ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့် ပြုခြင်းကို လုံးလုံးလျားလျား ပယ်ဖျက်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ရန်ကုန်အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများ ထုတ်ပြန်

ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့် ပြုခြင်းကို လုံးလုံးလျားလျား ပယ်ဖျက်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ရန်ကုန်အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများ ထုတ်ပြန်
Published 10 February 2015
အောင်ဇော်ထွန်း

ယာယီသက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့် ပြုခြင်းကို လုံးလုံးလျားလျား ပယ်ဖျက်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ရန်ကုန်အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁ဝ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ယင်းကြေညာချက်နှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပူးပေါင်းဖွဲ့စည်းထားသည့် ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့် ပယ်ဖျက်ရေး ပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့သည်။ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က “ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများကို မဲပေးခွင့် ပေးထားခြင်းအပေါ် ဒါဟာ ဥပဒေအရရော၊ နိုင်ငံရေးသမိုင်းကြောင်း အရရော ဒါဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အမှားကြီးတွေ ဖြစ်တယ်။ ဒီအမှားမျိုးကို အရင် ဦးနုလက်ထက်က တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒုတိယအကြိမ် အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အနေနဲ့ သူတို့ရဲ့ မဲရရှိရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် မှားခဲ့တာ။ အခုလာမယ့် တတိယအကြိမ် ထပ်မှားမယ် ဆိုရင်တော့ သုံးကြိမ်မြောက် မှားမယ်ဆိုရင်တော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးလို့ ပြောချင်ပါတယ်။ ဒီအမှားမျိုးဟာ ကျွန်မတို့ ရခိုင်တွေရဲ့ ပြဿနာတင် မဟုတ်ဘူး။ ဒီနေ့ White Card ပြဿနာဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ တကယ့်ပြဿနာပါ” ဟု ပြောကြားသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မြန်မာတိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ အမျိုးဘာသာသာသနာ အကျိုးကို ပစ်ပယ်လျက် ရွေးကောက်ပွဲ အနိုင်ရရှိရေးဟူသည့် လူတစ်စုအတွက်သာ ရည်ရွယ်ရှေးရှု ဆောင်ရွက်နေကြသည့် အမျိုးသားနိုင်ငံရေး အမည်ခံ နိုင်ငံရေးသမား အချို့ကြောင့် ရခိုင်ပြည်နယ်တွင် ခိုးဝင်စစ်တကောင်းသား ဘင်္ဂါလီများ ကိစ္စသည် နိုင်ငံတော်၏ အရေးကိစ္စတစ်ခု ဖြစ်လာခဲ့သကဲ့သို့ နိုင်ငံခြားသားများကို မွေးစားထားမှုကြောင့် နိုင်ငံတော်တွင် အဖြူရောင်ကတ် (White Card) ကိုင်ဆောင်သည့် လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့ရကြောင်း ရခိုင်လူမှု အဖွဲ့အစည်းများ၏ ကြေညာချက်တွင် ပါရှိသည်။အဆိုပါ နိုင်ငံသားမဟုတ်သော နိုင်ငံခြားသား လူတန်းစား ‘မည်သည့်နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်းမရှိစေရ’ ဟု တံဆိပ်တပ်ထားသည့် အဖြူရောင်ကတ် (White Card) ကိုင်ဆောင်ထားသူများအား ဖေဖော်ဝါရီ ၂ ရက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ဒသမနေ့ အစည်းအဝေးမှ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် တိုင်းရင်းသား၊ နိုင်ငံသားများကဲ့သို့ အခွင့်အရေးပေးလျက် ဆန္ဒမဲပေးခွင့်ပြုရန် ဆုံးဖြတ်ခြင်းကို ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့်ပယ်ဖျက်ရေး ပူးပေါင်းကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ကြေညာခဲ့သည်။ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့် ပယ်ဖျက်ရေး ပူးပေါင်းကော်မတီက ဦးဆောင်၍ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent