၂၂ နှစ်ဆိုတာ . . .

၂၂ နှစ်ဆိုတာ . . .
Published 8 February 2015
သန်းထွဋ်အောင်

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော ကျောင်းသားသပိတ်ကို ရှစ်လေးလုံးကာလ အခြေအနေများနှင့် ချိန်ထိုးပြီး  ကျောင်းသားများကို ဆူဆူပူပူဖြစ်အောင် လုပ်နေသူများဟု စွပ်စွဲနေသူများ၊ ကျောင်းသားများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေသည်ဟူ၍  အမြဲတန်း စွပ်စွဲပြီး ကျောင်းသားများအပေါ် ဝေဖန်ပြစ်တင်နေသူများအား ပြန်လည်ချေပ တုံ့ပြန်သောအားဖြင့် ၂၀၁၀ ပြည့်နှစ်က ရေးဖြစ်ခဲ့သော “ ၂၂ နှစ်ဆိုတာ...” ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းပါသည်။- စာရေးသူ( ၁ )၄၇နှစ်ဆိုတာ မကြာခဏ မေ့လျော့တတ်လောက်အောင် အသက်မကြီးသေးပေမယ့် ကျွန်တော် ခဏခဏ မေ့တတ်ပါတယ်။ အထူးသဖြင့် အဖြစ်အပျက်တွေ၊ လူတွေရဲ့ နာမည်တွေကို မေ့တတ်ပါတယ်။ ခုလောလောဆယ် ကိုယ့်လုပ်ငန်းနဲ့ဆိုင်တာတွေ မမေ့ပေမယ့် အတိတ်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဆိုရင် မကြာခဏ မေ့တတ်ပါတယ်။ နေထိုင်လှည့်လည်ခဲ့တဲ့နေရာတွေ စုံသလို၊ နယ်ပယ်ဝန်းကျင်တွေစုံတော့ လူတွေကို ရောထွေးနေသလို အဖြစ်အပျက်တွေကိုလည်း ရောထွေးနေပါတယ်။ ကျွန်တော့်ဘဝမှာ မမေ့တဲ့ အချိန်နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက ၁ဝ တန်းစာမေးပွဲဖြေတုန်းက၊ နောက်တစ်ခုက . . . . . .( ၂ )ဖြစ်နိုင်ရင်တော့ မေ့ပစ်လိုက်ချင်တာပါပဲ။ ဘဝမှာ ကိုယ်ရှုံးနိမ့်ခဲ့ရတာတွေကို မေ့ပစ်ချင်တာ လူတွေရဲ့သဘာဝပါ။ ကိုယ်ဖြစ်ချင်တဲ့ ဝန်းကျင်၊ ကိုယ်ဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်း၊ ကိုယ်ဖြစ်ချင်တဲ့ နိုင်ငံဟာ ၂၂ နှစ် ကြာတဲ့အထိ ဘာမှ ဖြစ်မလာခဲ့ဘူး။ ဖြစ်လာဖို့လည်း မှုန်ဝါးဝါးပဲဆိုတာ သိလာတဲ့အခြေအနေမျိုးမှာ ကျွန်တော်အတိတ်ကို မေ့ပစ်လိုက်ချင်ပါတယ်။ ကိုယ်ရည်မှန်းခဲ့တာတွေ၊ ကိုယ်စွန့်စားခဲ့ရတာတွေ၊ ကိုယ် ပေးဆပ်ခဲ့ရတာတွေ၊ ကိုယ် ကြိုးစားခဲ့ရတာတွေ အရာမထင်ဘူးဆိုတဲ့အသိမျိုး ဝင်လာရင် ငါ့ထက် ပေးဆပ်ခဲ့သူတွေ၊ စွန့်လွှတ်ခဲ့သူတွေအတွက်နဲ့ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်နေမိတာပါ။ လုပ်နိုင်စွမ်းမရှိတဲ့နေရာမှာတောင် အမြဲ ခေါင်းထဲမှာရှိနေရင် အခုလို လုပ်နိုင်စွမ်းရှိတဲ့အချိန်မှာ ဒီအကြောင်းတွေ ခေါင်းထဲက ထုတ်ပစ်ဖို့ မဖြစ်ပါဘူး။( ၃ )ကျွန်တော်တို့ ငယ်ငယ်က “ပြည်ထောင်စုကြီး ပြိုကွဲပြီး တိုင်းပြည်ချောက်ထဲသို့ ကျရန် လက်တစ်လုံးအလိုတွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး တိုင်းပြည်ကို ကယ်တင်ခဲ့သည်” ဆိုတဲ့ သမိုင်းအမှားကြီးကို အာဂုံဆောင်ခဲ့ရတဲ့ ကျွန်တော့်အဖို့ ၁၉၈၈ ကာလမှာ သမိုင်းတွေကို အကျယ်တဝင့် ဖတ်ရှုလေ့လာပြီး အမှန်သိခွင့်ရခဲ့ပါတယ်။ “၁၉၈၈ ဆူပူမှု အရေးအခင်းဆိုတဲ့ စကားလုံးတွေ ၊ ခေါင်းဖြတ်၊ လုယက်၊ လူသတ် အရေးအခင်းကြီးဆိုတဲ့စကားလုံးတွေ” ဒီခေတ်လူငယ်တွေရဲ့ သမိုင်းစာအုပ်တွေမှာ သင်နေရတာတွေ တွေ့ရတဲ့အခါ ကျွန်တော် ကိုယ်ချင်းစာ စိတ်မကောင်း ဖြစ်ရပါတယ်။ တကယ်တော့ ၈-၈-၈၈ ဟာ ဘယ်ပရောဂ ဘယ်လှုံ့ဆော်မှုမှ မပါဘဲ တိုင်းပြည်ချစ်တဲ့ ကျောင်းသားလူငယ်တွေကစပြီး မဆလပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ အရေးတော်ပုံတစ်ခုပဲ ဖြစ်ပါတယ်။( ၄ )လွန်ခဲ့တဲ့ ၂၆ နှစ်ကာလမှာ အရှေ့တောင်အာရှမှာ တိုးတက်မှုအကောင်းဆုံး နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ခဲ့ခြင်း၊ မိမိရဲ့အာဏာကို ထိပါးမယ့် သဘောကွဲလွဲသူတွေ (အထူးသဖြင့် ကျောင်းသားတွေ)ကို ရက်ရက်စက်စက် ဖိနှိပ်ခြင်း၊ လူအများစုရဲ့နေ့စဉ်ဘဝကို ထိခိုက်နစ်နာစေခဲ့တဲ့ ငွေစက္ကူများကို တရားမဝင်ကြေညာခဲ့ခြင်း၊ ပါတီ၊ ကောင်စီဆိုတဲ့ အခွင့်ထူးခံလူတန်းစားတစ်ရပ်ရဲ့ ဖိနှိပ်မှု များပြားလာခြင်း၊ အထူးသဖြင့် လူငယ်တွေရဲ့ ထွက်ပေါက်ပိတ်လာခြင်းတွေက ၈ လေးလုံးလို့ခေါ်တဲ့ လူထုအုံကြွမှုကြီး ဖြစ်စေခဲ့တာပါ။ လူငယ်တွေရဲ့ထွက်ပေါက် ပိတ်လာခြင်းထဲမှာ အဲဒီတုန်းက ဆေးကျောင်းပြီးခါစ ဆရာဝန် လူငယ်ပေါက်စတစ်ဦးဖြစ်တဲ့ ကျွန်တော်ပါ ပါတယ်။ ၁၉၈၇-၈၈ ဝန်းကျင်က ဆရာဝန်ငယ်တွေအဖို့ တခြားလူငယ်တွေလိုပဲ ဘယ်သွားရမယ်၊ ဘာလုပ်ရမယ်ဆိုတဲ့ ဦးတည်ရာဟာ ရေရေရာရာ မရှိခဲ့ပါဘူး။ ဟောက်ဆာဂျင်ပြီးရင် ငါဘာလုပ်ရမလဲဆိုတာ ကျွန်တော် ကိုယ့် ကိုယ်ကိုယ် အမြဲပြန်မေးနေတဲ့ မေးခွန်းပါ။ အဲဒီအချိန်မှာက ဘုန်းမော် သေဆုံးတဲ့ သတင်း၊ ကျောင်းသား၊ ကျောင်းသူတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်တဲ့ သတင်းဟာ ကျွန်တော် ဟောက်ဆာဂျင်လုပ်တဲ့ မန္တလေးကအစ တစ်ပြည်လုံးမှာ ပျံ့နှံ့နေတာပါပဲ။ ကြားရသူတိုင်း တောက်တခေါက်ခေါက် ဖြစ်နေတဲ့အထဲ ကျွန်တော်လည်း ကျောင်းသားဘဝ ပြီးခါစ ကျောင်းသားလူငယ်စိတ်နဲ့ စဉ်းစားစရာတွေ တွေးတောစရာတွေ အပြည့်နဲ့ပဲပေါ့။ ကျွန်တော် ဆေးကျောင်းသားဘဝ တစ်လျှောက်လုံး အားကျခဲ့တဲ့ ဒေါက်တာရီဇော်၊ ချေဂွေဗား ရား...၊ ကျွန်တော်တစ်ယောက်တည်း စဉ်းစားတယ် ကျွန်တော်ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ၊ ဆိုတဲ့ MI ထောက်လှမ်းရေးကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်နေရတဲ့အချိန်မှာ ပါတီ၊ ကောင်စီသတင်းပေးတွေ၊ ကျောင်းသား MI သတင်းပေးတွေ အများကြီးရှိနေတဲ့အထဲမှာ ကျွန်တော်ဘယ်သူ့ကို ယုံကြည်ရမလဲ...အရေးအကြီးဆုံး ကျော်လွှားရတာကတော့ အကြောက်တရားပါပဲ။ မကြာခင် ဆရာဝန်ဖြစ်တော့မယ့် လူတစ်ယောက် မိဘတွေက အစိုးရအရာရှိကြီးတွေ၊ ရည်မှန်းချက်ကြီးမားတဲ့ ကျွန်တော့်အဖို့ အမြဲတမ်း တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာတော့ အမှန်ပါပဲ။
ကျွန်တော် ထောင်ကျ မခံရဲဘူးလေ။ ဒါပေမဲ့ ဆင်းရဲတွင်းနက်နေတဲ့ တိုင်းပြည်အတွက် လူငယ်တစ်ယောက်ရဲ့ခံစားမှု၊ ကျောင်းသားတွေအပေါ် တစ်ဖက်သတ် ရက်ရက်စက်စက် ချေမှုန်းတဲ့အစိုးရအပေါ် နာကြည်းတဲ့စိတ်တွေနဲ့ ကျွန်တော် စလှုပ်ရှားပါတယ်။ အိမ်က လူတွေ ကျွန်တော့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေမသိဘဲ တစ်ကိုယ်တော် ဆန့်ကျင်စာတွေ ရေးသလို၊ တစ်ဆင့်ရတဲ့ ကျောင်းသားအဖွဲ့အစည်းပေါင်းစုံက စာတွေကို ဖြန့်ရတာပါပဲ။ အခုဒီလို ကွန်ပျူတာတို့၊ ပရင်တာတို့၊ အင်တာနက်တို့၊ မိတ္တူကူးစက်တွေ မရှိတဲ့အချိန်မှာ ကျွန်တော် အများဆုံး အားကိုးရတာကတော့ မင်ခံစက္ကူခံပြီး လက်ရေးနဲ့ (လက်ရေးကိုလည်း လက်နှိပ်စက်ပုံစံမျိုး ဖျက်ရေးရသေးတယ်)။ တစ်ခါရေးရင် ၄၊ ၅၊ ၆ ရွက်ထက် ပိုမရတော့ အပင်ပန်းခံရတာပါပဲ။ သူများ ဖြန့်ထားတဲ့စာ ကိုယ်ဖတ်ရသလို ကိုယ်ဖြန့်ထားတဲ့ ၊ ရေးထားတဲ့စာ ကိုယ့်ဆီပြန်ရောက်ရင်လည်း ကိုယ့်ဘာသာကိုယ် ကျိတ်ပြုံးရပါသေးတယ်။ဇွန်အရေးအခင်းဖြစ်ပြီး ကျွန်တော် ရန်ကုန်ကို ဆင်းပြီး စနည်းနာပါတယ်။ အခြေအနေတွေ စုံစမ်းပါတယ်။ ဆမ ထုတ်ရင်းနဲ့ပေါ့။ ဒီအချိန်မှာ ကျောင်းသားလှုပ်ရှားမှု အရှိန်မြင့်နေပါပြီ။ ကျွန်တော် မန္တလေး ပြန်လာတယ်။ ဆေးခန်းလေးတစ်ခန်း စဖွင့်တယ်။ အချိန်ကို စောင့်နေပါပြီ။ ဒီနေရာမှာ ရယ်စရာတစ်ခု ဖြစ်ပေမယ့် အမှတ်ရစရာတစ်ခု ပြောပြချင်ပါသေးတယ်။ကျွန်တော်တို့ အိမ်နောက်ဘက်မှာ အိမ်ငယ်လေး ရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော့် ညီ (2nd MB) အိပ်ပါတယ်။ သူက သူ့ သူငယ်ချင်းတွေနဲ့ စာကျက်လေ့ ရှိပါတယ်။ တစ်နေ့ကျတော့ ညသန်းခေါင်ကျော် သူတို့အိမ်လေးဆီ သွားကြည့်ပါတယ်။ အခုတလော သူတို့ တွေ ညလုံးပေါက် စာကျက်နေတာတွေ့တော့ နည်းနည်း မသင်္ကာဖြစ်လို့ သွားကြည့်တာပါ။ တံခါးခေါက်တော့ ချက်ချင်းတံခါးဖွင့် မပေးပါဘူး။ ဝုန်းဝုန်း ဒိုင်းဒိုင်းအသံတွေ ကြားနေရတယ်။ ခဏအကြာ တံခါးဖွင့်ပေးတော့ သူတို့တွေ စာကျက်တဲ့ပုံ ဟန်ဆောင်နေတယ်။
မျက်နှာတွေက မလုံမလဲနဲ့။ သူတို့ရဲ့ခုတင်အောက်မှာ စာရွက်အစတွေ၊ မင်တွေ၊ ဖယောင်းစတွေ တွေ့ရတယ်။ စာရွက်အစ တစ်ခုကိုယူပြီး ဖတ်မယ်လုပ်တော့ သူတို့အားလုံး မျက်နှာပျက်ပြီး စာရွက်ကို လုယူတယ်။ စာရွက်ရဲ့အစမှာရေးထားတာ “ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကြေညာချက်” သူတို့ ဖယောင်းနဲ့စာတွေ မိတ္တူကူးနေတာလေ။တစ်အိမ်ထဲနေတဲ့ ညီအစ်ကိုချင်းတောင် အသိမခံဘဲ ကျွန်တော်အပါအဝင် ကျောင်းသားလူငယ်တွေ လှုပ်ရှားခဲ့ကြတာပါ။ ကျွန်တော်တို့ မန္တလေးမှာသာမက ရန်ကုန်၊ တစ်ပြည်လုံးမှာရှိတဲ့ ကျောင်းသားတွေရဲ့ ကွန်ရက်၊ အင်အား ဘယ်လောက်ကြီးတယ်ဆိုတာ မဆလအစိုးရ မရိပ်မိခဲ့ပါဘူး။ ကျွန်တော်တို့မှာ တိုင်းပြည်ကိုချစ်တဲ့ စိတ်၊ မတရားတာ၊ မမျှတတာကို မခံချင်တဲ့စိတ်ပဲ ရှိပါတယ်။ ကျွန်တော်တို့မှာ ဘာနိုင်ငံရေးဝါဒမှလည်း မရှိဘူး။ ဒီမိုကရေစီဆိုတာတောင် မသိဘူး။ ဒါကို ၈-၈-၈၈ အရေးတော်ပုံနောက်ပိုင်း အစိုးရက ၈ လေးလုံးအရေးအခင်းဟာ ဗကပ တို့ရဲ့၊ ဗကပ UG တွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ရတာဆိုပြီး သမိုင်းရေးတော့ ကျွန်တော်တို့ ဘာပြောရမလဲ။( ၅ )၈-၈-၈၈ စပြီ၈ လေးလုံးကို ပြောရင် BBC သတင်းထောက် ခရစ္စတိုဖာဂန်းနက်ကို မေ့လို့မရပါဘူး။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လုံထိန်းတွေက ကျောင်းသူတွေကို မုဒိမ်းကျင့်တယ်ဆိုတဲ့ မီးစက ၈ လေးလုံးကို အရှိန်ဖြစ်စေခဲ့တာတော့ အမှန်ပါ။ ၈ လေးလုံး စတဲ့နေ့မှာ ကျွန်တော်တို့ အိမ်ပြင်ထွက်လို့ မရပါဘူး။ အဖေနဲ့အမေက ညီအစ်ကို နှစ်ယောက်လုံး အိမ်ပြင်မထွက်ရဘူးလို့ အမိန့်ထုတ်ထားတော့ ညနေပိုင်း ဆေးခန်းသွားခါနီးမှ မြို့ထဲ စက်ဘီး နဲ့ပတ်ပြီး ကြည့်ရတယ်။ ကျွန်တော် အသင့်ဆောင်ထားတာက မျက်နှာသုတ်ပဝါ အသေးလေး။ အဲဒီတုန်းက ဆန္ဒပြသူတွေအားလုံးဟာ အစပိုင်းမှာ ကိုယ့်ပုံမပေါ်အောင်၊ ဓာတ်ပုံရိုက် မခံရအောင် မျက်နှာကို ပဝါစီးထားကြတယ်လေ . . . .။ဒီအချိန်မှာတော့ ဆန္ဒပြသူတွေ မြို့လယ်မှာ မရှိတော့ဘူး။ ကျွန်တော် သူတို့နောက်ကို ဆက်လိုက်လို့ မရဘူး။ ဆေးခန်းကို ဆက်သွားရတယ်။ ဆေးခန်းမှာလည်း စိတ်မရောက်ဘူး။ အာရုံက ဘာတွေဖြစ်နေပြီလဲ။ ဘာတွေဖြစ်ခဲ့လဲ။ မန္တလေးမှာတော့ ပစ်ခတ်နှိမ်နင်းတာ အကြီးအကျယ် မရှိပေမယ့် ရန်ကုန်မှာတော့ ကျောင်းသားတွေ တော်တော်များများ သေတယ်လို့ သတင်းတွေကြားနေရတယ်။ အဲဒီ ညက အိပ်မပျော်ဘူး။ ကျွန်တော် တာဝန်မကျေသလို ခံစားနေရတယ်။၉-၈-၈၈အိမ်မှာတော့ တိုက်ပွဲဖြစ်နေပြီ။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အကြောင်းပြ အိမ်ပြင်ထွက်ဖို့ အိမ်တွင်းဆန္ဒ ပြနေရပြီ။ နောက်ဆုံးတော့ အိမ်ပြင်ထွက်ခွင့် ရပြီ။ ဆန္ဒပြတာ လိုက်ကြည့်လို့တော့ ရတယ်။ ဝင်တော့ မပါရဘူး။ ဘယ်သူ သိတာမှတ်လို့။ ဆန္ဒပြသူတွေ အားလုံးကလည်း အားလုံး မျက်နှာဖုံးစွပ်တွေနဲ့ပဲ။ ဆန္ဒပြသူတွေ အားလုံးနီးပါး တစ်ယောက်ကို တစ်ယောက် မသိကြဘူး။ ကျောင်းသားတွေချည်းပဲ မဟုတ်တော့ဘူး။ ဘုန်းကြီးတွေ၊ အရပ်သားတွေ အများကြီး ပါလာပြီ။ ဆန္ဒပြသူတွေနဲ့ တပ်နဲ့ ထိပ်တိုက် ရင်ဆိုင်တာ နည်းပေမယ့် ပစ်ခတ်မှုတချို့တော့ ရှိနေတယ်။၁ဝ-၈-၈၈မနေ့က ရန်ကုန်မှာ နေရာအနှံ့မှာ ပစ်ခတ်မှုတွေ အများကြီးပဲ။ အဖြူအစိမ်းလေးတွေ အပါအဝင် ကျောင်းသားကျောင်းသူ အတော်များများ သွေးမြေကျခဲ့ရတယ်။ စစ်ကားတွေက လမ်းပေါ်မှာ လူအုပ်မြင်တိုင်း ပစ်ခတ်၊ ဆေးရုံမှာလည်း လူနာတွေ ပြည့်နေပြီ။ သွေးတွေ၊ ဆေးတွေလည်း ပြတ်နေပြီ။ အပစ်ရပ်ပေးဖို့ ဆေးရုံကြီးက ဆရာဝန်တွေ၊ သူနာပြုတွေ ဆေးရုံကြီးဝင်းအတွင်းက ထပ်ပြီး လှည့်လည်ဆန္ဒပြတာကို အပြင်ကနေ တပ်မ ၂၂ က ပစ်လို့ တချို့သေကျေ ဒဏ်ရာရတဲ့ သတင်းတွေ ရောက်လာပြီ။ မနေ့ကလည်း စစ်ကိုင်းမှာ တိုင်းကောင်စီဥက္ကဠ သူရကျော်စွာကြောင့် ဆန္ဒပြသူ ၂ဝဝ လောက် သေတယ်။ လမ်းကျဉ်းထဲမှာ ညှပ်ပူးညှပ်ပိတ် ရက်ရက်စက်စက် ပစ်လို့တဲ့။ သေတာအများစုက တောက တက်လာတဲ့ ဆန္ဒပြသူ တောသူတောင်သားတွေ။ ကျွန်တော့်ရဲ့သွေး ငယ်ထိပ်ရောက်လာပြီ။ ကျွန်တော့်ရဲ့အကြောက်တရားတွေ လွင့်စဉ်စပြုလာပြီ။ သေသွားမလား။ တစ်ခါပဲကွာ။ ထောင်ကျပြီး ဘဝပျက်သွားမလား။ ငါခံတော့မယ်။ ညနေ ၃ နာရီ ဆန္ဒပြလူအုပ်ကြီး ၂၆ လမ်း၊ လမ်း ၈ဝ ထောင့် ရောက်လာပြီး အားကောင်းနေတဲ့အချိန်။ တရားဟောဖို့ တစ်ဦးပြီးတစ်ဦး တက်ဟောကြတယ်။ မိုက်ကိုင်ထားတဲ့ စင်မြင့်နားကို ကျွန်တော် ကပ်သွားတယ်။ အဲဒီက သံဃာတစ်ပါးကို ကျွန်တော် ဆရာဝန်တစ်ဦးပါ။ ရန်ကုန်ဆေးရုံကြီးကအကြောင်း ပြောချင်ပါတယ်လို့ လျှောက်ထားလိုက်တယ်။ အားလုံး အံ့အားသင့်ပြီး စင်ပေါ်ချက်ချင်း တင်တယ်။ စင်ဆိုတာ စားပွဲတစ်လုံးပါ။ စင်ပေါ်ကနေ ကျွန်တော် ဆရာဝန်တစ်ဦးပါလို့ ပြောလိုက်တဲ့အချိန် အားလုံး ငြိမ်သက်သွားတယ်။
အဲဒီခေတ်က ဒီလိုအချိန်မျိုးမှာ ဆရာဝန်တစ်ဦး ဒီလို မျက်နှာဖုံးစွပ် ဆန္ဒပြမယ်။ တရားဟောမယ် မထင်ကြဘူး။ ဘာမှ မရေရာသေးတဲ့အချိန်၊ နေ့ခင်းဆန္ဒပြ၊ ညဘက်ကြုံရာမှာ ပုန်းနေရတဲ့အချိန်။ ဆရာဝန်တစ်ယောက်လို့ ပြောလိုက်တာနဲ့ အားလုံး အံ့အားသင့်သွားတာပါ။
(ဓာတ်ပုံ - ၁၉ . ၈ . ၈၈ ရက်နေ့ထုတ် လွတ်လပ်ရေးနေ့စဉ် သတင်းစာ)
ကျွန်တော် ရန်ကုန်ဆေးရုံကြီးကအကြောင်းနဲ့ မဆလအစိုးရဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်နေတဲ့အကြောင်း၊ အစချီပြီး ၁ဝ မိနစ်လောက် ဟောပြောပါတယ်။ ပြီးတော့ ဒေါက်တာရီဇော်ရဲ့ နာမည်ကျော် “ကျွန်တွေမရှိတဲ့နေရာမှာ သခင်တွေ မရှိနိုင်ဘူး” နဲ့ပိတ်လိုက်တယ်။ဘယ် MI က ဓာတ်ပုံရိုက်မလဲ။ ကျွန်တော့်ကို ဘယ်တော့ လာဖမ်းမလဲ။ ကျွန်တော် မစဉ်းစားနိုင်တော့ဘူး။ ကျွန်တော့်သွေးတွေ ဆူပွက်နေပြီ။အဲဒီလို ဟောပြောပွဲပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော် ဆန္ဒပြလူအုပ်ကြီးနဲ့ ရောလိုက်သွားတယ်။ တစ်နေရာရောက်တော့မှ လူအုပ်ကြီးကနေ ရှောင်ထွက်လာခဲ့တယ်။ အိမ်ကို မပြန်သေးဘဲ နေရာသုံးလေးနေရာလောက် ဝင်ပြီးမှ အိမ်ပြန်တယ်။ ဒါပေမဲ့ အိမ်မှာ ညအိပ်ရမှာကို စိုးရိမ်နေတယ်။ MI တွေက ညဘက်မှာမှ အိမ်ဝင် ဖမ်းတာကိုး။ ခွေးဟောင်သံကြားတိုင်း ထထကြည့်နေရတယ်။ တစ်ညလုံး အိပ်မပျော်ဘူး။ တခြားမှာ သွားအိပ်ဖို့ကလည်း အိမ်ကို ဒီအကြောင်းပြောလို့ မဖြစ်ဘူး။ အဖေက သူ့အလုပ်အတွက် စိုးရိမ်တာထက် ကျွန်တော့် ဘဝရှေ့ရေးကို ပူပန်နေတယ်။ ကျွန်တော် တစ်ခုခု လုပ်ခဲ့သလားလို့ ခဏခဏမေးတယ်။ အဲဒီအချိန်က ဘာမှမသဲကွဲသေးဘူး။၁၁။ ၁၂။ ၁၃။ ၁၄ဆန္ဒပြတဲ့နေရာကို နှစ်ရက်လောက် မသွားဘဲ ရှောင်နေလိုက်တယ်။ သတင်းတွေ စုဆောင်း၊ လုပ်ဖော်ကိုင်ဖက် ကျောင်းသားတွေနဲ့ ပုံမှန်တွေ့ပြီး ဆွေးနွေးတယ်။ မန္တလေး မှာ မစိုးရိမ်နဲ့ ဘုရားကြီးမှာ အခိုင်အမာ သပိတ်စခန်းတွေရှိပြီး အရှိန်အဟုန်မြှင့်တာ ရှိပေမယ့် ရန်ကုန်မှာတော့ မတရား ပစ်ခတ်တာကြောင့် လမ်းတွေပေါ်မှာ လူသိပ် မရှိတော့ဘူး။ ဆေးရုံကြီးမှာပဲ လူတွေ စုနေကြတယ်။ ကျောင်းသားတွေ အားပြန်စုနေတယ်။ နယ်မြို့တွေမှာတော့ အရှိန်ရနေကြပြီ။ကျွန်တော် ဆေးခန်း တစ်ရက်ပဲပျက်ပြီး နောက်ရက် ပုံမှန် သွားထိုင်တယ်။ နယူးစီဗွီလိုင်း အိမ်ကနေ ဆေးခန်းသွားရင် ထောက်လှမ်းရေး (၁) ရှေ့က အမြဲဖြတ်ရတယ်။ အဲဒီရှေ့ရောက်ရင် ကျွန်တော့် မသိစိတ်က စက်ဘီးကို အရှိန်မြှင့်မိတယ်။ ကျောချမ်းမိတာ အမှန်ပါပဲ။
တစ်ခုခု ဖြစ်လိမ့်မယ်လို့ ထင်မိတယ်။ (ကျွန်တော့်မှာ ဆဠမအာရုံ ရှိတယ်လို့ ထင်တာတော့ မဟုတ်ပေမယ့် နောက်တစ်လကျော်လောက် အကြာမှာ ကျွန်တော် ဆေးခန်းအပြန်လမ်းပေါ်မှာပဲ ထောက်လှမ်းရေးက ဖမ်းခေါ်သွားတယ်)။ ဒါပေမဲ့ စမိတဲ့ အလုပ် ဆုံးတဲ့အထိလုပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ဒီအချိန်မှာ ကျွန်တော် စိုးရိမ်တာတစ်ခုက ဆန္ဒပြတာတွေ ရက်ကြာလာတာနဲ့ အမျှ ပန်းပြီး ပြိုကွဲသွားမှာကိုပါပဲ။ ရန်ကုန်မှာ အရှိန်လျော့ကျလာတာကို စိုးရိမ်လာတယ်။ မန္တလေးမှာက သံဃာအားကြီးတော့ ကျောင်းသားတွေအား ရှိလာတယ်။၁၅။ ၁၆ဆန္ဒပြပွဲတွေက ပုံမှန်ပါပဲ။ လူတန်းစားပေါင်းစုံ ပါလာဖို့ ကျွန်တော်တို့ လုံးပန်းကြတယ်။ လူအများစုက ကြောက်ရွံ့ နေကြဆဲပဲ။ ဘေးက အားပေးတဲ့လူက ပိုများတယ်။ ဆန္ဒပြတဲ့အထဲမှာ လူသိများတဲ့ ခေါင်းဆောင်ဆိုတာတွေ ထွက်မလာကြသေးဘူး။
ကျွန်တော်တို့ ကျောင်းသားတွေ စိုးရိမ်စပြုလာပြီ။ မဆလ အစိုးရက အရှည်ဆွဲပြီးထားရင်၊ ဆန္ဒပြမှုက အားပျော့ပြိုကွဲသွားရင် ကျွန်တော်တို့ သေပြီ။ ဘေးက အားပေးတဲ့လူတွေရဲ့သတ္တိကို ဘယ်လို မြှင့်ပေးရမလဲ။ သူတို့ပါလာမှ ရတော့မယ်။( ၆ )၁၇-၈-၈၈ဒီနေ့ ရှေ့နေတွေ ထွက်လာလိမ့်မယ်လို့ သတင်းရတယ်။ ရှေ့နေ အယောက် ၃ဝ လောက်ထွက်လာပြီး ဆန္ဒပြကျောင်းသား၊ သံဃာတွေနဲ့ ပေါင်းမယ်။ ဆေးရုံကြီးရှေ့က ဖြတ်လိမ့်မယ်။ ကျွန်တော်နဲ့ ဆေးကျောင်းသား တချို့ ပြင်ဆင်နေကြပြီ။ ကျွန်တော် ဂျူတီကုတ်နဲ့ နားကြပ်ကို ယူလာခဲ့တယ်။ ရှေ့နေအဖွဲ့ ဆေးရုံကြီးရှေ့ရောက်တာနဲ့ ကျွန်တော် ဂျူတီကုတ်ကို ဝတ်လိုက်ပြီး နားကြပ်ကို လည်ပင်းမှာ ချိတ်လိုက်တယ်။ ကျောင်းသားတွေရံပြီး စင်ပေါ်တက်လာတယ်။ ကျွန်တော် ဒေါက်တာ - - - ဘယ်သူပါလို့ မိတ်ဆက်လိုက်တယ်။
အားလုံးက အံ့အားသင့်သွားတယ်။ အဲဒီအချိန်မှာ နာမည်နဲ့ တက်တရားဟောတဲ့သူ မရှိသေးဘူးလေ။ တရားဟောပြီးတဲ့အချိန် ဆေးရုံကြီးက ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျွန်တော်တို့နဲ့အတူ ဆန္ဒပြဖို့ ဖိတ်ခေါ်တယ်။ ကြိုစည်းရုံးထားသူအချို့အပြင် လူ ၅ဝ လောက် လိုက်လာကြတယ်။ ဆရာဝန်တွေ ဆန္ဒပြပြီဆိုတဲ့သတင်းက တစ်မြို့လုံးကို ပျံ့နှံ့သွားတယ်။ အဲဒီတုန်းက ဆရာဝန်ဆိုတာ လူ့အဖွဲ့အစည်း မှာ လေးစားမှု အခံရဆုံးပုဂ္ဂိုလ်တွေ။ ခေါင်းဆောင်ဆိုတာ မရှိတော့ လူ့အဖွဲ့အစည်းမှာ အလေးစားဆုံးခံရတဲ့ ပုဂ္ဂိုလ်တွေဟာ အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ်။ လမ်းဘေးက ကြည့်နေတဲ့သူတွေအများကြီး လိုက်လာကြပြီး ၂၆ လမ်းကနေ ၈၄ လမ်း ဘုရားကြီး ၄၅ တာကို ကျွန်တော်တို့ ချီတက်သွားတယ်။ လမ်းမှာ ၄၊ ၅ ခါလောက် ကျွန်တော် တရားဟောတယ်။ ကျွန်တော်က ဝန်ထမ်းတွေပါဝင်တဲ့ အထွေထွေသပိတ်ကြီး လုပ်ဖို့ ဖိတ်ခေါ်တယ်။ လူတန်းစားတွေအားလုံးပါဝင်တဲ့ သပိတ်ဆင်နွှဲဖို့ လိုလာပြီလို့ တရားဟောတယ်။ လမ်းမှာရှိတဲ့ အစိုးရရုံး တွေ၊ စက်ရုံတွေက အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ဝတ်စုံတွေနဲ့ လိုက်လာကြတယ်။ ယာဉ်ထိန်းရဲတွေ၊ ရဲတချို့တွေပါ ပါလာကြတယ်။ ဘုရားကြီး ၄၅ တာမှာ လူတစ်သိန်းနီးပါး စုမိတယ်။ အဲဒီမှာ ကျွန်တော် တရားဟောတယ်။ မန္တလေးမှာ ဆရာဝန်တွေ၊ ဝန်ထမ်းတွေ ဆန္ဒပြပြီဆိုတဲ့ သတင်းဟာ မြန်မာတစ်ပြည်လုံး ပြန့်သွားတယ်။ နယ်မြို့ တွေမှာ အားလုံး လိုက်လုပ်ကြပြီ။ အဖိခံထားရတဲ့ ရန်ကုန်မှာ အားသစ်တွေ ဝင်လာကြတယ်။ မကြာမီမှာ မဆလအစိုးရဟာ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်တယ်။ ဦးအောင်ကြီး အပါအဝင် ဖမ်းထားတဲ့ ခေါင်းဆောင်တွေ လွှတ်ပေးလိုက်တယ်။ ရန်ကုန်မှာ လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ အထွေထွေသပိတ် ဆင်နွှဲတယ်။ ဝန်ကြီးချုပ် ဦးနု ထွက်ပေါ်လာတယ်။ ဩဂုတ် ၂၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်ထွက်လာခဲ့တယ်။(မနှစ်က ၂၂ နှစ်ဆိုတာရဲ့အဆက်ကို ဒီနှစ် ၂ဝ၁၁ ၊ ဩဂုတ်လ ၈ ရက် တစ်နှစ်ပြည့်တဲ့ အချိန်ကျမှ ဆက်ရေးဖြစ်ပါတယ်။)(၁)၁၉၈၈၊ ဩဂုတ် ၁ဝ ရက်က ကျွန်တော် ဆရာဝန်တစ်ဦးပါဆိုပြီး မန္တလေး လမ်း ၈ဝ ပေါ်မှာ တရားတက်ဟောတဲ့နေ့က ကျွန်တော့်ရဲ့ ဆူပွက်လာတဲ့သွေးတွေ ဩဂုတ် ၁၇ ရက်မှာ နာမည်ထုတ်ပြောပြီး စင်ပေါ်တက်တဲ့ ဆူတက်လာတဲ့သွေးတွေဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ယောက်အတွက် သိပ်မဆန်းပေမယ့် အခုလို အသက် နှစ်ဆလောက် ရှိတဲ့အချိန်မှာ ဒီလို သွေးတွေ ဆူလာတာတော့ ထူးဆန်းနေပါသေးတယ်။၂ဝ၁၁ ဇွန် ၇ ရက် Eleven Media Group ရဲ့ ၁၁ နှစ်မြောက်နေ့မှာ ကျွန်တော် ပြောတဲ့မိန့်ခွန်းဟာ လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက လူငယ်တစ်ဦးလို ပြန်ဖြစ်သွားတော့တာပါပဲ။ အစကပြောမယ်လို့ စာရွက်ထဲမှာ အကြမ်းမှတ်ထားတာက တခြားပြောလိုက်မိတာက တခြားပါ။ အစကတော့ အစိုးရကို တံခါးဖွင့်ပေးဖို့ တိုက်ရိုက်ပြောဖြစ်ဖို့ မပါပါဘူး။အဲဒီအချိန် ကျွန်တော်မျက်စိထဲမှာ မြင်နေတာက ကျွန်တော့်ရဲ့ရှေ့က ပရိသတ်မဟုတ်ဘူး။ တခြားနိုင်ငံအနှံ့အပြားမှာ ထွက်ပြီး အောက်ကျနောက်ကျ အလုပ်လုပ်နေရတဲ့ ကျွန်တော်တို့ရဲ့ လူငယ်၊ လူရွယ်တွေ နာဂစ်မုန်တိုင်းအပြီး ရွာတွေသွားတဲ့အခါ လူစင်စစ်ကနေ တိရစ္ဆာန်ထက် နည်းနည်းသာတဲ့ ဘဝမှာ နေထိုင်ရတဲ့ ရွာတွေက ဆင်းရဲတဲ့ ြ1ပည်သူတွေ၊ နှစ် ၅ဝ စစ်အာဏာရှင်ဘဝကနေ နှစ် ၅ဝဝ လောက် တရုတ်ရဲ့ ကိုလိုနီတစ်ပိုင်းဘဝနဲ့ နေရမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်တွေဟာ ကျွန်တော့်ရဲ့သွေးတွေကို ဆူပွက်လာစေခဲ့ပါတယ်။ဧရာဝတီမြစ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့သမိုင်းဝင်မြစ်ကို လက်ညှိုးထိုးရောင်းစားခံနေရတဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေ၊ ကြွေးတင် ကျွန်ဖြစ်ဆိုတဲ့ စကားဟာ ကျွန်တော်တို့နိုင်ငံအတွက်တော့ နှစ် ၂ဝ အတွင်း မရိုးတဲ့ စကားပုံပါ။ ၁၉၉၅ ဝန်းကျင်က အတိုးမဲ့ ချေးငွေဆိုပြီး ဝယ်ခဲ့တဲ့ တရုတ်သကြားစက်တွေ အခု ဘာဖြစ်နေပြီလဲ။ ဒေါ်လာ သန်း ၂ဝဝ ပေးရတဲ့ ဒီစက်ရုံတွေလိုပဲ တရုတ်ရဲ့အတိုးမဲ့ချေးငွေအားလုံးဟာ တန်ဖိုး တစ်ဝက်သာရှိတဲ့ သူတို့ရဲ့ စက်ရုံအစုတ်တွေကို ဒီမှာ လာဆင်ပြီး ရောင်းတာပါ။ ဘယ်နိုင်ငံက ကုမ္ပဏီတွေမှာမှ မရှိတဲ့ ပွဲခကို တရားဝင်ပေးပြီး သက်ဆိုင်ရာအစိုးရကို လာဘ်ထိုးတာ၊ တရုတ်ကုမ္ပဏီတွေဟာ တရုတ်အစိုးရရဲ့တရားဝင်ခွင့်ပြုချက် ရနေသလားဆိုတာ စဉ်းစားစရာပါပဲ။ ပွဲခ(သို့) တရားဝင် လာဘ်ငွေဟာ Project တွေ ချေးငွေတွေရဲ့ ရာခိုင်နှုန်း ၂ဝ နီးပါးအထိ ရှိနေတော့ ဒီတိုင်းပြည်မှ မမွဲရင် ဘယ်တိုင်းပြည် မွဲပြီး ကျွန်ဖြစ်မှာလဲ။ မြန်မာနိုင်ငံရဲ့သယံဇာတ ရာခိုင်နှုန်း ၆ဝ ကို တရားဝင် (သို့) တရားမဝင်နည်းနဲ့ တူးဖော်သုံးစွဲခွင့် ရနေတာက တရုတ်နိုင်ငံပါ။ မြန်မာနိုင်ငံအတွင်းက လေဆိပ်မှန်သမျှ၊ ဆိပ်ကမ်းအတော်များများကို လုပ်ငန်း လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီက တရုတ်အစိုးရနဲ့ ရင်းနှီးတဲ့ကုမ္ပဏီ။ မြန်မာနိုင်ငံရဲ့ အဝင်အထွက် သတင်းတွေကို တရုတ်အစိုးရ ရတာ မထူးဆန်းသလို မြန်မာနိုင်ငံအတွင်းမှာ အပ်ကျတာကအစ တရုတ်တွေ သိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာပေါ်လာတိုင်း တရုတ်အစိုးရ ရောက်ရောက်လာတာ။ အစကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကြောင့်လို့ ထင်ရပေမယ့် မြန်မာနိုင်ငံအတွင်း အစိုးရနဲ့ အတိုက်အခံပြေလည်နိုင်ပြီဆိုရင် သူတို့မြှောက်ပေးတတ်တဲ့ သတင်းတွေကြောင့် နှစ်ပေါင်း ၂ဝ အတွင်းမှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံရေးကို ထင်သလို ခြယ်လှယ်နေသလားလို့တောင် စဉ်းစားစရာ ရှိပါတယ်။ အရှင်းဆုံးပြောရရင် တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို  Satellite State တစ်ခုအဖြစ် မဟာဗျူဟာမြောက် ထားရှိပြီး မဟာဗျူဟာမြောက် မဟာမိတ်လို့ သမ္မတ ဦးသိန်းစိန်ခရီးမှာ သုံးနှုန်းခဲ့တာ ကျွန်တော်တို့အတွက် အရမ်းစိုးရိမ်စရာပါပဲ။ အဲဒီ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် နဲ့တွေ့တဲ့ သမ္မတဟူကျင်တောင်ရဲ့ မျက်နှာပေး၊ ဆက်ဆံပုံက ကျွန်တော့် ရင်ကို နာကျင်စေပါတယ်။ ကျွန်တော်တို့ဟာ သူ တို့ရဲ့ . . .ကျွန်တော့်သွေးတွေ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်ကလို ဆူပွက်လာခဲ့တယ်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာတွေအားလုံးကို လုပ်ဆောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွင်းကို ဝင်ရောက်ဖို့ အစိုးရရော၊ အတိုက်အခံကိုပါ ကျွန်တော် တိုက်တွန်းလိုက်တယ်။ ဒီနှစ်အတွင်း ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲ မဖြစ်ခဲ့ရင်၊ တံခါးတွေ ဖွင့်မထားခဲ့ရင်၊ ကျွန်တော်တို့ မညီညွတ်ခဲ့ရင် ကျွန်တော်တို့ ကျွန် ဖြစ်တော့မယ်။ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့၊ ကျွန်တော်တို့သမိုင်းကို ကာကွယ်ဖို့ ဧရာဝတီမြစ်ကြီးကို ကာကွယ်ဖို့ ကျွန်တော်တို့ ညီညွတ်မှ ရတော့မယ်။(၂)သွေးအေးအေးနဲ့ ပြန်စဉ်းစားတဲ့အခါကျရင် အမှန်ဆိုတာ မြင်တတ်ပါတယ်။ မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို မုန်းတီးတဲ့စိတ်၊ ကိုယ့်နိုင်ငံကို ကိုယ်တိုးတက်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ကျွန်တော်တို့ လမ်းပေါ် ထွက်ခဲ့ကြပေမယ့် ဘယ်အယူဝါဒ၊ ဘယ်နိုင်ငံရေးသမိုင်းစဉ်ကိုမှ ထဲထဲဝင်ဝင် မသိခဲ့ရရိုး အမှန်ပါပဲ။ ရဲဘော်သုံးကျိပ်က အစပြုခဲ့တဲ့ စစ်ဘက်က ကြီးစိုးတဲ့ နိုင်ငံရေးအင်အားစုနဲ့ ဒုတိယကမ္ဘာစစ် မတိုင်မီက ခေတ်စားခဲ့တဲ့ လက်ဝဲနိုင်ငံရေးအင်အားစုနှစ်ခု အကြားမှာ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေ မျက်စိလည် လမ်းရှာရခက်ခဲ့ပါတယ်။ဩဂုတ် ၁၇ ရက် ညမှာ ဆန္ဒပြခေါင်းဆောင်တွေ၊ ဘုန်းကြီးတွေက ကျွန်တော့်ကို မန္တလေးမြို့ရဲ့ အဓိက သပိတ်စခန်းဖြစ်တဲ့ မစိုးရိမ်ကို ခေါ်ပါတယ်။ အဲဒီမှာ လုံခြုံတယ်။ ကျွန်တော် မလိုက်ဖြစ်ပါဘူး။ ကျွန်တော့်အိမ်ကိုပဲ တိုက်ရိုက်ပြန်ခဲ့ပါတယ်။ သတင်းတွေကြားပြီး စိုးရိမ်နေရတဲ့ ကျွန်တော့်အဖေက သူ့အသိ ဘုန်းကြီးကျောင်းတစ်ခုကို ချက်ချင်းပဲ လိုက်ပို့ပါတယ်။ အဖေက ကျွန်တော့်ကို စိုးရိမ်တယ်ဆိုပေမယ့် ကျွန်တော်က ရှောင်ပုန်းလို့ရပြီး ရှောင်လို့မရတဲ့ အစိုးရအရာရှိ အဖေ့အတွက် ကျွန်တော် ပိုစိုးရိမ်ရပါတယ်။ အဲဒီအချိန်က စစ်အုပ်ချုပ်ရေး မရုတ်သေးဘူး။ ရန်ကုန်မှာ ဘယ်သူမှ အပြင်မထွက်နိုင်ကြသေးဘူး။ဩဂုတ် ၁၈ ရက် နောက်တစ်နေ့မှာတော့ မန္တလေးမှာ သပိတ်အရှိန်မြင့်လာပြီ။ တစ်မြို့လုံး ပါလာပြီ။ အားလုံး ဘေးကလိုက်ကြည့် လက်ခုပ်တီးရုံသက်သက် မဟုတ်တော့ဘူး။ ရုံးဝန်ထမ်းတွေ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းတွေ (ရုံး၊ စက်ရုံဝတ်စုံတွေနဲ့) လမ်းပေါ်ထွက်လာ ကြတယ်။ အဲဒီတုန်းက အစိုးရဝန်ထမ်းဆိုတာ အခုခေတ်လို မဟုတ်ဘူး။ ပုဂ္ဂလိက လုပ်ငန်းကနည်းတော့ အစိုးရဝန်ထမ်းတွေရဲ့ အင်အားက အရမ်းအရေးပါ ပါတယ်။ တချို့နေရာတွေမှာ ရဲတွေလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းလာကြတယ်။ အဲဒီနေ့ကလည်း ဆန္ဒပြတဲ့ လမ်းတစ်လျှောက် သုံးလေးခါလောက် ကျွန်တော် တရားဟောရသေးတယ်။ ကျွန်တော့်ဆေးခန်းကတော့ ပိတ်လိုက်ရပြီ။ သပိတ်စခန်းတွေ ရပ်ကွက်တိုင်းမှာ စဖွင့်ကြပြီ။ အဓိကကတော့ မစိုးရိမ်နဲ့ မဟာမြတ်မုနိဘုရားကြီးမှာ။
ကျွန်တော်တို့ ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေက မန္တလေးဆေးရုံကြီး ဓမ္မာရုံမှာပဲ သပိတ်စခန်း ဖွင့်လိုက်ကြတယ်။ပြန်စဉ်းစားတိုင်း အိပ်မက်လိုပါပဲ။

Most Read

Most Recent