ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နေပြည်တော်၌ ယနေ့တွေ့ဆုံမည်

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နေပြည်တော်၌ ယနေ့တွေ့ဆုံမည်
Published 12 February 2015
အောင်ဇော်ထွန်း

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နေပြည်တော်၌ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ် ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်မှ ခေါင်းဆောင်များနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်” ကို လက်မှတ်ထိုး နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၁ ရက်က ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုးနှင့် ဦးသန်းဌေးတို့ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် နေပြည်တော်၌ တွေ့ဆုံ၍ ညှိနှိုင်းမှုပြုလုပ် ခဲ့ကြကြောင်း သိရသည်။
Myanmar Peace Center မှ ဦးလှမောင်ရွှေက “ဒါက စာချုပ်မဟုတ်ဘူး။ ဒါကကောင်းမွန်တဲ့ဆန္ဒနဲ့ ငြိမ်းချမ်းရေးကို ဆက်ပြီးသွားကြမယ်။ နိုင်ငံရေးဆွေးနွေးပွဲ ရောက်လာလို့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပြီး သွားကြမယ်ဆိုရင် ခွန်အားဖြစ်တဲ့ အားလုံးကို တိုက်တွန်းနှိုးဆော်တဲ့ဟာပါပဲ။ တချို့တိုင်းရင်းသား အဖွဲ့တွေကတော့ ထိုးဖို့သဘောတူတယ်။ တချို့ကတော့ ဒီရောက်မှ ဒါကိုဆွေးနွေးပြီးတော့ ဒီအဓိပ္ပာယ်အချို့ကို သူတို့ဌာနချုပ်ကို ပြန်ပြီးတင်ပြမယ်လို့ ပြောတာပေါ့။ မနက်ဖြန် အခမ်းအနား ၁ဝ နာရီမှာစတဲ့ အချိန်ကျရင်တော့ သူတို့ထိုးဖို့ ဆုံးဖြတ်တဲ့သူတွေလည်း ထိုးနိုင်မှာပေါ့။ မထိုးရင်လည်း ဘာမှမဖြစ်ပါဘူး။ ဘယ်လောက်ထိုးမယ်ဆိုတာ မနက်ဖြန်တော့ တွေ့ရမှာပေါ့” ဟု ပြောကြားသည်။
“ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်” ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ယခုဖေဖော်ဝါရီ လလယ်တွင် တွေ့ဆုံညှိနှိုင်းမည်ဖြစ်သည်။
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အား အစိုးရက ဖိတ်ကြားထားရာ အစိုးရနှင့် အပစ်ရပ်စဲရေး မဆောင်ရွက်နိုင်သေးသည့် KIO နှင့် TNLA အဖွဲ့တို့မှာ မတက်ရောက်ဖြစ်ဟု တရားဝင်ပြန်ကြား ထားပြီးဖြစ်ကြောင်း၊ ထို့ပြင် KNPP အဖွဲ့ တက်ရောက်ရန်မှာလည်း မသေချာသေးကြောင်း သိရသည်။
“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်” ကို ကတိကဝတ်ပြု လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရထံသို့ အဆိုပြုခဲ့ရာ အဆိုပြုချက်မှာမူ နှစ်ဖက်ညှိနှိုင်း၍ မရခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနေ့တွင် လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်အား အထောက်အကူ ဖြစ်စေရန်အလို့ငှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား အမြန်ဆုံးလက်စသတ်၍ အတည်ပြု လက်မှတ်ထိုးနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပ၍ တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ အဖြေရှာနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လိုလားကြောင်း၊ သမ္မတဦးသိန်းစိန်၏ လစဉ်ရေဒီယိုမိန့်ခွန်းပါ“ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးသဘောတူညီချက်” ပါ အချက်ကို အခြေခံ၍ ကတိကဝတ်ပြု လက်မှတ်ထိုးနိုင်ရန် အဆိုပြုခဲ့ကြောင်း၊ အစိုးရဘက်ကလည်း ၎င်းတို့၏ အဆိုပြုမှုကို ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ နှစ်ဖက်အဆိုပြုချက်မှာ ကွဲလွဲနေသည့်အတွက် ပြည်ထောင်စုနေ့မတိုင်မီ ထပ်မံညှိနှိုင်းရန် သဘောတူနားလည်မှု ရခဲ့ကြောင်း၊ UNFC ကိုယ်စားလှယ်များစေလွှတ်၍ အစိုးရကိုယ်စားလှယ်များနှင့် အတူတကွ နေပြည်တော်၌ ညှိနှိုင်းရန် အကြောင်း ကြားခဲ့သော်လည်း လက်မခံခဲ့ဟု UNFC က ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
 
 
 

Most Read

Most Recent