ပဲခူးမြို့ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တု ထားရှိသော ခြံဝင်းထဲ၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ သံဃာတော်ငါးပါးအား ဗိုလ်ချုပ်ချစ်သူများအဖွဲ့မှ သင်္ကန်းကပ်လှူ ရေစက်ချ အမျှဝေပြုလုပ်ခြင်းအား မြို့နယ်စည်ပင်မှ တားမြစ်သဖြင့် လမ်းမပလက်ဖောင်းပေါ်တွင်သာ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။ဗိုလ်ချုပ်ချစ်သူများ အဖွဲ့ကို အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များနှင့် ဗိုလ်ချုပ်အား ချစ်မြတ်နိုးသူ အခြားပြင်ပ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကာ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ဗိုလ်ချုပ်မြင်းစီးရုပ်တုသည် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရွှေမော်ဓောဘုရား လမ်းထောင့်တွင် တည်ရှိပြီး နေရာအကျယ်အဝန်း အနည်းငယ်သာ ရှိသော်လည်း သံဃာတော်ငါးပါးသာ ဖြစ်သောကြောင့် အဆိုပါနေရာအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၃ နာရီခန့်တွင် သန့်ရှင်းမှုများ ပြုလုပ်စဉ်က တားမြစ်ခြင်းမျိုး မရှိသည့်အပြင် ဝင်းတံခါးမှာလည်း သော့ခတ်ထားခြင်း မရှိဘဲ ဖွင့်ထားပြီး နံနက် ၆ နာရီခွဲခန့်တွင် သံဃာတော်များ ကြွရောက်လာချိန်ရောက်မှသာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ချစ်သူများ အဖွဲ့ဝင် NLD ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းဒန်က ပြောကြားသည်။“ဒါ စည်ပင်နေရာ ဖြစ်တယ်ပေါ့။ အဲတော့ ဒီထဲမှာ ခွင့်မပြုဘူးပေါ့။ ကျွန်တော်တို့က ပြောတယ်။ ဒါက ဗိုလ်ချုပ်အတွက် ကောင်းမှုကုသိုလ် လုပ်ပြီးတော့ ကျွန်တော်တို့က ရေစက်ချ တရားနာတာပေါ့နော်။ အဲဒါလည်း မရဘူး။ သူတို့က တားတာပေါ့နော်။ ဒီထဲမှာ မလုပ်နဲ့ပေါ့။ အခြားတားဆီးမှုတော့ မရှိဘူး” ဟု ဦးသိန်းဒန်က ပြောကြားသည်။ထို့ပြင် သံဃာတော်ငါးပါးအား သင်္ကန်းကပ်လှူဒါန်းခြင်းအပြင် အဆိုပါ ဗိုလ်ချုပ်မြင်းစီးရုပ် ခြံဝင်းအပြင်၌ သံဃာတော်အပါး ၁၀၀ နှင့် သီလရှင်ဆရာလေး အပါး ၁၀၀ တို့အား ဆွမ်းလောင်းလှူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ သံဃာတော်ငါးပါးကို အားနာတာပေါ့။ ဒါပေမဲ့ တောင်းပန်ပြီးတော့ လျှောက်လိုက်ရတာပေါ့။ ကျွန်တော်တို့က ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မှာ ဒါရှားရှားပါးပါး ကြုံတောင်ကြုံခဲပေါ့။ နောက်ပြီးတော့ ဗိုလ်ချုပ်က တစ်မျိုးသားလုံးအတွက် ကျေးဇူးရှိတယ်လေ။ ကျွန်တော်တို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ကို ရည်စူးပြီးတော့ အလှူအတန်း လုပ်တာပေါ့။ ဗိုလ်ချုပ်ဂုဏ်အင်္ဂါနဲ့ ထိုက်တန်အောင် လုပ်တာပေါ့။ သံဃာတော်တွေကလည်း လိုလိုလားလား လက်ခံတယ်။ အဲဒီအချိန်မှာ အခုလို လမ်းဘေးမှာ လုပ်လိုက်ရတာကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အပြင်ကို ဗိုလ်ချုပ်ရဲ့ သိက္ခာကိုပါ စော်ကားသလို ဖြစ်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်” ဟု ဦးသိန်းဒန်က ဆိုသည်။
ပဲခူးမြို့ ဗိုလ်ချုပ်မြင်းစီးရုပ်တု ခြံဝင်းထဲ၌ ဗိုလ်ချုပ်ကို ရည်စူး၍ သံဃာတော်များအား သင်္ကန်းကပ်လှူခြင်း မြို့နယ်စည်ပင်တားမြစ်၍ လမ်းမပေါ်တွင်သာ ပြုလုပ်ခဲ့ရ