၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ NLD ဖွဲ့စည်း

၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ NLD ဖွဲ့စည်း
Published 10 February 2015
ကျော်ဇင်ဝင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၉ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့အတွင်းရေးမှူးအဖြစ် ဗဟိုကော်မတီဝင် ဦးမောင်မောင်ဦးက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ထို့အပြင် အခြားအဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဒေါ်နန်းခင်ထွေးမြင့် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဦးမန်းဂျော်နီ (ဧရာဝတီတိုင်း)၊ ဒေါ်က်တာဒေါ်သန်းငွေ (ရှမ်းပြည်နယ်)၊ ဒေါက်တာတင်မျိုးဝင်း (တနင်္သာရီတိုင်း)၊ ဒေါ်ဝင်းမြမြ (မန္တလေးတိုင်း)၊ ဒေါ်ရှားမီး (စစ်ကိုင်းတိုင်း)၊ ဦးမြင့်ကြည် (စစ်ကိုင်းတိုင်း)၊ ဦးမောင်ကြွင်းအောင် (ရခိုင်ပြည်နယ်)၊ ဦးခင်ဝင်း (မကွေးတိုင်း)၊ ဒေါ်ကြူကြူသန်း (ကချင်ပြည်နယ်)၊ ဦးမင်းဦး (ပဲခူးတိုင်း)၊ ဒေါက်တာခင်ဆောင် (မွန်ပြည်နယ်)၊ ဒေါ်နွယ်နွယ်အောင် (မွန်ပြည်နယ်)၊ ဒေါက်တာစိုးမိုးသူ (ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ တာဝန်ခံ)၊ ကိုကျော်ဇေယျ (ဗဟိုလုပ်ငန်းအဖွဲ့ စည်းရုံးရေးမှူး)၊ ဦးသိန်းဦး (ဘဏ္ဍာရေးမှူး) တို့ပါဝင်ကြောင်း သိရသည်။“ကျွန်တော်တို့က အောင်နိုင်ရေးအဖွဲ့ပဲ ဖွဲ့ရသေးတယ်။ အောင်နိုင်ရေး အဖွဲ့ဝင်တွေကိုယ်တိုင် ပထမဦးဆုံးအကြိမ် အစည်းအဝေး မလုပ်ရသေးဘူး။ အစည်းအဝေး မလုပ်ရသေးတော့ ဘာမှကြိုပြောလို့ မရသေးဘူး။ အစည်းအဝေး လုပ်ပြီးမှ လုပ်ရမယ့် ပုံစံတွေက အချင်းချင်း ဆွေးနွေးပြီးမှ ဘယ်လိုလုပ်မလဲဆိုတာ စဆွေးနွေးရမှာဆိုတော့ အခုလောလောဆယ် ဘာတွေစတင် ဆောင်ရွက်မလဲဆိုတာ မပြောနိုင်သေးဘူး ဖြစ်နေတယ်” ဟု အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။သို့ရာတွင် ရွေးကောက်ပွဲရလဒ်အား ထိုစဉ်အချိန်က အာဏာသိမ်း စစ်အစိုးရက အကောင်အထည်ဖော်ပေးခြင်း မရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရကာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများစု ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် စစ်အစိုးရက အခြားပါတီဝင်များအား ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည့်အပြင် ပါတီရုံးခွဲများကိုလည်း ချိတ်ပိတ်မှုများ ပြုလုပ်ခဲ့သည်။ထို့နောက်နှစ် ၂၀ ကျော်ကြာမှ ပြန်လည်ကျင်းပသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံဟုဆိုကာ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသာ လက်ရှိပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ထိုသို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာမှအပ ကျန် ၄၃ နေရာလုံးတွင် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent