ကျောင်းသားသပိတ်စစ်ကြောင်းနှင့်ပတ်သက်၍ အောက်တန်းကျသည့်လုပ်ရပ်မျိုးလုပ်ခဲ့မည်ဆိုလျှင် တိုင်းအစိုးရက လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြောကြား

ကျောင်းသားသပိတ်စစ်ကြောင်းနှင့်ပတ်သက်၍ အောက်တန်းကျသည့်လုပ်ရပ်မျိုးလုပ်ခဲ့မည်ဆိုလျှင် တိုင်းအစိုးရက လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြောကြား
Published 9 February 2015
အောင်ကျော်မျိုး (ဟင်္သာတ)

အောက်တန်းကျသည့်လုပ်ရပ်မျိုးလုပ်ခဲ့မည်ပါက တိုင်းအစိုးရမှလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဧရာဝတီသပိတ်စစ်ကြောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကပြောကြားခဲ့ကြောင်း သတင်းရရှိသည်။    တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ဆရာကြီးတို့က ဧရာဝတီသပိတ်စစ်ကြောင်းမှ ဦးစီးကော်မတီဝင် တက္ကသိုလ်နည်းပြဆရာ ဦးဝေယံအောင်နှင့် ကိုအောင်ခန့်ဇော်တို့နှစ်ဦးအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီခန့်မှစတင်ကာ တစ်နာရီခွဲကျော်ကြာတွေ့ဆုံခဲ့စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။    "သူတို့က ကျွန်တော်တို့ကိုတွေ့ဆုံဖို့ဆက်သွယ်တာပါ။ ကျွန်တော်မနေ့က မချောစုစံကိုပြန်ပို့တယ်ဆိုရင်ပဲ ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ဆရာကြီးက ကျွန်တော်ကိုဆက်သွယ်ပါတယ်။ သူကမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ကတွေ့မယ်ဆိုရင် တွေ့လို့ရနိုင်မလားပြောပါတယ်။ အဓိက,ကတော့ မချောစုစံကိုပြန်ပို့တဲ့အပေါ် ကျေးဇူးတင်စကားပြောရင်းနဲ့ စကားဆွေးနွေးဝိုင်းလေးလည်းလုပ်ချင်တယ်ပြောပါတယ်။ အောက်တန်းကျတဲ့အလုပ်မျိုး တိုင်းဒေသကြီးအစိုးရကမလုပ်ဘူးဆိုတာ ဝန်ကြီးချုပ်က ရဲရဲကြီးအာမခံပါတယ်ပေါ့။ လုပ်ခဲ့မယ်ဆိုရင်လည်း အဲဒါတိုင်းဒေသကြီးအစိုးရမဟုတ်ပါဘူးပေါ့။ သပိတ်စစ်ကြောင်းက ကျောင်းသား၊ ကျောင်းသူတွေအန္တရာယ်ကင်းရှင်းရေးကိုဦးတည်ပြီး ကျွန်တော်တို့ကိုပြောပါတယ်။ ပြီးတော့ ကလေးတွေမသွားချင်ရင် အတင်းအကြပ် ရန်ကုန်ကိုမခေါ်ဖို့ပြောတယ်။ နောက်တစ်ခုပြောတာက ဧရာဝတီတိုင်းအစိုးရက ဒီနေ့ဒီအချိန်အထိ သပိတ်စစ်ကြောင်းမှာ အနှောက်အယှက်မပေးခဲ့ပါဘူး။ အနှောက်အယှက်တွေဖြစ်နေတာကိုလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံးဝမသိပါဘူး။ အဲဒီလိုအောက်တန်းကျတဲ့အလုပ်မျိုးတွေမလုပ်ပါဘူးဆိုတာကို တိုင်းဒေသကြီး ဝန်ကြီးဦးဝင်းကိုကိုကပြောပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း အဲဒီကတိကိုပေးပါတယ်။ အခက်အခဲတွေတွေ့လာရင်လည်း Complain တက်ပါလို့ပြောပါတယ်" ဟု ဧရာဝတီသပိတ်စစ်ကြောင်း ဦးစီးကော်မတီဝင် ပုသိမ်နည်းပညာတက္ကသိုလ်နည်းပြဆရာ ဦးဝေယံအောင်ကပြောကြားသည်။    "လက်တွေ့မှာက ကျောင်းသားတွေကြားမှာ ကျောင်းသားအယောင်ဆောင် လက်ပတ်တွေ၊ ခေါင်းပတ်တွေနဲ့ဝင်လာတာတွေ့တယ်။ ကော်မတီကတ်အတုတစ်ခုမိတာရှိတယ်။ အခြားသောပါတီကြီးတစ်ခုက ပါတီဝင်တွေ ညောင်တုန်းမြို့မှာ ကျောင်းသားတွေနဲ့ရောပြီးချီတက်ဖို့ကြိုးစားတာလည်း တွေ့ရတယ်။ ဘုန်းကြီးကျောင်းတွေကိုတားဆီးတာတွေကြုံရတယ်။ အဲဒါတွေကို ပန်းတနော်မြို့မှာ တိုင်းဝန်ကြီးတွေနဲ့တွေ့တုန်းမှာလည်း ကျေကျေလည်လည်ပြောခဲ့ပြီးပါပြီ။ အစပိုင်းကတော့ သူတို့မသိပါဘူး။ ဒီနေ့သိပြီဖြစ်တဲ့အတွက် အစစအရာရာအဆင်ပြေအောင် သူတို့လိုက်ပြီးစောင့်ရှောက်မယ်လို့ပြောပါတယ်။ ဝန်ကြီးချုပ်ကိုလည်း ဒီလိုကြုံနေရတာတွေကိုထပ်ပြောခဲ့ပါတယ်။ နောက်တစ်ခါထပ်ကြုံလာဦးမယ်ဆိုရင်တော့ ဝန်ကြီးချုပ်ပြောထားတဲ့အတိုင်း တွေ့တဲ့နေရာမှာပဲ Complain တက်မယ်လို့စိတ်ကူးထားပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။    ထိုသို့တွေ့ဆုံစဉ် ဧရာဝတီသပိတ်စစ်ကြောင်းမှ ကျောင်းသားတွေအနေဖြင့် မည်သို့သောအချက်များရလျှင် သပိတ်လှန်နိုင်ပါမည်နည်း။ ထိုသို့သောအချက်တွေများရှိခဲ့ပါလျှင် တိုင်းဒေသကြီးအစိုးရသည် သပိတ်အပေါ်ထောက်ခံသည်၊ မထောက်ခံသည်ဆိုခြင်းအစား သပိတ်စစ်ကြောင်း၏သဘောထားကို ပြည်ထောင်စုအစိုးရထံတင်ပြပေးမည်ဟု အစိုးရဘက်မှပြောကြားခဲ့သည်ဟု သိရသည်။    "ကျွန်တော်တို့ဘက်ကတော့ ကျောင်းသားထုသဘောတူထားတဲ့ ၁၁ ချက်ကို ကျောင်းသားကိုယ်စားလှယ်တွေ သဘောတူနိုင်တဲ့ ရာခိုင်နှုန်းတစ်ခုထိရဖို့၊  ဆွေးနွေးပွဲတွေကိုလည်း ခိုင်မာတဲ့ကတိကဝတ်တွေနဲ့အတူ အစိုးရကပြန်လည်ကျင်းပပေးဖို့ အဲဒီအချက်တွေရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီသပိတ်ကိုလှန်မယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေကိုကတိပေးတဲ့အတိုင်း ဒီအတိုင်းပဲပြန်ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ကြားမှာ ထုတ်ပြန်လို့မရတဲ့ သူပေးတဲ့ Message အချို့လည်းရှိပါတယ်။ အစိုးရအဖွဲ့ဘက်က သိသိသာသာအကူအညီပေးခြင်းမဟုတ်ပေမယ့်လည်း သူတို့တွေက တတ်နိုင်သလောက် နောက်ကွယ်ကကူညီမှုတွေပေးနေပါတယ်။ အနှောက်အယှက်ကတော့ လုံးဝတစ်စုံတစ်ရာမပေးပါဘူးလို့ပြောပါတယ်" ဟု ဦးဝေယံအောင်ကဆိုသည်။    ဧရာဝတီသပိတ်စစ်ကြောင်းအား ရွှေညဝါဆရာတော်ကြီးလာရောက်တွေ့ဆုံခဲ့စဉ်က ရဲတပ်ဖွဲ့ဝင်များကို ပြည်ထဲရေးဝန်ကြီးဌာနထက် တပ်မတော်က တိုက်ရိုက်ကိုင်တွယ်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မိန့်ကြားခဲ့ပြီး အဆိုပါမိန့်ကြားမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်သားခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် တစ်စုံတစ်ရာမှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent