တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ယခုလအတွင်း ပြုလုပ်နိုင်ရေး ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ညှိနှိုင်းမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ယခုလအတွင်း ပြုလုပ်နိုင်ရေး ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ညှိနှိုင်းမည်
Published 15 February 2015

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့အကြား အပစ်ရပ်စဲရေး ညှိနှိုင်းမှု ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်နိုင်ရေး ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။၂ဝ၁၄ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည့် UPWC နှင့် NCCT တို့၏ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို လက်ရှိအချိန်အထိ ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်အကြား လုပ်ငန်းညှိနှိုင်းမှု ဆွေးနွေးပွဲများသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။UPWC အလုပ်အဖွဲ့ဖြစ်သည့် Myanmmar Peace Center မှ ဦးလှမောင်ရွှေက “အခု NCCT အဖွဲ့တွေ ချင်းမိုင်မှာ အစည်းအဝေး လုပ်ဖို့ပေါ့။ ထိုင်းဘက်ကိုလည်း ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံ ပေးထားတယ်။ သူတို့တွေက ၁၈ ရက်မှာ လုပ်ဖြစ်မယ်လို့ သိရတော့ ကျွန်တော်တို့ MPC အလုပ်အဖွဲ့ကိုလည်း ဖိတ်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့လည်း လိုအပ်တာတွေကို သွားတင်ပြပြီးတော့ အခု အစည်းအဝေးကတော့ ၂ဝ ရက်နောက်ပိုင်းမှ ဖြစ်နိုင်မယ်။ ကျွန်တော်တို့ ဘက်ကတော့ သေချာတယ်။ NCCT ဘက်ကတော့ စောင့်ရမယ်။ ကျွန်တော် ထင်တာကတော့ ရာခိုင်နှုန်း ၉ဝ လောက် ဒီလထဲမှာ သေချာပေါက် ဖြစ်မှာပါပဲ” ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းပါ ကွဲလွဲချက် အများစုမှာ နှစ်ဖက်အကြား သဘောတူညီမှု ရှိထားပြီး ကျန်နေသည့် အချက်များနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် NCCT ကိုယ်စားလှယ်များအကြား ဆွေးနွေးထားကြောင်း သိရသည်။   လက်ရှိတွင် အစိုးရက ဆွေးနွေးဘက်အဖြစ် အသိအမှတ် မပြုထားသော်လည်း NCCT တွင် အဖွဲ့ဝင် ကိုယ်စားလှယ်ပါဝင်မှု ရှိထားသည့် MNDAA (ကိုးကန့်အဖွဲ့) နှင့် အစိုးရတပ်မတော်တို့အကြား ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် အချက် ၁ဝ၃ ချက်ဖြင့် စတင်ညှိနှိုင်းခဲ့ရာ လက်ရှိတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်နေသေးကြောင်း သိရသည်။

Most Read

Most Recent