နှောင့်နှေးနေတာ ဘာကြောင့်လဲ

နှောင့်နှေးနေတာ ဘာကြောင့်လဲ
Published 10 February 2015
မောင်တင်ဦး (မြောင်းမြ)

အချိန်ဆွဲ သီအိုရီလေယာဉ်ခရီးစဉ် Delay ဖြစ်တယ်ဆိုရင် ခရီးစဉ်များ ပျက်တော့မလားလို့ ခရီးသည်တွေ တွေးပူရတယ်။ Delay ဖြစ်တာကြောင့် ခရီးလမ်းက မဖြောင့်တော့ဘူး။ မျှော်သူတွေ မောပြီ။ တွေ့လိုသူတွေ ဆွေးရပြီ။ အစီအစဉ်တွေ ကမောက်ကမ။ ဆွဲထားတဲ့ Schedule တွေက အစအဆုံးပြန်ပြင်။ နှောင့်နှေးတာဟာ မကောင်းတဲ့ကိစ္စလို့ ဆိုရမှာ။ အချိန်တိကျတယ်။ အချိန်မှန်တယ်။ အချိန်မီတယ်။ ဒါတွေဟာ လူနာဆိုရင် လူ့အသက်ကို ကယ်နိုင်တယ်။ လူ့ဘဝဆိုရင် အောင်မြင်မှုကို ရနိုင်တယ်။မြန်မာ့နိုင်ငံရေးမှာ အချိန်ဆွဲတာ။ အချိန်လွဲတာကြောင့် ကျရှုံးခဲ့ရတာ အကြိမ်ကြိမ်ပါ။ ဒါကိုပဲ အောင်မြင်မှုအဖြစ် ခံယူနေသူတွေကလည်း အချိန်ဆွဲ သီအိုရီကို မိမိရရ ကိုင်စွဲကျင့်သုံး နေကြတုန်းပါ။ ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ၁၅ နှစ်ကြာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒမပါဘဲ စိတ်ကြိုက်ရေးဆွဲထားတာပါ။ ထို့အတူ ငါးလောင်းပြိုင်လူသတ်မှု၊ ကိုပါကြီးသေဆုံးမှု၊ ဒေါ်ခင်ဝင်း အသတ်ခံရမှု၊ ကချင်ဆရာမလေးနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှု စတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့အမှုတိုင်း နှောင့်နှေးကြန့်ကြာစမြဲ။ လူဆိုတဲ့ အမျိုးကလည်း ဖွတ်ပတတ်တွေလို မေ့လွယ်၊ ပျောက်လွယ်ပြီးလွယ်တဲ့အမျိုး မဟုတ်ပေလား။ သိပ်ကြာကြာ မစောင့်ရဘူး။ မေ့လိုက်ကြတာပဲ။ ဒါကို သိနေတဲ့သူတွေက (သိပ်စဉ်းစားစရာ မလိုဘူး) ဒီနည်းပဲ သုံးလိုက်တာပေါ့။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်၊ ကာလတစ်ခုနဲ့ တစ်ခုကြား ပြောင်းတော့မလို ဟန်ရေးပြလိုက် အချိန်ဆွဲလိုက် အာရုံပြောင်းလိုက်၊ မူပြောင်းသလိုလို၊ လူပြောင်းသလိုလိုနဲ့ ၂၀၁၅ ခုနှစ်ရောက်မှ နည်းနည်းလေး အသိဝင်လာပြီး ပြန်ဆန်းစစ်ကြည့်လိုက်တော့ ၁၉၆၂ ခုနှစ်ကအတိုင်းပဲ ရှိသေးတာ တွေ့လိုက်မြင်လိုက် သိလိုက်ရတယ်။ ၁၉၆၃ ခုနှစ် ဇူလိုင်လ ၇ ရက်က သ.ထ.က.သ အဆောက်အအုံကို ဖြိုခွဲလိုက်တယ်။အခု ၂၀၁၅ ခုနှစ် ကျောင်းသားတွေကို ဥပဒေနဲ့ ဖြိုခွဲဖို့ လုပ်နေတယ်။ အမျိုးသားပညာရေး ဥပဒေဆိုတဲ့ လက်နက်ကြီးနဲ့ပေါ့။ ၁၉၂၀ ပြည့်နှစ်က တက္ကသိုလ် အက်ဥပဒေကို သိနားလည်တဲ့၊ အမြင်ကျယ်တဲ့ နိုင်ငံချစ် ကျောင်းသားတွေက သပိတ်မှောက်ခဲ့တယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ဆိုပြီး သမိုင်းဝင် ကြွေးကြော်ခဲ့တယ်။ ယခုလည်း မရွေ့ခဲ့တဲ့ သမိုင်းက ခုမှစရွေ့ဖို့ ကြိုးပမ်းနေကြတုန်း။ ဒီသက်တမ်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အလှည့်အပြောင်းမျိုး ကြုံရတော့ရမလားရယ်လို့ စိတ်ထဲက ကျိတ်ပျော်ခဲ့တယ်။ ဇန်နဝါရီလ ၂၈ ရက်က အစိုးရက ကျောင်းသားများကို လမ်းဖွင့်ပေး ကမ်းလှမ်းကြိုဆိုကြောင်း သိလိုက်ရတယ်။ ကျောင်းသားတွေ တောင်းဆိုထားတဲ့အတိုင်း လေးပွင့်ဆိုင် တွေ့ဆုံဖို့ သဘောတူလိုက်ပြီး ဖေဖော်ဝါရီလ ၁ ရက် စိန်ရတုခန်းမမှာ တွေ့ကြဖို့ဖြစ်လာတယ်။ မင်္ဂလာသတင်း၊ ကြိုဆိုအပ်တဲ့သတင်းတွေဖြစ်လို့ တွေ့သမျှ လူတွေကို ထပ်ဆင့်ပြောရတာ မမောနိုင်၊ မပန်းနိုင်။ဒီလိုနဲ့ ဖေဖော်ဝါရီလ ၁ ရက် ရောက်လာတယ်။ လေးပွင့်ဆိုင်မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ တွေ့ကြတယ်။ မူလအစီအစဉ် ကိုးချက်ထဲမှာ ရှစ်ချက်ထိ သဘောတူလို့ ကျောင်းသားတွေရဲ့ ဝမ်းမြောက်တဲ့ စကားတွေ ကြားရတယ်။ ည ၇ နာရီထိ ကြာသည်အထိ အကျေအလည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ နောက် ဖေဖော်ဝါရီ ၃ ရက် ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျေနပ်စရာ မင်္ဂလာသတင်းတွေပါပဲ။
Delay ဖြစ်တာကြောင့် ခရီးလမ်းက မဖြောင့်တော့ဘူး။ မျှော်သူတွေ မောပြီ။ တွေ့လိုသူတွေ ဆွေးရပြီ။ အစီအစဉ်တွေ ကမောက်ကမ။ ဆွဲထားတဲ့ Schedule တွေက အစအဆုံးပြန်ပြင်။ နှောင့်နှေးတာဟာ မကောင်းတဲ့ကိစ္စလို့ ဆိုရမှာ . . . . .

ဒါပေမဲ့ စာစကားမှာ ‘ဒါပေမဲ့’ ဆိုတဲ့ စကားက သိပ်ကောင်းလှတဲ့ စကားတော့ မဟုတ်ဘူး။ ဆန့်ကျင်ဘက် အဓိပ္ပာယ်ကို ဖော်ဆောင်မယ်ဆိုတာ စာရှုသူ သိပြီးသားပါ။ဒါပေမဲ့ ဖေဖော်ဝါရီ ၃ ရက် အဖြစ်အပျက်က ပြည်သူတွေထင်ထားသလို မဟုတ်တော့။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကျောင်းသားများကို ခေါ်ပြောရာမှာ လက်ရှိဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှ ဆက်လက်ဆွေးနွေးမယ်။ ယခု ရပ်ဆိုင်းထားမယ့်သဘော ပြောလာတယ်။ ကျောင်းသားတွေ အနေနှင့် ဒီလိုမျိုးတွေ့ဆုံ ဆွေးနွေးဖြစ်အောင် ရက်ပေါင်း ၆၀ လည်း စောင့်ခဲ့တယ်။ ကျောင်းသားဆန္ဒကို နိုင်ငံတော်နဲ့ ပြည်သူများသိအောင် မန္တလေးမှ ရန်ကုန်သို့ ခြေကျင်လမ်းလျှောက် ဆန္ဒပြခဲ့တယ်။ လမ်းမှာ အတားအဆီးတွေ တွေ့ခဲ့တယ်။ ညအိပ်ရပ်နားဖို့နေရာ အခက်အခဲ ဖြစ်ခဲ့တယ်။ နိုင်ငံတော် အကြီးအကဲတွေက တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက အကြီးအကဲတွေ သဘောထားနဲ့ မညီတဲ့ တားမြစ်မှုတွေ လုပ်ခဲ့တယ်။ ဒါတွေဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် နည်းဗျူဟာကို ကျင့်သုံးနေသလို ဖြစ်နေတယ်။တကယ်ဖြေရှင်းချင်တဲ့ စိတ်ရင်းရှိကြရင် ဝေ့လည်လည် လုပ်စရာ မလိုပါဘူး။ အချိန်ဆွဲစရာ မလိုပါဘူး။ ဆွေးနွေးဖို့ရာ စိတ်အားထက်သန်နေတဲ့ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို နိုင်ငံတော်က ကြိုဆိုရမှာ။ ဆွေးနွေးပွဲ အရှိန်တက်လာရမှာ။ ဖြူစင်ရိုးသားပြီး လိုလားမှုကို ပွင့်ပွင့်လင်းလင်း တောင်းဆိုနေတဲ့ ကျောင်းသားတွေကို နိုင်ငံတော်က တည့်မတ်ပေးပြီး ထောက်ခံရမှာ။ဆိုတော့ ဥပါယ်တံမျဉ်လို ပရိယာယ်ဆင်တာမျိုး ကျောင်းသားကို မလုပ်သင့်ဘူး။ နှောင့်နှေးစေတာဟာ ရိုးသားမှု မဟုတ်ပါ။ နှောင့်နှေးနေတာကတစ်ဆင့် ငြင်းပယ်လိုက်မှာ စိုးရိမ်ရပါတယ်။ နိုင်ငံတော်ကို အနူးအညွတ် တိုက်တွန်းလိုတာက ဒီမိုကရေစီ ကျင့်သုံးကြောင်း ပြသနိုင်တဲ့ ဒီအခွင့်အရေးကို ပထမအကြိမ် လွှတ်တော်နဲ့ ၂၀၁၀ ပြည့်နှစ် ပထမဆုံး ဒီမိုကရေစီ အစိုးရတို့အတွက် ဒီမိုကရေစီ အစိုးရဖြစ်ကြောင်း နောက်ဆုံး ပြသနိုင်တဲ့ အခွင့်အရေး ဖြစ်လာတာကို အသုံးချလိုက်ပါ။ အဆင်သင့် မဖြစ်သေးလို့ နှောင့်နှေးနေသော်လည်း မငြင်းပယ်လိုက်နဲ့။ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းကြတော့မယ်ဆိုရင် တွေ့ဆုံညှိနှိုင်းဖြေရှင်းတဲ့ ယဉ်ကျေးမှုက မလွဲမသွေ ရှင်သန်ကျင့်သုံးနေရမှာပါ။ သဘောချင်း တူမျှတဲ့လူတွေ၊ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံညှိနှိုင်းရလိမ့်မယ်။ သဘောမတူသူ၊ အယူအဆ ကွဲလွဲသူတွေ၊ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံညှိနှိုင်းရဦးမှာပဲ။ တစ်နိုင်ငံတည်း နေထိုင်ကြမှတော့ တစ်ယောက်မျက်နှာ တစ်ယောက်တွေ့ဆုံနေရမှာ လွှဲရှောင်လို့ မရနိုင်ဘူး။စိတ်နှလုံး တုန်းတုန်းချလိုက်ရမှာက တွေ့ဆုံညှိနှိုင်း ဖြေရှင်းဖို့က ရှောင်လွှဲမရနိုင်တော့တဲ့ အတူတူ အမြန်ဆုံး တစ်နည်းဆိုရသော် နှောင့်နှေးခြင်း အလျှင်းမရှိဘဲ တွေ့လိုက်ကြရအောင်။ ဆုံလိုက်ကြရအောင်။ ညှိနှိုင်းလိုက်ကြရအောင်။ ပြည်သူတစ်ယောက် အနေနဲ့ လက်ဆွဲနှုတ်ဆက်နေတာ။ အပြုံးချင်း ဖလှယ်နေတာ၊ သဘောတူလက်မှတ် ရေးထိုးနေတာတွေကို တွေ့လို၊ မြင်လိုလှပါပြီ။ မြန်မာပြည်ကြီး ကဏ္ဍပေါင်းစုံမှာ ငြိမ်းချမ်းပါစေ။

Most Read

Most Recent