လက်ဖက်ရည်ဆိုင်တွင် ထိုင်မိတော့ ကိုဘသစ်ကို မေးရသည်။“ကိုဘသစ် ဘာစားချင်လဲ”“နံပြားထောပတ်သုတ်”ထို့ကြောင့် ကျွန်တော်က စားပွဲထိုးကိုခေါ်ပြီး “လက်ဖက်ရည်ကျ ဆိမ့်တစ်ခွက်၊ ပုံမှန်တစ်ခွက်၊ ပြီးတော့ နံထောတစ်ပွဲ”ဟု မှာလိုက်ပါသည်။အဲဒီနောက်တော့ ထုံးစံအတိုင်း ကိုဘသစ်က စပြောတော့သည်။“ဆရာညိုရေ ဗိုလ်ချုပ်အောင်ဆန်းက ပဲပြုတ်နံပြားစားချင်တယ်ဆိုကို သတိရတယ်”“သတိရစရာ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်စကားကို ကြားရတာ ဘယ်နေရာမဆို အားရှိတယ်”“ဗိုလ်ချုပ်မွေးနေ့ နှစ်တစ်ရာပွဲက နတ်မောက်မှာ လုပ်ကြမယ်တဲ့။ အဲဒီမှာ ပဲပြုတ်နဲ့ နံပြားကျွေးမယ်တဲ့”“ဟုတ်ကဲ့။ ပဲတွေ နံပြားတွေ အများကြီးကုန်မှာပဲနော်”“ပဲ ပိဿာ ၃ဝဝ ဆီ ပိဿာ ၁ဝဝ နဲ့ဂျုံ ၂၅ အိတ် လှူထားတယ်တဲ့၊ ၇ ရက်ကစပြီး ခုနစ်ရက် ခုနစ်လီ ကျွေးမွေးမယ်တဲ့”“ဒီစာလေးဟာ ဗိုလ်ချုပ်ကိုချစ်တဲ့ ပြည်သူတွေအတွက် ရင်ဘတ်ကြီးထဲ ရောက်သွားစေတဲ့ စကားတွေပါပဲ”“ဟုတ်ပါတယ်။ ဒါမျိုးကို လုပ်ခွင့်ရလို့ကတော့ တစ်ပြည်လုံးကို လုပ်ကြမှာပါပဲ”“ကျွန်တော် ငယ်ငယ်က အမေ နံနက်စာပြင်ပေးတာကို သတိရတယ်”“အမေငယ်ငယ်က အဒေါ်နဲ့ နေရတယ်။ အဒေါ်ရဲ့ ခင်ပွန်းက အင်္ဂလိပ်လူမျိုး။ နမ္မတူဘော်တွင်းက အရာရှိပေါ့။ အမေတို့က ကလေးတွေပေါ့။ အမေတို့က ရှမ်းလူမျိုးပါ။ နမ္မတူကနေ ကလောမှာ ကျောင်းသွားတက်ရတယ်။ ဒီတော့ အမေက အင်္ဂလိပ်တွေစားတဲ့ နံနက်စာမျိုးကို သဘောကျတယ်။ အဖေနဲ့ အိမ်ထောင်ကတော့ အဖေက လက်ဖက်ရည်နဲ့ နံပြား ကြိုက်တယ်။ ပဲပြုတ်နဲ့တော့ မဟုတ်ဘူး။ လက်ဖက်ရည်နဲ့ တို့စားတယ်။ ကျွန်တော်တို့ ဘုရားကြီးကုန်းမှာ နံပြားဖိုတွေ ရှိတယ်။ နံပြားလို့ မခေါ်ဘူး။ “ရွတ်တီ”လို့ ခေါ်တယ်။ ရန်ကုန်ရောက်မှာ အားလုံးက နံပြားခေါ်တာကို သိရတာကိုး”“ဘာလို့ “ရွတ်တီ” လို့ ခေါ်တာလဲ”“ကျွန်တော် အင်္ဂလန်ရောက်တော့ အိန္ဒိယသားတွေနဲ့ မိတ်ဆွေဖြစ်တယ်။ သူတို့က ဒံပေါက်ကျွေးတယ်။ ဒံပေါက်ကို သူတို့က ဘရာယနီလို့ ခေါ်တယ်။ ဒါနဲ့ သူတို့ကို မေးကြည့်တယ်။ ရွတ်တီရော သိလားဆိုတော့ သူတို့က နံရွတ်တီလို့ ခေါ်တယ်ဆိုတာကို ပြောပြပြီး နောက်ရက်တွေမှာ နံပြားလာကျွေးတယ်”“ဒါဆိုရင် နံပြားဆိုတာ မုန့်အပြားပေါ့ ဟုတ်လား”“မှန်တယ်၊ မြန်မာမှုပြုထားတာ အင်မတန်ကောင်းတာပါပဲ၊ ဦးနေဝင်းလည်း ဒီလိုပဲ မုန့်တွေကို မြန်မာမှုပြုဖို့ ကြိုးစားသေးတယ်”“ဟုတ်လား၊ ဘယ်မုန့်ကိုလဲ”“သူက အီကြာကွေးကို မြန်မာမှုပြုဖို့ ကြိုးစားတယ်”“အီကြာကွေးဆိုတာ တရုတ်လို အီကြာလို့ပဲ ခေါ်တယ်။ တရုတ်ပြည်မ ရောက်ရင်တောင် ထိုင်းတို့ ကမ္ဘောဒီးယားတို့မှာ အီကြာကွေးကို အီကြာဆိုပြီး မှာစားလို့ရတာပဲ၊ သူက မြန်မာမှုပြုဖို့ ဘယ်လိုကြိုးစားလဲ”“ဂျူံရှည်ကျော်”လို့ခေါ်ရင် ရတာပဲလို့ပြောတယ်။ တစ်ရက် ဟိုတယ်က နံနက်စာစာရင်း (menu) မှာ ဂျူံ ရှည်ကျော်ဆိုပြီး ပါလာတယ်။ ဒါနဲ့ သူက အဲဒါဘာလဲဆိုပြီး မေးတယ်။အီကြာကွေးဆိုတော့မှ သူ မျက်လုံးပြူးသွားတယ်။ ဒါနဲ့ အဲဒီ နာမည် ဖြစ်မလာတော့ပါဘူး”“ဩဇာတည်တဲ့သူတွေကျတော့လည်း သူတို့ လုပ်လိုက်တာတွေဟာ လူတွေသုံးလာတဲ့ နာမည်တွေ ဖြစ်လာတယ်။ ဥပမာ အလောင်းစည်သူမင်း ဆိုပါတော့ သူဟာ ဘယ်တော့မှ မဖျားမနာဘူး။ ဒါပေမဲ့ သူ့ရှေ့မှာ ချေတာတို့ သမ်းတာတို့ကိုတွေ့ရင် တွေ့ကရာနဲ့ ကောက်ပေါက်တတ်တယ်။ ဒါကြောင့် မိဖုရားကြီးက သူ့အနားမှာ အသီးတွေကိုပဲ ထားပေးသတဲ့။ တစ်ရက်မှာ မောင်းမငယ်တစ်ယောက် က နှာချေသံကြားတော့ စိတ်ဆိုးပြီးလုံပနီသီးနဲ့ကောက်ပေါက်လိုက်တာ မိန်းကလေးရဲ့ခါးဟာ ယမ်းသွားတော့တာပဲတဲ့။ ဒီတော့ အဲဒီအသီးကို ခါးရမ်းသီးလို့ ခေါ်ကြသတဲ့။“ကြာလာတော့ ခရမ်းသီး ဖြစ်လာတာပဲ”“ခင်ဗျားတို့ နံနက်စာအကြောင်း ပြောပါဦး”“အမေ လက်ဖက်ရည်တစ်အိုးကြီး ဖျော်တယ်။ အမေ့လက်ဖက်ရည် က ပေါ့ရွှတ်ရွှတ်လို့ပြောနိုင်ပါတယ်။လက်ဖက်ခြောက် အရမ်းကြီး မကျဘူး။ အမေက ပေါင်မုန့်ကို မီးကင်ပြီး ထောပတ်နဲ့ ယိုတစ်ခြမ်းစီသုတ်ထားတဲ့ ထူထူထဲထဲ ပေါင်မုန့်ကို ကျွေးတယ်။ကျွန်တော်တို့အိမ်က မနက်ဆို ပဲပြုတ်နဲ့ ထမင်းစားလေ့ မရှိဘူး။ တစ်ခါတစ်ခါတော့ အဖေပြောရင် စားတယ်။ အဲဒီနေ့မှာ စားရတာ အတော်ကောင်းပါတယ်။ ဒါပေမဲ့ မနက် မနက်တော့ အမေ့ပေါင်မုန့်ထောပတ် သုတ်အနံ့ဟာ မွှေးတယ်။ အမေက စိတ်ရှည်လက်ရှည် ထောပတ်သုတ်တယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေက ဘေးကနေစောင့်ပြီး မျှော်ရတာ အတော်မောတယ်။ ကျွန်တော်တို့က အမေမြန်မြန်သုတ်ပေးပါလား”လို့ ပြောရင် အမေကပြုံးပြီး“သားတို့က စိတ်မရှည်ဘဲကိုး၊ ညီညီမျှမျှ သုတ်ထားမှ စားလို့ကောင်းတယ်”လို့ အမေကပြောတယ်။တစ်ခါတစ်ခါမှာတော့ အမေရေ ဒီအတိုင်းပဲ ပေးလိုက်ပါတော့လို့ စိတ်မရှည်ဘဲ ပေါင်မုန့်ယိုသုတ်ကို လှမ်းတောင်းတတ်တယ်။ ဒီအခါ စားရတာ အဆင်မပြေဘူး။ ဒါပေမဲ့ ကိုယ်တောင်းတာပဲလေ။ ကိုယ့်ဒုက္ခနဲ့ ကိုယ်မို့ အမေ့ကိုတော့ မပြောပါဘူး။ကြီးလာတော့ ပေါင်မုန့်ယိုသုတ်အကြောင်း တွေးတိုင်း တွေးတိုင်း စိတ်မရှည်တာတွေက ဒုက္ခနဲ့မညီမျှမှုကြောင့် အရသာမရှိတဲ့အကြောင်းကို ပြန်သတိရနေတယ်”“ခင်ဗျားပြောမှပဲ ကျွန်တော်တို့ နိုင်ငံကြီးမှာ ဒီလိုဖြစ်ခဲ့တာပဲလို့ စဉ်းစားမိတယ်။ ပေါင်မုန့်ကလည်း ကောင်းတယ်။ ထောပတ်လည်း ကောင်းတယ်။ ယိုလည်းကောင်းမှ ကောင်းပဲ။ ယိုသုတ်ကောင်းကောင်းရဖို့ အချိန်ကိုတော့ စောင့်ရတယ်လို့ အမေ ပြောတာကို သတိပြုမိတယ်”“ဟုတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါကြွယ်ဝတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့လူမျိုးကစိတ်မရှည်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေး တစ်နှစ်အတွင်းရစေမယ်လို့ ကတိပေးပေမယ့် အချို့လက်မခံဘူး။ တောခိုတယ်။ ပြည်တွင်းသောင်းကျန်းမှုတွေ စတယ်။ပြည်တွင်းစစ်ဟာ လွတ်လပ်ရေး မရခင်ကတည်းက စခဲ့တယ်”“ကျွန်တော်တို့ဆီမှာ ပေါင်မုန့်ကောင်းကောင်းလည်း ရှိတယ်။ထောပတ်လည်း ကောင်းတယ်။ ယိုလည်း ကောင်းတာပဲလေ။ ဒါပေမဲ့ မစောင့်နိုင်ကြဘူး။ ထောပတ်က တစ်နေရာမှာ ပုံနေတယ်။ ယိုက တစ်နေရာမှာ ပုံနေတယ်။ မမျှတတော့ စားလို့ မကောင်းတော့ဘူး”ကျွန်တော်တို့နှစ်ယောက် လက်ဖက်ရည်နှင့် နံပြားထောပတ်သုတ်ကိုစားကာ ဗိုလ်ချုပ်အောင်ဆန်း၏ ပဲပြုတ်နဲ့နံပြားကို သတိရနေမိသည်။“ပဲပြုတ်နဲ့ နံပြားစားရရင် စားချင်တယ်လို့ ဗိုလ်ချုပ်က ဘာလို့ ရေးရတာလဲ။ ငါ့ကိုဘာမှတ်သလဲ၊ မရရအောင် သွားရှာဆိုတာမျိုးကို ဘာလို့မလုပ်ရတာလဲ၊ ဗိုလ်ချုပ်အောင်ဆန်း ဘာလိုချင် လိုချင် ပြည်သူကပေးမှာ ပဲလေ”“မှန်ပါတယ်”“ဒါပေမဲ့ သူက ဒီလိုလိုချင်တာမှ မဟုတ်ဘဲ။ သူ့အနေနဲ့ လိုချင်တဲ့စိတ်တော့ ရှိမှာပါ”“ရှိမှာပေါ့၊ သူက လူပဲ။ ဒါပေ မဲ့သူက မေတ္တာနဲ့နေတာ။ အင်မတန် လူသားဆန်တဲ့ပုဂ္ဂိုလ်။ မျိုးချစ်စိတ်ရှိတယ်။ လူသားတွေကို ဥပဒေမဲ့ မတရားနှိပ်စက်ညှဉ်းပန်းတဲ့ လူတွေကို ဖယ်ရှားပစ်ရမယ်လို့ သူသဘောပေါက်တယ်”“အင်းဒါကြောင့်လည်း သူ(၂၅)နှစ်သား သခင်အောင်ဆန်းဘဝက ဗြိတိသျှ လောဘပါတီအမတ်တစ်ဦးဖြစ်တဲ့ ဆာစတက်ဖို့ဒ်ကလစ်ပ်ကို ပညာပေးခဲ့တာပဲ”“ပြောပြပါဦး”“၁၉၄ဝ ပြည့်နှစ် ဇန်နဝါရီမှာ တို့ဗမာအစည်းအရုံး နှစ်ပတ်လည် အမှုဆောင်အစည်းအဝေးကို မန္တလေး မှာ ကျင်းပတယ်။ အဲဒီတုန်းက အင်္ဂလိပ်ကို တော်လှန်ဖို့ သူ ဂျပန်မသွားရသေးဘူး။ အစည်းအဝေးကျင်းပနေစဉ်မှာပဲ ဗြိတိသျှ လေဘာပါတီအမတ်တစ်ဦးဖြစ်တဲ့ ဆာစတက်ဖို့ဒ်ကလစ်ပ်ဟာ မြန်မာပြည်နိုင်ငံရေးအခြေအနေလေ့လာဖို့ ရန်ကုန်ကို ရောက်လာတယ်။ တို့ဗမာအစည်းအရုံးဝင်များနဲ့ ဆွေးနွေးလိုတယ်ဆိုလို့ သခင်ကျော်စိန်က မန္တလေးကို ခေါ်လာတယ်။ အစည်းအဝေးမှာ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်လေးမောင် သခင်ကျော်စိန် စတဲ့ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးခဲ့တယ်။ သခင်အောင်ဆန်း ဆွေးနွေးတော့ ဆာစတက်ဖို့ဒ်ကလစ်ပ်က “အင်္ဂလိပ်အောက်က လွတ်လပ်ရေးရအောင် ဘယ်လိုယူမလဲ”လို့ မေးတယ်။တကယ်တော့ ဆာစတက်ဖို့ဒ် ကလစ်ပ်ဟာ လေဘာပါတီဝင်ဖြစ်ပြီး အလုပ်သမားတွေနဲ့ဆင်းရဲတဲ့ ပြည်သူတွေကို ပိုပြီး ကိုယ်စားပြုတယ်။ ရှေးရိုးစွဲဝါဒသမား ကွန်ဆာဗေးတစ် ပါတီဝင်တွေကို ဆန့်ကျင်သူတွေ ဖြစ်တယ်။သူက မြန်မာပြည်မှာ ခေါင်းဆောင်ကောင်းတွေရှိကြောင်း သတင်းကြားထားတယ်။ ဒါကြောင့် မန္တလေးအထိ လိုက်လာပြီး သခင်အောင်ဆန်းကို ဆွေးနွေးတာပါပဲ။သခင်အောင်ဆန်းမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်က ရင်ထဲမှာ ရှိနေပြီးသားပဲ၊ ဒါကြောင့်သူဖြေတယ်။“လွတ်လပ်ရေးရအောင် ဘယ်နည်းနဲ့ လုပ်မလဲဆိုတော့ တရားတယ်ထင်တဲ့ နည်းလမ်းနဲ့ လုပ်မယ်”လို့ ဖြေတယ်။“အသာတကြည်နဲ့တောင်းမယ်။ မရရင် တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်လုပ်မယ်။ ဥပမာ အမတ်မင်းရဲ့ အိပ်ထဲက ဖောင်တိန်ပင်ဟာ ကျွန်တော်ပိုင်တဲ့ပစ္စည်းဆိုပါတော့။ ခင်ဗျားက အနိုင်ကျင့်ပြီး ကျုပ်ဆီကနေ လုယူထားတယ်ဆိုပါစို့၊ ဒါဆိုရင် ချိုချိုသာသာနဲ့ ပြန်ပေးဖို့ တောင်းပန်မှာပဲ။ ဒါပေမဲ့ ပြန်မပေးရင်တော့ မရ ရတဲ့နည်းနဲ့ ယူရမှာပဲ” လို့ဆိုပြီး ဆာစတက်ဖို့ဒ်ကလစ်ပ် ရဲ့အိတ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်တယ်။ ဆာစတက်ဖို့ဒ်ကလစ်ပ်၏ ကုတ်အကျီအိပ်ထောင် ပြဲသွားတာပေါ့။ သခင်အောင်ဆန်းက ဆက်ပြောတယ်။ “အဲဒါ ကျွန်တော်က တရားဝင်တယ်လို့ ယူဆတဲ့နည်းလမ်းပါပဲ။ ခုလိုလုပ်တော့ ကောင်းကြသေးရဲ့လား။ ကျွန်တော့်မှာတော့ ဖောင်တိန် ပြန်ရပါရဲ့။ ခင်ဗျားအကျီအဖြဲခံရတာ အဖတ်တင်တယ် မဟုတ်လား။ စောစောစီးစီး ပြန်ပေးလိုက်ရင် အကျီၤလည်း မပြဲဘူး။ ကျွန်တော့်လက်လည်း မနာဘူးပေါ့။ ခုကျွန်တော်ပြောနေတာ အပိုတွေလည်း မဟုတ်ဘူး။ ခြိမ်းခြောက်တာလည်း မဟုတ်ဘူး။ တကယ်ဖြစ်လာနိုင်တဲ့သဘောကို ပြောတာပါ”လို့ပြောတယ်။ ဆာစတက် ဖို့ဒ်ကလစ်ပ်က ခေါင်းညိတ်ပြီး “ချစ်စရာကောင်းတဲ့ အောင်ဆန်း”လို့ ပြောဆို ရယ်မောသတဲ့။”“ကိုဘသစ်ရေ၊ ဗိုလ်ချုပ်ဟာ ဆောင်းပါးတွေကို အင်္ဂလိပ်လိုလည်း ရေးတယ်။ မြန်မာနှစ်ဘာသာနဲ့လည်း ရေးတယ်။ ဆောင်းပါးတွေ အများကြီးရေးခဲ့တာပဲ။ သူ့ရဲ့ကလောင်ခွဲတွေကတော့ ခုနစ်ခုတောင် ရှိတယ်”“ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေး မလုပ်ဘူး။ စာပဲရေးတော့မယ်လို့ ဆိုတယ်။ ယနေ့ ကျွန်တော်တို့သိတဲ့ နိုင်ငံတကာခေါင်းဆောင်တွေကတော့ နိုင်ငံရေးလည်း လုပ်တယ်။ စာလည်းရေးတယ်။ ဥပမာ အိုဘားမား စာရေးတယ်။ လီကွမ်ယူး စာရေးတယ်။ ကလင်တန် စာရေးတယ်။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီစာရေးတာ အင်မတန်ကောင်းတယ်။ ဒီအတွက် စာပေနိုဘဲလ်ဆုတောင် ရခဲ့တယ်““အင်း တကယ်တန်း ဗိုလ်ချုပ်သာ စာရေးဆရာလုပ်ရင် စာပေစိစစ်ရေးနဲ့တွေ့ပြီး “ဂွမ်း” သွားမှာလား။ ဒါမှမဟုတ် စာပေနိုဘယ်ဆုကြီး ရလေမလားပဲ”“ဆွေးနွေးရတာ ကောင်းပါတယ်ဗျာ။ လောလောဆယ်တော့ ပဲပြုတ်နံပြားပဲ စားချင်သေးတာလေးကိုပဲ မှတ်မှတ်ရရ ရှိနေပါတယ်”