ အဲဒါတွေကိုလည်း ၂ဝ၁၅ နွေရာသီအမီ ထပ်တိုးသွားမှာပါ။ ဆိုတော့ စုစုပေါင်းဆိုရင် မဂ္ဂါဝပ် ၄ဝဝ ကျော်လောက် ရှိတယ်။ မော်လမြိုင်မှာဆိုရင် Myanmar Lightinguae မဂ္ဂါဝပ် ၄ဝ လောက် ထပ်တိုးလာမယ်။ နောက် လှော်ကားဂန့်ဂူးက Myanmar Central Power ကို မဂ္ဂါဝပ် ၅ဝ ထပ်တိုးဖို့ လုပ်နေတယ်” ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အစိုးရ သစ်လက်ထက်၌ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် စသည်တို့မှ ထုတ်လုပ်ရရှိသမျှ စွမ်းအင်များကို ပြည်တွင်းသုံးအတွက် ဦးစားပေး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဇန်နဝါရီ ၂ဝ ရက် လှိုင်သာယာမြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားများ၏ လူမှုစီးပွား ဘဝမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားထားသည်။၂ဝ၁၄ ခုနှစ်အတွင်းက စက်မှုလုပ်ငန်းရှင်များ အနေဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိမှုမှာ ခြောက်လခန့်သာရှိကြောင်း၊ လေးလနီးပါးမှာ အချိန်ပိုင်းသာ မီးရကြောင်းနှင့် နွေရာသီ နှစ်လနီးပါးခန့်မှာ တစ်နေကုန် မီးပြတ်လေ့ရှိကြောင်းလည်း သိရသည်။ ထို့ပြင် အစိုးရမှ တစ်ယူနစ်လျှင် ၁၅ဝ ကျပ်ဖြင့် မီးပေးနေသော်လည်း မီးမလာသည့် အခါများတွင် မီးစက်နှင့် သုံးစွဲရသည့်အတွက် တစ်ယူနစ်ကို ၃ဝဝ ကျပ်ခန့်အထိ သုံးစွဲကာ လုပ်ငန်းများ လည်ပတ်လုပ်ကိုင်နေရကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ အာဆီယံဒေသအတွင်း ဈေးအမြင့်ဆုံး ဖြစ်နေသော်လည်း ပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိသေးကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

Most Read

Most Recent