မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ကို ထိုင်ဝမ်ကုမ္ပဏီ တစ်ခုက နိုင်ငံတကာအဆင့်မီမြို့ကြီး တည်ဆောက်ရန် လေ့လာနေ

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ကို ထိုင်ဝမ်ကုမ္ပဏီ တစ်ခုက နိုင်ငံတကာအဆင့်မီမြို့ကြီး တည်ဆောက်ရန် လေ့လာနေ
Published 17 February 2015
နွဲ့ယဉ်အေး၊ မြတ်စုနိုင်

မြန်မာနိုင်ငံ တောင်ပိုင်းရှိ မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ကို ထိုင်ဝမ်ကုမ္ပဏီ တစ်ခုမှ နိုင်ငံတကာအဆင့်မီ မြို့အဖြစ် တည်ဆောက်ရန် လာရောက်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ မြန်မာတိုင်းရင်းသားဝန်ကြီး ဦးသက်ဝင်း၏ ပြောကြားချက်အရ သိရသည်။အဆိုပါ ချောင်းဆုံမြို့နယ်ကို ဈေးဝယ်စင်တာ၊ လူနေတိုက်ခန်းများ၊ အိမ်ရာများ၊ အဆင့်မြင့်ကားလမ်း၊ စက်မှုဇုန်၊ ဆေးရုံနှင့် ဆိပ်ကမ်းများကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။“ဒီမွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို အဆင့်မီမြို့ကြီး ဖြစ်လာအောင် တည်ဆောက်ဖို့ ထိုင်ဝမ်က ကမ်းလှမ်းထားပါတယ်။ အခုက ကွင်းဆင်းလေ့လာဆဲ အဆင့်ပဲ ရှိသေးတော့ အကျိုးအမြတ် ခွဲဝေမှုကို မဆွေးနွေးရသေးပါဘူး။ ကွင်းဆင်းလေ့လာပြီးလို့ ဆုံးဖြတ်ပြီးမှ အစိုးရကို တင်ပြသွားပါမယ်။ မြေယာပိုင်ဆိုင်မှု ပြဿနာလေးတွေလည်း ရှိလာနိုင်ပါတယ်။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ဆိပ်ကမ်းအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းသွားမှာပါ” ဟု ဦးသက်ဝင်းက ပြောကြားသည်။ဘီလူးကျွန်းသည် အနံ ၁၅ မိုင်ခန့်၊ အလျား ၁၈ မိုင်ခန့်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၄ ဒသမ ၀၉၈ မိုင်ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေတွင် တည်ရှိသည်။“ဘယ်တော့ အကောင်အထည်ဖော်ဖြစ်မလဲ ဆိုတာတော့ အတိအကျ သူတို့ဘက်က မပြောသေးပါဘူး။ အကောင်အထည်ပေါ်သွားရင် ဒေသခံတွေအတွက်လည်း ကောင်းပါတယ်။ စက်မှုဇုန်တွေလည်း တိုးလာမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။တည်ဆောက်ရန် ကမ်းလှမ်းထားသည့် ထိုင်ဝမ်ကုမ္ပဏီ၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။“ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘူး ဆိုရင်တော့ ကျေနပ်ကြတာ များပါတယ်။ အခုဆို မော်လမြိုင်နဲ့ ဘီလူးကျွန်းကို ဆက်သွယ်မယ့် တံတားလည်း ဆောက်နေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာရင်တော့ တစ်ဖက်နိုင်ငံတွေမှာ သွားလုပ်နေကြတဲ့ သူတွေအတွက် လုပ်ခလစာတွေ ချိန်ထိုးကြည့်ပြီး မကွာဘူးဆို ပြန်လာကြမှာပါ။ လူနေမှုတွေ တိုးတက်လာတော့ ရှိရင်းစွဲ မွန်ဓလေ့၊ ယဉ်ကျေးမှုတွေ ပျောက်ကွယ်မှာကို နည်းနည်းစိုးရိမ်တာတော့ ရှိတာပေါ့” ဟု မွန်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ လူငယ်အများစုမှာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခအနေအထားများကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားစသည့် နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

Most Read

Most Recent