တရုတ်ဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပစ်ဖောက်ခွင့် ပြုထားမှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီးနောက် ပြန်လည်ပယ်ဖျက်

တရုတ်ဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပစ်ဖောက်ခွင့် ပြုထားမှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီးနောက် ပြန်လည်ပယ်ဖျက်
Published 15 February 2015
ဖြိုးဝေ

တရုတ်ဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပစ်ဖောက်ခွင့်ပြုထားမှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီးနောက် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။လက်ပံတောင်းတောင် စီမံကိန်းကို အကောင်အထည်ဖော်နေသည့် တရုတ်နိုင်ငံမှ မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများအား လက်နက်ကိုင်ဆောင်ခွင့်နှင့် ပစ်ခတ်ခွင့်ပြုထားကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီက ၂ဝ၁၄ ဩဂုတ် တတိယအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ အစီရင်ခံစာ (ESIA) ၏ အခန်း ၁၃ “လူမှုအဖွဲ့အစည်း၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်မှတ်သားခြင်း အစီအမံများ” တွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ အစီရင်ခံစာကို ဩစတြေးလျ အခြေစိုက် Knight Pie'Sold ကုမ္ပဏီက မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ရွေးချယ်မှုဖြင့် လက်ပံတောင်းတောင် ဒေသတစ်ဝိုက်တွင် လေ့လာမှုများ ပြုလုပ်၍ ရေးသားခဲ့ခြင်း ဖြစ်သည်။“အစီရင်ခံစာဆိုတာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပဲ ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ပဲ အကျုံးဝင်ရပါမယ်။ ဒါကြောင့် ဝမ်ပေါင်ကုမ္ပဏီကို လက်နက်ကိုင်ခွင့် ပေးထားတာကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ တင်ပြထားသလို ဝမ်ပေါင်အနေနဲ့လည်း လက်နက်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ဖို့အတွက် သဘောတူညီထားတယ်။ လက်နက်ကိုင်ဆောင်ခွင့်၊ ပစ်ဖောက်ခွင့်တွေက ESIA အစီရင်ခံစာနဲ့ ဘာမှမဆိုင်လို့ ပယ်ဖျက်ဖို့အတွက် အစိုးရအဖွဲ့ကို တင်ပြတော့ ပယ်ဖျက်ပေးလိုက်တယ်” ဟု ဦးလှမောင်သိန်းက ဆိုသည်။မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးများ လက်နက်ကိုင်ဆောင်ခွင့်၊ ပစ်ဖောက်ခွင့်နှင့် စပ်လျဉ်းသည့် အခွင့်အရေးများကို အခန်း ၁၃၊ အပိုင်း ၅ ဖြစ်သည့် “လူမှုအဖွဲ့အစည်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး” ဆိုသည့် အပိုင်း၏ လုံခြုံရေးနှင့် အင်အားသုံးခြင်း အပိုင်းတွင် ဖော်ပြခဲ့ပြီး မြန်မာဘာသာပြန်၏ စာမျက်နှာ ၄၈၃ တွင် ဖော်ပြထားခြင်းဖြစ်သည်။မြန်မာဝမ်ပေါင် ကုမ္ပဏီ (MW-MCL) လုံခြုံရေးနှင့် ပတ်သက်၍ “ခြိမ်းခြောက်နေသည့် ပမာဏနှင့် အခြေအနေ သဘာဝအရ ခုခံကာကွယ်ရမည့် အကြောင်းကိစ္စတို့တွင်လည်း လက်နက်ကိုင် အဖွဲ့နှင့်သာ အသုံးပြုရမည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။“လက်နက်ပစ်ဖောက်ခဲ့ရသည့် ဖြစ်ရပ်တိုင်းတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ပင်မရုံးသို့ ချက်ချင်း အစီရင်ခံ တင်ပြရမည်ဖြစ်ပြီး လုံခြုံရေး ဝန်ထမ်းများသည် ထိခိုက်ဒဏ်ရာ အနာတရ ရရှိသူ မည်သူ့ကိုမဆို တတ်နိုင်သမျှ စောစီးစွာ ဆေးဝါးကုသမှု အထောက်အပံ့များ ပေးရမည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။“လူမှုအဖွဲ့အစည်းများ၏ တိုင်ကြားချက်များအပေါ် ဆောင်ရွက်ပေးမှုတွင် ဒေသခံ လူမှုအဖွဲ့အစည်းတို့အား မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေး ဝန်ထမ်းများ လုံခြုံရေးဆိုင်ရာ စီစဉ်ထားမှု၊ အရေးယူ ဆောင်ရွက်မှုများနှင့် သက်ဆိုင်သော အချက်များကို ဖော်ထုတ်တင်ပြခွင့် ပြုပေးရမည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
အစီရင်ခံစာဆိုတာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပဲ ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ပဲ အကျုံးဝင်ရပါမယ်။ ဒါကြောင့် ဝမ်ပေါင်ကုမ္ပဏီကို လက်နက်ကိုင်ခွင့် ပေးထားတာကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ တင်ပြထားသလို ဝမ်ပေါင်အနေနဲ့လည်း လက်နက်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ဖို့အတွက်  . . . . .

“မြန်မာဝမ်ပေါင် ကုမ္ပဏီသည် မိမိ၏ လုံခြုံရေး ဝန်ထမ်းများ၏ ဥပဒေမဲ့ လုပ်ရပ်များ၊ မတရားပြုကျင့်မှုများအပေါ် ယုံကြည်နိုင်လောက်သော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး အဆိုပါဖြစ်ရပ်မျိုး ဆက်လက်မဖြစ်ပေါ်စေရန် ကာကွယ်မှုများ လုပ်ဆောင်သွားရမည့်အပြင် သင့်တော်သည့် အချိန်တွင် ဒေသအာဏာပိုင်များထံ အစီရင်ခံ တင်ပြရမည်” ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။“မြန်မာဝမ်ပေါင် ကုမ္ပဏီသည် လုပ်ငန်းလည်ပတ်ခြင်းများကို ကာကွယ်ရန် လူထု သို့မဟုတ် အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ အသုံးပြုရာတွင် တည်ဆဲ အပြည်ပြည်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ထားကြောင်း တာဝန်ခံရမည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။“မြန်မာဝမ်ပေါင် ကုမ္ပဏီသည် လုံခြုံရေးအပိုင်း ပံ့ပိုးသူများကို ကြိုးကြိုးစားစား ပြုမူဆက်ဆံသွားမည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု ဥပဒေအပေါ် ချိုးဖောက်ခြင်းများအတွက် ယခင်က တာဝန်ယူ ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းအုပ်စုများ၏ ဆောင်ရွက်ပေးခြင်းများအား အဟန့်အတား ဖြစ်စေမှုများကို ရှောင်ရှားသွားရမည်” ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။“မြန်မာဝမ်ပေါင် ကုမ္ပဏီသည် သက်ဆိုင်သော လက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် စပ်လျဉ်း၍ သင်တန်းများ ပံ့ပိုးပို့ချပေးပြီး သင့်လျော်သော ဆောင်ရွက်ပေးခြင်းများကို လုပ်သားများနှင့် လူ့အဖွဲ့အစည်းများကို ပြုလုပ်ပေးမည့်အပြင် လုံခြုံရေး ဝန်ထမ်းများကိုလည်း စည်းကမ်းစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်စေမည်” ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။လက်ပံတောင်းတောင် စီမံကိန်း ဝင်းအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်တစ်စီးကို တွေ့ရစဉ်
“မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေနှင့် ဒေသတွင်း ဥပဒေများကို လိုက်နာရမည် ဖြစ်သလို အပြည်ပြည်ဆိုင်ရာ ဥပဒေဖြင့် ပြဋ္ဌာန်းထားသော စံချိန်စံညွှန်းများကိုလည်း လေးစားလိုက်နာရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး သို့မှသာ လုပ်ငန်းလည်ပတ်ခြင်းတို့တွင် ဥပဒေအင်အားသုံးပြီး ဘေးကင်းလုံခြုံစေမည်ဖြစ်ကြောင်း” စသည့်အချက်များကို ဖော်ပြထားသည်။မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ရွေးချယ်မှုအရ လက်ပံတောင်းတောင် အစီရင်ခံစာကို Knight Pie'Sold ကုမ္ပဏီက ရေးသားပြီးနောက် ပြန်လည်သုံးသပ်ကာ မကြာမီ ပြည်သူများသိရှိရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦးလှမောင်သိန်းက ပြောကြားသည်။လက်ပံတောင်းတောင် စီမံကိန်းသည် စတင်လုပ်စဉ်ကပင် ကန့်ကွက်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရသည့် လက်ပံတောင်းတောင် စီမံကိန်းအတွက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ရာတွင် ဆန္ဒဖော်ထုတ်သူများအား မီးခိုးဗုံးဖြင့် နှိမ်နင်းခဲ့သဖြင့် ဆန္ဒဖော်ထုတ်သူ အချို့နှင့် သံဃာတော်များစွာ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ လက်ရှိတွင်လည်း ဒေသခံများ၏ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး တိုးမြှင့်ခတ်မှုကြောင့် ပဋိပက္ခဖြစ်ပွားရာမှ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လက်ရှိတွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကာအကွယ် ပေးနေပြီး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာသွားမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ Admin Manager နှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို Mr. Dong Yunfei က ဖြေကြားခဲ့သည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သတ္တုတူးဖော် ထုတ်လုပ်မည့် ကန့်သတ်ဘောင်အတွင်း ထွက်ရှိလာမည့် စွန့်ပစ်ကျောက် ပမာဏသည် တန်ချိန် ၉၄၆ သန်းဖြစ်ပြီး နှစ် ၂ဝ အတွင်း ထွက်ရှိလာမည့် စွန့်ပစ်ကျောက်ပမာဏ တန်ချိန် ၂၅၆ သန်းကို ဟင်းလင်းပွင့်ကျင်းတွင် စွန့်ပစ်၍ ကျန်စွန့်ပစ်ကျောက် တန်ချိန်သန်းပေါင်း (၆၉ဝ) ကို ဟင်းလင်းပွင့်ကျင်း အပြင်ဘက်တွင် စွန့်ပစ်မည်ဖြစ်ရာ ဇုန်၏ ဘူမိဓာတု ဂုဏ်သတ္တိအရ အက်စစ်ဖြစ်ထွန်းမှု မြင့်မားနိုင်ခြေရှိကာ အက်စစ်ဓာတ်ပြယ်ရန် အနည်းငယ်သာ စွမ်းဆောင်နိုင်မည် ဖြစ်သည်။