၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းများ၏ခရီးသွားနေ့တွက်စရိတ်များ နစ်နာမှုမရှိစေရန်အတွက် နှုန်းထားအသစ်သတ်မှတ်ရန်စီစဉ်နေ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းများ၏ခရီးသွားနေ့တွက်စရိတ်များ နစ်နာမှုမရှိစေရန်အတွက် နှုန်းထားအသစ်သတ်မှတ်ရန်စီစဉ်နေ
Published 12 February 2015

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းများ၏ခရီးသွားနေ့တွက်စရိတ်များအား နစ်နာမှုမရှိစေရန်အတွက် နှုန်းထားအသစ်ပြောင်းလဲသတ်မှတ်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကပြောကြားသည်။ဖေဖော်ဝါရီ ၉ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးနိုင်ထွန်းအုံက ဝန်ထမ်းများခရီးသွားလာရာတွင် ခရီးသွားလာစရိတ်ကို သင့်လျော်သောနှုန်းထားအသစ်တစ်မျိုးဖြင့် ပြောင်းလဲသတ်မှတ်ပေးရန် မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးကဖြေကြားခဲ့သည်။ဒေါက်တာလင်းအောင်က "ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ တည်းခိုနေထိုင်စရိတ်အပါအဝင် ခရီးသွားနေ့တွက်စရိတ်နှုန်းကို ဝန်ထမ်းတွေနစ်နာမှုမရှိစေဖို့ စီစဉ်နေပါတယ်။ သင့်လျော်တဲ့နှုန်းထားအသစ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြောင်းလဲသတ်မှတ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟုပြောကြားသည်။နိုင်ငံ့ဝန်ထမ်းများခရီးသွားလာရာတွင် ယခင်နှုန်းထားအဟောင်းအတိုင်းမဟုတ်ဘဲ ဝန်ထမ်းများနစ်နာမှုမရှိသည့် သင့်လျော်သော ခရီးစရိတ်နှုန်းထားအဖြစ်ပြင်ဆင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြောင်းလဲလျက်ရှိသည့် လူနေမှုစရိတ်၊ လစာနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် ခရီးစရိတ်နှုန်းထားဖြစ်စေရန်အတွက် ယခင်ဘဏ္ဍာနှစ်တွင်သုံးစွဲခဲ့သည့် အသုံးစရိတ်များ ပြန်လည်စိစစ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၏သဘောထားများ၊ အကြံဉာဏ်များရယူကာ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးကဆိုသည်။အဆိုပါခရီးစရိတ်များအား အစိုးရအနေဖြင့် ခရီးသွားနေ့တွက်စရိတ်နှုန်းထားများကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ပေးလျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်မှုအရ ခရီးသွားနေ့တွက်စရိတ်ကို ကျပ် ၁၇၀၀ သို့ တိုးမြှင့်ပြင်ဆင်ပေးထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ဖြင့်သွားရောက်ရသည့် နယ်လှည့်ခရီးစရိတ်နှင့် ပြောင်းရွှေ့ခရီးစရိတ်များကို ဝန်ထမ်းကိုယ်တိုင်နှင့် ဝန်ထမ်းမိသားစုအတွက် အသုံးပြုသည့် လေယာဉ်ခ၊ မော်တော်ယာဉ်ခ၊ မီးရထား၊ သင်္ဘောခ  စသည့်ကုန်ကျစရိတ်များကို မြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေအရ အမှန်ကုန်ကျစရိတ်ကို ထုတ်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးကပြောကြားသည်။

Most Read

Most Recent