၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သစ်တွင် စီးကရက်၊ အရက်၊ ဘီယာ အပါအဝင် အထူးကုန်စည် ကိုးမျိုးကို လက်ရှိအခွန်နှုန်းထားထက် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ ထပ်တိုးကောက်ခံမည်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သစ်တွင် စီးကရက်၊ အရက်၊ ဘီယာ အပါအဝင် အထူးကုန်စည် ကိုးမျိုးကို လက်ရှိအခွန်နှုန်းထားထက် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ ထပ်တိုးကောက်ခံမည်
Published 9 February 2015
ပြည့်စုံအောင်

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်သစ်တွင် ဆေးလိပ်၊ အရက် အပါအဝင် အထူးကုန်စည် ကိုးမျိုးကို လက်ရှိ အခွန်နှုန်းထားများထက် ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂ဝ အထိ ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ရန် ချပြထားပြီး ၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်သည်။အဆိုပါ ဥပဒေကြမ်းအရ ဘဏ္ဍာနှစ်သစ်တွင် အထူးကုန်စည် ၁၈ မျိုးတွင် စီးကရက်ကို လက်ရှိကောက်ခံနေသည့်နှုန်းထားထက် ရာခိုင်နှုန်း ၂ဝ ၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးကို လက်ရှိနှုန်းထားထက် ၁ဝ ရာခိုင်နှုန်း ထပ်တိုးကောက်ခံသွားမည် ဖြစ်သည်။သို့သော် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များနှင့် လက်ဝတ်ရတနာများကို လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားထက် ၁ဝ ရာခိုင်နှုန်း၊ အရိုင်းထည်များအား ၁၅ ရာခိုင်နှုန်း လျှော့ချထားပြီး ကျန်ကုန်စည်များအား လက်ရှိ အခွန်နှုန်းထားအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။အထူးကုန်စည် ၁၈ မျိုးမှာ စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် ဆေးတံအမျိုးမျိုး၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေး (မူစကီး)၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ၊ သစ်မာသစ်လုံးနှင့် သစ်ခွဲသားများ၊ ကျောက်စိမ်းနှင့် အခြားအဖိုးတန်ကျောက်များ၊ အပေါ့စားဘင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် အပေ့ါစားဝက်ဂွန်ကားများ၊ Coupe ကားများ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီနှင့် သဘာဝဓာတ်ငွေ့တို့ ဖြစ်သည်။အဆိုပါကုန်စည်များမှာ တစ်မျိုးမျိုးကို နိုင်ငံတော်အတွင်း ထုတ်လုပ်ရောင်းချခြင်းပြုပါက ရောင်းရငွေပေါ်တွင် လည်းကောင်း၊ ပြည်ပမှ တင်သွင်းပါက ကုန်းပေါ်အရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း အဆိုပါ အခွန်နှုန်းထားဖြင့် ပေးဆောင်ရမည်ဟု သိရသည်။၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအရ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်မှ အခွန်ငွေ ကျပ် ဘီလျံ ၆ဝဝဝ နီးပါး ကောက်ခံရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာနှစ်ထက် ကျပ် ဘီလျံ ၁ဝဝဝ ကျော် အခွန်လျာထားချက် ပိုများနေကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းအရ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၂၅၇၉ ဒသမ ၉၉၃ ဘီလျံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၂၁၃၅ ဒသမ ၄၃၄ ဘီလျံ၊ အကောက်ခွန် ကျပ် ၃၇၅ ဘီလျံနှင့် နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၈၅၇ ဒသမ ၉၄၇ဘီလျံ အခွန်ငွေစုစုပေါင်း ကျပ်  ၅၉၄၈ ဒသမ ၃၇၅ဘီလျံကောက်ခံရန် လျာထားကြောင်း သိရသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဒီဇင်ဘာလကုန်တွင် လျာထားချက်၏ ရာခိုင်နှုန်း ၇ဝ ကောက်ခံရရှိထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံရမည့် လျာထားချက်ကို ဘဏ္ဍာနှစ်ကုန်တွင် ပြည့်မီအောင် ကောက်ခံနိုင်ဖြစ်ကြောင်း သိရသည်။“ဘဏ္ဍာနှစ်ကုန်ခါနီး ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ အခွန်တွေ လှိမ့်ဝင်တတ်ပါတယ်။ အခု တွန်းအားပေးပြီးလည်း လုပ်နေတယ်။ သဘောသဘာဝအရတော့  ဒီလတွေမှာ အခွန်တွေ ပိုဝင်တတ်ပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ 

Most Read

Most Recent