စောင့်လျက်ပါ မြသီတာ

စောင့်လျက်ပါ မြသီတာ
Published 10 February 2015
တက္ကသိုလ် မိုးဝါ

စောင့်နေလက်စနှင့် မြသီတာကိုတော့ စောင့်ရဦးမည်။ မြသီတာ မလာသေးသော်လည်း တစ်ချိန်ကျလျှင် မုချလာလိမ့်မည်မှာမလွဲ။ သို့သော် သူမလာချင်သောအချိန်နှင့် နေရာဒေသသို့သာလာပြီး အချို့နေရာဒေသသို့ လာချင်မှလာသည်။ ယင်းသည် သဘာဝတရားတစ်ခုဟု မှတ်ယူရပေမည်။
ဆောင်းအကုန် နွေအကူးဟု ပြောရမည် မှန်သော်လည်း ဆောင်းအအေးဓာတ် အငွေ့ အသက်ကလေးတော့  ကြွင်းကျန်နေသေးသည်။ နွေမပီပြင်သေးစေကာမူ အပူချိန်က နေ့လယ်နေ့ခင်းအတော်ပင် မြင့်မားသည်။ 
အပူချိန် ပြင်းထန်လာသဖြင့် ကောင်းကင်တစ်ပြင်လုံးမှုန်မှိုင်းပြီး ကြည့်လိုက်လျှင် အခိုးအငွေ့များ လွှင့်မျောနေသည်ဟု ထင်ရ၏။ ယင်းသည် မျက်စိလှည့်စားခံရခြင်းတစ်ခု ဖြစ်သည်။  သိပ္ပံပညာရှင်တို့၏ သုတေသန ပြုမှတ်တမ်းများအရ ၂ဝ၁၄ ခုနှစ်သည် သမိုင်းတစ်လျှောက် အပူဆုံးနှစ်အဖြစ် စံချိန်တင် မည့်နှစ်ဖြစ်သည် ဆိုသည်။ လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်မားသည်ထက်မြင့်မားလာသောကြောင့် ကမ္ဘာကြီး ပို၍ပူနွေးလာနေသည်ဆိုသည်။  ကမ္ဘာ ကြီးပူနွေးမှုကို ဖန်လုံအိမ်ဓာတ်ငွေ့က အဓိက ဖြစ်ပေါ်စေကြောင်းနှင့် ပင်လယ်ရေမျက်နှာပြင်၏ အပူချိန်သည်လည်း ၂ဝ၁၄ ခုနှစ်တွင် စံချိန်တင် မြင့်တက်လျက် ရှိသည်ဆိုသည်။
ပြီးတော့ အယ်လ်နီညို၏ အန္တရာယ်ကလည်း ဤနှစ်ထဲတွင် သက်ရောက်လိမ့်ဦးမည် ဟုဆိုသည်။ နွေနေ၏ အပူချိန်လွန်ကဲမှုကြောင့် ပုံမှန်အလယ်ပိုင်း မိုးနည်းရပ်ဝန်းဖြစ်သော အညာရပ်ဒေသတစ်ခုလုံးတွင် မုတ်သုံမိုးအဝင်နောက်ကျ၊ အထွက်စောကာ မိုးရေချိန်လျော့နည်း လာရန်ရှိသည်။ ဆည်ရေလျော့နည်း မလုံလောက်မှုကြောင့် စိုက်ပျိုးရေးကို ထိခိုက်စေသည့်ပြင်၊ အရေးကြီးသော သောက်သုံးရေ မလုံလောက်မှုသည် ဒေသခံတို့အတွက် အတိဒုက္ခရောက်စေသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ မိုးရေနှင့် မြေအောက်ရေအပါအဝင် ပြန်လည် ပြည့်တင်းနိုင်သော ရေပမာဏ အားလုံးထဲမှ သုံးစွဲမှုပမာဏသည် ၃ ရာခိုင်နှုန်းခန့်သာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတွက်ချက် ထားသည်ဆိုသည်။ သို့ပင်ဖြစ်လင့်ကစား ရေသယံဇာတ ပေါကြွယ်လှသော်လည်း အိမ်တိုင်ရာရောက် ရေရရှိရန် အလှမ်းဝေးနေသေးသည်။ ဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာတွင် စီမံခန့်ခွဲမှု အားနည်းလှသောကြောင့် ဖြစ်သည်။ အချို့ကျေးလက်တို့တွင် စက်ရေတွင်းများမှရေကိုကဲ့၍ လှည်းဖြင့် အဝေးသို့သယ်ယူရသည်။ အချို့စက်ရေတွင်းပင် နွေနေ၏ ပြင်းထန်သောအပူရှိန်ကြောင့် ခန်းကုန်သည်လည်းရှိသည်။
သီတာဟူသည်မှာ ရေဖြစ်သည်။ ပြီးတော့ မြသီတာသည် အေးမြသောရေ။  ရင် ကို အေးမြစေသောရေကို လူမှန်လျှင် နှစ် သက်လိုလားကြသည်ချည်း။ လူမဟုတ်သော လူကဲ့သို့ ကျင့်ကြံနေထိုင်ခြင်းမရှိသော သူတို့သည်ပင်လျှင် အေးမြသောရေကို လိုလားမည်သာဖြစ်သည်။ ယင်းသို့ ကိုယ်ကိုယ်တိုင်က ရေ၏အေးမြမှုအား မျှော်မှန်းတောင့်တ အရယူတတ်ကြစေကာမူ အများတကာအတွက် ရေအေးတစ်ခွက် မျှဝေရန် အခွင့်အလမ်း လုံးဝမဖန်တီးသည့်ပြင် ပိတ်ပင်တားဆီး ခဲ့ကြသေးသည်။  ယင်းမှာ ယခုမှမဟုတ် ဆယ်စုနှစ်များစွာ စဉ်ဆက်မပြတ် ကြုံတွေ့ခဲ့ရပြီးသည့် သမိုင်းအမွေဆိုးတစ်ရပ် ဖြစ်ခဲ့လေသည်။
စောင့်ရမောခဲ့
လွင့်မျောအတိတ်၊ ရိပ်ခနဲ ဖြတ်သွား
ရတက် ပွားစီး၊ ဘဝမီးကို
လောင်ညီးတတ်ဘိ၊ စွဲငြိပြီးသကာလ
ထိုမှ စလျက်
ထိရှ ဝေးလံ၊ ဘယ်ဌာန်ရပ်မှာ
မြသီတာ “သူ” ၊ မလာမူ၍
ပူငွေ့ဟပ်ကြာ၊ ပေါ်မလာချေ
ပျောက်ဆုံးနေသနည်း။
မိုးခေါင်ရေရှားသည့် အထက်အညာ ဒေသအပါအဝင် အခြားဒေသများတွင် ရေရှားပါးမှု၊ သောက်သုံးရေ မရရှိမှုတို့ကြောင့် ပြည်သူတို့ အတိဒုက္ခရောက်ကြသဖြင့် “မြသီတာ” ကိုမျှော်ပါသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။
လူ့ဘဝနှင့် နိုင်ငံရေးဘဝသည် တစ်ခါတစ်ရံ ထပ်တူထပ်မျှ ကျနေတတ်သည်ဟုလည်း ပြောကြသေးသည်။
ကမ္ဘာ့နိုင်ငံတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် စိန်ခေါ်ကစားပွဲတွင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေကြသည်။ နိုင်ငံရေး၊ စစ်ရေး ဗျူဟာတွင်လည်းကောင်း၊ ဝါဒရေးရာတွင် လည်းကောင်း၊ စီးပွားရေးယှဉ်ပြိုင်ရာတွင် လည်းကောင်း၊ ဦးရာလူ အနိုင် ယူစတမ်း၊ အင်အားကြီးသူက အင်အားချည့်နဲ့ သူအပေါ် အနိုင်ယူဖိနှိပ်စတမ်း စသဖြင့် ပြုမူနေကြ သည်။ နိုင်ငံတစ်ခုနှင့် တစ်ခုစိန်ခေါ် ကစားပွဲ ကျင်းပရုံမျှမက နိုင်ငံတစ်ခုအတွင်းမှာပင် နိုင်ငံရေးလှည့်စားမှု၊ အာဏာပြနှိပ်ကွပ်မှု၊ စာနာထောက်ထားမဲ့မှု စသည့် အမှုပေါင်း ထောင်သောင်းမကဖြင့် လိမ်လည်လှည့်ဖြား နေကြသည်။
အာဏာဇက်ကြိုးကို ထာဝရကိုင်စွဲထားချင်သူ အာဏာရှင်တို့သာလျှင် လှည့်ဖြားသူများ ပြည်သူများအပေါ် စေတနာမထားသူများ ဖြစ်သည်။ 
ယခု နွေနေ၏ ပူပြင်းနှိပ်စက်မှုဒဏ်ကို မိုးနည်းအရပ်ဒေသမှ လူအများ ခါးစည်း ခံစားနေရသလို မြို့ကြီးပြကြီး၌လည်း နွေနေ သည် ချမ်းသာမပေး။  အားလုံးသော လက် လုပ်လက်စားအခြေခံ လူတန်းစားများက မြသီတာကို တညီတညွတ်တည်း စောင့်မျှော်နေကြသည်။ ခံစားနေလျက်ရှိသောဒုက္ခမှ တဒင်္ဂတာဖြစ်ဖြစ် လွတ်ကင်းလိုကြသည်။ မွန်းတည့်ချိန်သာလျှင် အမြဲဖြစ်တည်နေသည့် ဤနိုင်ငံတွင် ကွန်းခိုရာအရိပ်ကို စမ်းတဝါးဝါး ရှာဖွေနေမိကြသည်။ စာရေးသူကတော့ လမ်းပေါ်ပြေးနေသော ဘတ်စ်ကားများ၊ မှတ်တိုင်များနှင့် နိမိတ်ပုံယူပြီး ခိုင်းနှိုင်းလိုက်မိသည်။
စောင့်ရမောပြန်၊ စင်္ကြံအောက်မှ
အခိုးကြွရိုက်၊ သွေးကြောလိုက်ပြီး
မဖြီးဆံထပ်၊ နေလျှပ်လျှပ်ပူ
ချွေးဆူစေးပိုင်၊ ကားမှတ်တိုင်မှာ
တစ်တိုင်ပြီးတစ်တိုင်၊
အပြိုင်ကျော်လွှား
အနားကပ် မရ၊
စောင့်ရ စိတ်လေး
အတွေးတက်သုတ်၊
အို - အဟုတ်ပဲ
ရုတ်ခြည်းရောက်သွား၊
ပန်းတိုင်လားဟင်။
ရွက်ဝါတွေ ပင်လုံးကျွတ်မျှ ကြွေကျ မြေခပါသော်လည်း ပင်စိမ်းရွက်နုတို့ မိုးကောင်းကင်သို့ တိုးလျက် ပင်လုံးပြည့်မျှ ဝေဆာလာဦးမည်မှာမလွဲ။ သို့စင်လျက် - မြသီတာကိုတော့ စောင့်ရဦးမည်။
ကာလ ကြာပြီ
ခွဲခွာတစ်ဆစ်၊ နှစ် အသင်္ချေ
ကြွေလည်းမကြွေ၊ ဝေလည်းမဝေ
စွေလည်းမစွေ၊ ရေလည်းမဖျန်း
ရော်ရမ်းတောင့်တ၊ အကြောင့်အကြနှင့်
စောင့်ရမောစွ မြသီတာ။      ။