၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတပြီး အများယုံကြည်သည့် ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မည်

၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတပြီး အများယုံကြည်သည့် ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မည်
Published 10 February 2015
စိုးမင်းထိုက်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်သည့် ရွေးကောက်ပွဲ ဖြစ်ရန်အတွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးပေါလ်ထန်ထိုင်းက ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ ဆောင်ရွက်မည့် နည်းစနစ်၊ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “လွတ်လပ်၍ တရားမျှတပြီး အများယုံကြည် လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကိုပါ ဖိတ်ခေါ်ပြသ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
လွတ်လပ်၍ တရားမျှတပြီး အများယုံကြည် လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကိုပါ ဖိတ်ခေါ်ပြသ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် . . . . .

မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်း ပထမအဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ဒီဇင်ဘာအထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီအထိ လည်းကောင်း၊ တတိယအဆင့်ကို ဇန်နဝါရီမှ မတ်အထိ လည်းကောင်း၊ စတုတ္ထအဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီအထိ လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကွန်ပျူတာစနစ်ဖြင့် စာရင်းသွင်းခြင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ်၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရန် မဟာဗျူဟာ စီမံကိန်းကို ရည်မှန်းချက် ၁၂ ရပ် ထားရှိထားကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။ထို့ပြင် ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများက ပေးအပ်ထားသည့် တာဝန်သုံးရပ်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးရန်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်း၊ ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်မှုများကို အဆုံးအဖြတ်ပေးရန် စသည့်လုပ်ငန်းများကို မှန်ကန်မျှတပြီး ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။   

Most Read

Most Recent