တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု၊ စနစ်ဟောင်းကို မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားတွေ လက်မခံနိုင်ကြတဲ့ အမျိုးသားပညာရေး ဥပဒေ

တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု၊ စနစ်ဟောင်းကို မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားတွေ လက်မခံနိုင်ကြတဲ့ အမျိုးသားပညာရေး ဥပဒေ
Published 8 February 2015
ဉာဏ်ဝင်းရှိန်၊ သက်မင်း

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားများက လမ်းလျှောက် သပိတ်မှောက်နေသည်မှာ ရက်ပေါင်း ၂၀ ခန့် ရှိပြီဖြစ်သည်။ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမီ ဥပဒေကြမ်း ကာလကတည်းကပင် ကျောင်းသားများ ဝိုင်းဝန်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ထိုဥပဒေကြမ်းကို သမ္မတ လက်မှတ်ဖြင့် လွှတ်တော်မှ အတည်ပြုကာ အမျိုးသားပညာရေး ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ကျောင်းသားများ အနေဖြင့် ထိုဥပဒေအပေါ် သပိတ်မှောက်နေရခြင်းမှာ အမျိုးသားပညာရေး ဥပဒေသည် နိမ့်ကျဆိုးဝါးနေသည့် ပညာရေးစနစ်ဟောင်းကို ပြောင်းလဲနိုင်မည် မဟုတ်ဘဲ ဆက်လက်ဆိုးရွားနိုင်ကြောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ကန့်သတ်ထားခြင်းကြောင့်ဟု ဆိုနေကြသည်။ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် ပညာရှင်များကို ပါဝင်ခွင့် မပြုဘဲ အစိုးရ အုပ်ချုပ်ရေးပိုင်းများအား ပါဝင်ထိန်းချုပ်ခွင့် ပေးထားသဖြင့် အဖိနှိပ်ခံ ပညာရေးစနစ်သာ ဖြစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ တရားဝင် လွတ်လပ်စွာ တည်ထောင်ခွင့်ကို ထည့်သွင်းမထားခြင်းမှာ ကျောင်းသားအခွင့်အရေးကို ပစ်ပယ်ခြင်းသာဖြစ်ကြောင်း ကျောင်းသားများက ယုံကြည်ကြသည်။ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက “ဒီဥပဒေမှာပါတဲ့ အခန်း (၄) က ဗဟိုချုပ်ကိုင်မှုတွေ ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒီအခန်း (၄) မှာပါတဲ့ အမျိုးသားပညာရေး ကော်မရှင် ဆိုတာကို ဖျက်သိမ်းပစ်လို့ မရဘူးဆိုတာ ကျွန်တော်တို့လည်း သိတယ်။ ဖျက်သိမ်းမယ် ဆိုရင်လဲ ဒီဥပဒေကြီး တစ်ခုလုံး အသစ်ပြန်ဆွဲမှပဲ ရမယ်။ အမျိုးသားပညာရေး ကော်မရှင်ဆိုတာက ဥပဒေရဲ့ တော်တော်များများမှာ ပါနေတာကိုး။ ကျွန်တော်တို့ဘက် ဖျက်သိမ်းပစ်ဖို့ ဆိုတာထက် ဒီအမျိုးသားပညာရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို လျှော့ချစေချင်တာ။ ဒီကော်မရှင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကဏ္ဍကိုလည်း ဒီမိုကရေစီနည်းကျ ပြန်ရွေးချယ်ဖို့ လိုလားတာ” ဟု ပြောကြားသည်။အမျိုးသားပညာရေး ကော်မရှင်ဆိုတာ ဘာလဲအမျိုးသားပညာရေး ဥပဒေသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။ ထိုဥပဒေထဲတွင် ပါဝင်သည့် အခန်း (၄) တွင် ဗဟိုချုပ်ကိုင်မှု တင်းကျပ်စွာ ရှိနေသဖြင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ကျောင်းသားများနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို လိုလားသော တတ်သိပညာရှင်များက ဝေဖန်ကြသည်။အမျိုးသားပညာရေး ဥပဒေ အခန်း (၄) တွင် အမျိုးသားပညာရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များဟူ၍ ပြဋ္ဌာန်းပါရှိသည်။ အမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား ပညာရှင်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းပါရှိသည်။ထိုကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ အခြေခံမူများ အကောင်အထည်ဖော် ဆောင်ရွက်မှုကို လမ်းညွှန်ခြင်း၊ အမျိုးသားပညာရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဥပဒေနှင့်အညီ လိုအပ်သော ကော်မတီ သို့မဟုတ် အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ အမျိုးသားပညာရေး စနစ်နှင့် ပညာရေးဆိုင်ရာ မူဝါဒများ၊ ပညာရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် အကဲဖြတ်ခြင်း၊ သုံးသပ်ခြင်း၊ အကြံပြုခြင်း၊ ပြည်တွင်းပြည်ပကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းခြင်းနှင့် ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း စသည်ဖြင့် ပါရှိသည်။ကော်မရှင်၏ အခန်းကဏ္ဍကို ဝေဖန်အမျိုးသားပညာရေး ကော်မရှင် ဖွဲ့စည်းမှုတွင် ပါဝင်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌပြုလုပ်ရမည်ဆိုသော အချက်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် မူဝါဒ ချမှတ်မည်ဆိုသော ယင်းဥပဒေ၏ ပုဒ်မအတော်များများတွင် ကော်မရှင်၏ အခန်းကဏ္ဍ ပါဝင်နေခြင်းကို ကျောင်းသားသမဂ္ဂများနှင့် တတ်သိပညာရှင်များက ဗဟိုဦးစီး ချုပ်ကိုင်မှုဟု ဝေဖန်နေခြင်း ဖြစ်သည်။
ဖျက်သိမ်းမယ် ဆိုရင်လဲ ဒီဥပဒေကြီး တစ်ခုလုံး အသစ်ပြန်ဆွဲမှပဲ ရမယ်။ အမျိုးသားပညာရေး ကော်မရှင်ဆိုတာက ဥပဒေရဲ့ တော်တော်များများမှာ ပါနေတာကိုး။ ကျွန်တော်တို့ဘက် ဖျက်သိမ်းပစ်ဖို့ ဆိုတာထက် ဒီအမျိုးသားပညာရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို လျှော့ချစေချင်တာ . . . . .

“အမျိုးသားပညာရေး ကော်မရှင်ဆိုတာ ၈၈ အာဏာသိမ်းပြီး နောက်ပိုင်းတည်းက ရှိလာခဲ့တာ။ အဲဒီတုန်းကတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဦးခင်ညွန့်က ဦးစီးခဲ့တာပေါ့။ ဒါပေမဲ့ အခုလို ဒီမိုကရေစီ သွားနေပြီဆိုတဲ့ အစိုးရ လက်ထက်မှာတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ အပါအဝင် ကော်မရှင် တစ်ခုလုံး မရှိသင့်တော့ဘူး။ တက္ကသိုလ်တွေဟာ သူတို့ဘာသာသူတို့ လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိနိုင်ရမယ်။ တက္ကသိုလ်ပညာရေးဟာ ဘယ်သူ့အုပ်ချုပ်မှုအောက်မှာမှ မရှိတဲ့ သီးခြား ဖြစ်နေရမယ်။ ကော်မရှင် ရှိခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့ အခါမှာလည်း နိုင်ငံတကာက ဥပဒေပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ အနေနဲ့ ဗဟိုဦးစီး ချုပ်ကိုင်မှုရှိတဲ့ ဒီနိုင်ငံပညာရေးကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ နောက်တွန့်နိုင်တယ်” ဟု ဆရာများသမဂ္ဂမှ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ဆိုသည်။သပိတ်တိုက်ပွဲမှ ဆွေးနွေးပွဲဆီသို့ရက်ပေါင်း ၆၀ အလွန် တစ်ကျော့ပြန် ကျောင်းသားသပိတ်စစ်ကြောင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ မြို့များရှိ သောင်းနှင့်ချီသော လူထုက ကျောင်းသားများကို အားပေးထောက်ခံ ခဲ့ကြသည့် နောက်တွင်မှ အစိုးရဘက်က ကျောင်းသားများနှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းလာခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့၌ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားကိုယ်စားလှယ်များအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကျောင်းသားများဘက်မှ ၎င်းတို့ တောင်းဆိုသော အချက် ၁၁ ချက်ကို ဆွေးနွေးရာတွင် ခိုင်မာသော ဆွေးနွေးမှု ဖြစ်စေရန် အချက်ကိုးချက်ကို ရှေးဦးစွာ တောင်းဆိုဆွေးနွေးခဲ့သည်။တကယ်တမ်း ဆွေးနွေးကြည့်သောအခါယင်းအချက်ကိုးချက်ကို ဆွေးနွေးရာတွင် ပထမအချက် သုံးချက်သာ အလွယ်တကူ ပြေလည်မှု ရရှိခဲ့ပြီး ကျန်အချက် ခြောက်ချက်ကို အပြင်းအထန် ဆွေးနွေးခဲ့ရသည်။ ည ၇ နာရီအထိ ဆွေးနွေးခဲ့ရသော ဆွေးနွေးပွဲတွင် ကျောင်းသားသမဂ္ဂ အသုံးအနှုန်း အပေါ်ကိုပင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့မှ လက်ခံရန် အခက်အခဲများ ရှိခဲ့သည်။ နောက်ဆုံးတွင် အကြိုသဘောတူညီမှု ကိုးချက်အနက် ခုနစ်ချက် ရရှိခဲ့သည်။ ဦးအောင်မင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များအတွက် သွားရေးလာရေး အခက်အခဲ ရှိသည့်အတွက် နေပြည်တော်တွင် ထပ်မံဆွေးနွေးကြရန် ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှသာ ထပ်မံဆွေးနွေးတော့မည်ကျောင်းသားသမဂ္ဂများနှင့် NNER တို့ နေပြည်တော်ရောက်သောအခါ တည်းခိုစရာ အခက်အခဲကအစ အခက်အခဲမျိုးစုံ ကြုံခဲ့ရပြီးသည့်နောက် နိုင်ငံတော်သမ္မတ၏ မှတ်ချက်ဖြင့် ပေးပို့လာသည့် သဘောထားဖြင့် ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှသာ ထပ်မံဆွေးနွေးတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကျောင်းသားကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
အမျိုးသားပညာရေး ကော်မရှင်ဆိုတာ ၈၈ အာဏာသိမ်းပြီး နောက်ပိုင်းတည်းက ရှိလာခဲ့တာ။ အဲဒီတုန်းကတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဦးခင်ညွန့်က ဦးစီးခဲ့တာပေါ့။ ဒါပေမဲ့ အခုလို ဒီမိုကရေစီ သွားနေပြီဆိုတဲ့ အစိုးရ လက်ထက်မှာတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ အပါအဝင် ကော်မရှင် တစ်ခုလုံး မရှိသင့်တော့ဘူး။ တက္ကသိုလ်တွေဟာ သူတို့ဘာသာသူတို့ လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိနိုင်ရမယ်။ တက္ကသိုလ်ပညာရေးဟာ ဘယ်သူ့အုပ်ချုပ်မှုအောက်မှာမှ မရှိတဲ့ သီးခြား ဖြစ်နေရမယ် . . . . .

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက “သူတို့ဘက်က မြင်တာကတော့ ကျောင်းသားတွေက တစ်မျိုးပြီးတစ်မျိုး တိုးတောင်းနေတဲ့အတွက် ဆွေးနွေးလို့ မဖြစ်ဘူးလို့ မြင်ချင်မြင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အသစ်တွေ တောင်းဆိုနေတာ မဟုတ်ဘူး။ ဆွေးနွေးပွဲကို မီဒီယာတွေနဲ့ ကျောင်းသားတွေ ဝင်ခွင့်ရဖို့ကို တောင်းဆိုတာ ဖြစ်တယ်။ ဖေဖော်ဝါရီ ၁ ရက်က ပွဲတုန်းကလည်း ဒီလိုပဲ ဝင်ခွင့်ရတယ်။ ဒါကို သူတို့ဘက်က သည်းခံလိုက်လျောမှု မရှိဘဲ ဒီလိုမျိုး ရွှေ့လိုက်တာကတော့ လူကြီးလူကောင်း မဆန်ဘူးလို့ပဲ ပြောချင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုအခြေအနေရောက်အောင် လုပ်တာက ကျွန်တော်တို့ ကျောင်းသားတွေ မဟုတ်ဘူး။ အစိုးရပဲ ဖြစ်တယ်။ အစိုးရအနေနဲ့ ဆွေးနွေးညှိနှိုင်းမှု မရှိလို့ ဖြစ်လာရတာ” ဟု ပြောကြားသည်။    တောင်းဆိုချက် ၁၁ ချက်ကျောင်းသားကိုယ်စားလှယ်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ဘက်မှ တောင်းဆိုထားသည့် ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုထားသော အချက် ၁၁ ချက် ရှိသည်။ထိုအချက် ၁၁ ချက်မှာ (၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား/သူ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန် ကိစ္စ၊ (၂) ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေး ကိစ္စ၊ (၃) လက်ရှိပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းထားခြင်း ကိစ္စ၊ (၄) ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ၊ (၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန်ကိစ္စ၊ (၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ၊ (၇) တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ကိစ္စ၊ (၈) မသန်စွမ်းကလေးများ အပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး ကိစ္စ၊ (၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ခွင့် ရရှိရေး ကိစ္စ၊ (၁၀) ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ရာခိုင်နှုန်း ၂၀ သတ်မှတ်ရေး ကိစ္စ၊ (၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး ကိစ္စ စသည်တို့ ဖြစ်သည်။ သို့ရာတွင် ထိုတောင်းဆိုချက် ၁၁ ချက် ဆွေးနွေးခန်းကိုမူ မရောက်ရှိသေး။

Most Read

Most Recent