(၁)၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာ အကုန် နိုဝင်ဘာ လဆန်းပိုင်းမှာ လုပ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အာမခံချက် ပေးထားပါတယ်။ ကတိ မဟုတ်ပါဘူး။အတိတ်သမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံနဲ့ ရွေးကောက်ပွဲ အစဉ်အလာဟာ မရေရာမှုတွေနဲ့ ရောထွေးလေ့ ရှိပါတယ်။ကိုလိုနီခေတ် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်နဲ့ အတူ ၁၉၂၂ ခုနှစ်မှာ ဒိုင်အာခီ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာ ဒိုင်အာခီ အုပ်ချုပ်ရေး အဆုံးသတ်ပြီး အဲဒီနောက်ပိုင်း ၁၃၀၀ ပြည့်အရေးတော်ပုံ ဖြစ်လာပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။လွတ်လပ်ရေးရပြီး ဖဆပလခေတ် ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲတွေဟာလည်း ပြဿနာ တွေနဲ့ ရောထွေးခဲ့ပါတယ်။၁၉၆၀ ပြည့် တတိယအကြိမ် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲမှာ သန့်ရှင်း-တည်မြဲ အားပြိုင်ခဲ့ပါတယ်။ ဖဆလပကွဲပြီး ပထမဆုံး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ သန့်ရှင်းမျှတမှု မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒီရွေးကောက်ပွဲမှာ တပ်မတော် ကျောထောက်နောက်ခံ ပြုခဲ့တဲ့ တည်မြဲ ဖဆပလ ရှုံးနိမ့်ပါတယ်။၁၉၆၂ ခုနှစ် မတ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံဟာ အာဏာရှင် ဦးနေဝင်းလက်အောက် ရောက်ခဲ့ပါတယ်။ ၂၆ နှစ် ကြာခဲ့ပါတယ်။၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်လာပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပေမယ့် စစ်အာဏာသိမ်း ခေါင်းဆောင်တွေက အာဏာကို လွှဲပြောင်းပေးခဲ့ခြင်း မရှိပါဘူး။ ကတိ ဖျက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်ကို နောက်ထပ် ၂၂ နှစ် ကျရောက်ခဲ့ပြန် ပါတယ်။၂၀၁၀ ပြည့်နှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ပေါ်လာပေမယ့် ဒီရွေးကောက်ပွဲဟာ သန့်ရှင်းမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်ဖို့ ခက်ခဲပါတယ်။၂၀၁၅ ခုနှစ်မှာ လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် လုပ်ပါတော့မယ်။ဒါပေမဲ့ စိုးရိမ်စရာကောင်းတဲ့ အချက် ရှိနေပါတယ်။သမ္မတ ဦးသိန်းစိန်ရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ဘယ်သူ့ကိုမဆို အာဏာလွှဲပေးပါ့မယ်ဆိုတဲ့ ကတိစကားကို အခုချိန်ထိ မပြောသေးပါဘူး။(၂)မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ ပြေလည်ဖို့ ပထမလမ်းစက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း လွတ်လပ်သန့်ရှင်း မျှတစွာ လုပ်ပေးရမှာပါ။၁၉၉၀ ပြည့်နှစ်ပုံစံ ကတိဖျက်တာမျိုး ၂၀၁၅ ခုနှစ်မှာ လုပ်လို့ မရတော့ပါဘူး။ဦးနေဝင်း လက်ထက် ၂၆ နှစ် ကာလမှာ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှရဲ့ အချမ်းသာဆုံးကနေ ဆင်းရဲတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု အနည်းဆုံး (LDC) စာရင်းဝင် နိုင်ငံ ဖြစ်ခဲ့သွားတယ်။ စီးပွားရေးအရ ချွတ်ခြုံကျ (Economic Bankrupt) သွားပါတယ်။ဦးနေဝင်း အလွန် စစ်အာဏာသိမ်း ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက် ၂၂ နှစ်ကြာ ရောက်ပြီးချိန်မှာတော့ မြန်မာဟာ ဆင်းရဲတဲ့ နိုင်ငံ အဖြစ်ကနေ နာလံမထူ ကျဆုံးတဲ့ နိုင်ငံ (Failed State) ဖြစ်သွားပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင် ဦးစောမောင်က ပြောဖူးပါတယ်။ “LDC စာရင်းဝင် နိုင်ငံဘဝက ပြန်ထွက်ဖို့ လွယ်တယ်။ LDC ဖြစ်လို့ တကယ် ဆင်းရဲသလား၊ LDC လုပ်လို့ အကျိုးခံစားခွင့် ရှိတာတွေကိုရော သိသလား” လို့ ၄၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောပါတယ်။လက်တွေ့မှာ သူထင်သလို မလွယ်ခဲ့တဲ့ အပြင် တိုင်းပြည်ဟာ Failed State ဖြစ်သွားပါတယ်။ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fragile States Index မှာ မြန်မာနိုင်ငံဟာ အဆင့် ၂၄ မှာ ရှိနေပါတယ်။ နိုင်ငံပေါင်း ၁၇၈ နိုင်ငံမှာ စိုးရိမ်အဆင့် ၂၄ နဲ့ ဆိုးရွားတဲ့ နိုင်ငံ စာရင်းဝင်နေတာပါ။မြန်မာဟာ အာဖရိက နိုင်ငံတွေနဲ့ အတူတူ ဖြစ်နေပါတယ်။ဒီအတွက် စံနှုန်းတိုင်းတာတဲ့ ကဏ္ဍ ၁၂ ခုမှာ ခြောက်ခုက စံနှုန်းတိုးတက်မှု မရှိပါဘူး။ ငါးခုက အားနည်းမှု ရှိနေပြီး စံနှုန်းတစ်ခုပဲ အလယ်အလတ် အဆင့် ရောက်ပါတယ်။ဒါဟာ ၂၀၁၀ ပြည့်နှစ် အလွန် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တိုးတက်မှု များများစားစား မရှိဘူး ဆိုတာကို ဖော်ညွှန်းနေတာပါ။(၃)ဦးနေဝင်းခေတ် ၂၆ နှစ်တာ ကာလမှာ တိုင်းပြည် မွဲတေခဲ့ရတာကို သူကိုယ်တိုင် သိခဲ့ပါတယ်။၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အရေးပေါ် ပါတီ ညီလာခံ ပြုလုပ်ပါတယ်။ “၁၉၈၈ ခုနှစ် မတ်နဲ့ ဇွန်မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းတွေက ပါတီကို ယုံကြည်မှု ကင်းမဲ့နေပြီ ဆိုတာကို ပြသနေတယ်။ တစ်ပါတီစနစ်ကို ဖျက်သိမ်းပြီး ပါတီစုံစနစ် သွားဖို့ လူထုဆန္ဒခံယူပွဲ လုပ်ပါ” ဆိုပြီး ဦးနေဝင်း ပြောပါတယ်။ပြီးတော့ ပါတီဥက္ကဋ္ဌ နေရာက နုတ်ထွက် ပေးလိုက်ပါတယ်။ ဦးစိန်လွင် သမ္မတ ဖြစ်လာပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနဲ့ အတူ ဦးစိန်လွင် ပြုတ်ကျခဲ့ပြီး သြဂုတ် ၁၂ ရက်မှာ ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာခဲ့ပါတယ်။စက်တင်ဘာ ၁ ရက်မှာ ဒေါက်တာမောင်မောင်က ရေဒီယို မိန့်ခွန်း ပြောပါတယ်။ ကြားဖြတ် အစိုးရဖွဲ့ဖို့ တောင်းဆိုနေတဲ့ ပြည်သူလူထု ဆန္ဒကို ပယ်ချပါတယ်။၁၉၇၄ ခုနှစ် အခြေခံ ဥပဒေမှာ ကြားဖြတ် အစိုးရဖွဲ့ဖို့ အချက် မပါဘူးဆိုပြီး ပယ်ချခဲ့တာပါ။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်ဆိုတဲ့ စကားကို ဒေါက်တာမောင်မောင်က ပြောလာပါတယ်။ ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် အဘက်ဘက် တည်ငြိမ်အေးချမ်းဖို့ လိုတယ်ဆိုတဲ့ စကားတွေကိုလည်း သူပြောခဲ့ ပါသေးတယ်။အခုချိန်မှာ သမ္မတ ဦးသိန်းစိန် ကလည်း တိုင်ပြည်တည်ငြိမ်မှု ရှိမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် လုပ်နိုင်မယ် ဆိုတာမျိုး ပြောနေပါတယ်။(၄)၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာ သိမ်းလိုက်ပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(နဝတ)ကို အဖွဲ့ကို ဖွဲ့ပါတယ်။ဦးနေဝင်းရဲ့ သမိုင်းဆိုးကို ဦးစောမောင်က ဆက်ခံခဲ့ပါတယ်။ စစ်အာဏာသိမ်း(နဝတ) အဖွဲ့ခေါင်းဆောင်က ဦးစောမောင် ဖြစ်ပါတယ်။ ဦးသန်းရွှေ အပါအဝင် အဖွဲ့ဝင် ၁၉ ဦးပါပြီး အတွင်းရေးမှူး နေရာကို ဦးခင်ညွန့်နဲ့ ဦးတင်ဦးတို့က ယူခဲ့ပါတယ်။အာဏာ သိမ်းပြီးချိန်မှာ သူတို့လုပ်မယ့် လုပ်ငန်းတာဝန် လေးချက်ကို ပြောပါတယ်။အဲဒီ လေးချက်မှာ “ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရေး” ဆိုတဲ့ ကတိစကားတွေ ပါခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို မလုပ်ခင်မှာ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ အေးချမ်း သာယာရေး၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရေး ဆောင်ရွက်ပေးဖို့နဲ့၊ ပုဂ္ဂလိက၊ သမဝါယမတို့ ဆောင်ရွက်နိုင်ဖို့ အရင်လုပ်မယ်၊ ဒါတွေ ပြီးပြည့်စုံရင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောပါတယ်။ကျန်တဲ့ အချက်တွေထဲမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်ထားမယ်။ ပါတီ အဖွဲ့အစည်းတွေ ပြင်ဆင်ဖွဲ့စည်း နိုင်ပြီ။ အားလုံး ဝိုင်းဝန်းကူညီ လုပ်ဆောင်ကြဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။(၅)သူတို့ အနေနဲ့ မလွှဲမရှောင်သာပဲ အာဏာကို ရယူခဲ့ရခြင်း ဖြစ်တယ်လို့ စစ်အာဏာသိမ်း ခေါင်းဆောင်တွေက ပုံဖော်ခဲ့ပါတယ်။၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဦးစောမောင်က “အာဏာကို မက်မော လိုချင်၍ မဟုတ်” ဆိုပြီး ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက် တိုင်းပြည်သို့ မေတ္တာရပ်ခံ ချက်မှာလည်း ဒါကို ထည့်ပြောပါတယ်။“မလွှဲ မရှောင်သာ တော့လို့သာ အာဏာကို ရယူခဲ့ခြင်း ဖြစ်တယ်။ အင်္ဂါရပ်နဲ့ ညီဖို့အတွက်သာ အစိုးရ တစ်ရပ်ကို ဖွဲ့စည်းထားတာ ဖြစ်တယ်။ လူနည်းနည်းနဲ့ ဖွဲ့ထားတာကိုက အာဏာရေရှည် ယူထားဖို့ မဟုတ်ကြောင်း ထင်ရှားစေတယ်။ ပါတီတွေ မှတ်ပုံတင်ဖို့သာ ပြင်ပါ။ တောင်းပွဲတိုက်ပွဲတွေ ရပ်ပါ။ မိမိတို့ တာဝန်ယူရမယ့် ကာလဟာ တိုလွန်းတဲ့အတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေကို ထိုက်သင့်သလောက်သာ လုပ်သွားနိုင်မယ်။ ရေရှည်ကိုတော့ နောက်တက်လာမယ့် အစိုးရကသာ လုပ်ကြဖို့။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ ကတော့ ရွေးကောက်ပွဲမှာ တင်မြှောက်လိုက်တဲ့ အစိုးရထံ အာဏာလွှဲပြီးသည်နှင့် မူလတာဝန်ဖြစ်သော ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့ကိုသာ ဆောင်ရွက်သွားမယ် ဆိုတာ ထပ်မံ ကတိပေးလိုတယ်” လို့ ဦးစောမောင်က ဆိုပါတယ်။၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်တဲ့ နဝတ ကြေညာချက် အမှတ် (၈/၈၈)မှာ “တပ်မတော် အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်စည်းရုံး ယှဉ်ပြိုင်ပြီး နိုင်ငံ့အာဏာ ရရှိရေးအတွက် ဆောင်ရွက်မည့် ပါတီတစ်ရပ်လည်း မဟုတ်တဲ့အပြင် နောင်လာမည့် ရွေးကောက်ပွဲကို တရားမျှတစွာ ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်း တစ်ရပ်ဖြစ်ကြောင်း” ထည့်သွင်း ဖော်ပြခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် မထွက်ချိန် အထိတော့ ဦးစောမောင် အကြိမ်ကြိမ် ကတိပေးပါတယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ်၊ တပ်မတော်က တရားမျှတစွာ ဆောင်ရွက်ပေးမယ် ဒါတွေကို အကြိမ်ကြိမ် ပြောပါတယ်။၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ ပြုလုပ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရပါတယ်။ဒီနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲအပြီး တင်မြှောက်လိုက်တဲ့ အစိုးရကို အာဏာလွှဲပြီးတာနဲ့ စစ်တန်းလျား ပြန်မယ်ဆိုတဲ့ လေသံတွေ ပြောင်းလာပါတယ်။အာဏာရှင် လက်သုံးနည်း ဗျူ ဟာတွေအတိုင်း ကတိဖျက်ခဲ့သလို စကားလိုရာဆွဲ ပြောတာတွေ လုပ်ခဲ့ပါတယ်။(၆)၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးချိန်မှာ စစ်အာဏာသိမ်း အစိုးရက အာဏာ မလွှဲပေးခဲ့ပါဘူး။ လွှတ်တော် မခေါ်ပါဘူး။ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၀ ရက်မှာ စစ်အာဏာသိမ်း နဝတအဖွဲ့က ကြေညာချက်အမှတ် ၁/၉၀ ကို ထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲ အနိုင်ရ NLD ကို အာဏာလွှဲမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောဆိုလိုက်တဲ့ ကြေညာချက်တစ်ရပ် ဖြစ်ပါတယ်။ သူတို့ ဆိုလိုရင်းက ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ အတွက်ပဲ ဆိုတဲ့ သဘောပါ။“နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်သည် ပြည်သူ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာရုံဖြင့် ဥပဒေပြု အာဏာ၊ စီမံခန့်ခွဲမှု အာဏာနှင့် တရားစီရင်မှု အာဏာဟူသော အချုပ်အခြာအာဏာ သုံးရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေ တစ်ရပ်ရပ်အပေါ် အခြေပြု၍သာ ရယူနိုင်ကြောင်း အထူးရှင်းလင်းရန် လိုမည် မဟုတ်ပါ” လို့ ၁/၉၀ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် “ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် နိုင်ငံရေးပါတီ အများစု၏ ဆန္ဒမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးဖြစ်ကြောင်း ယင်းတို့၏ သဘောထား ကြေညာချက်များအရ သိရှိနိုင်သည်” ဆိုတဲ့ အချက်ကိုလည်း ဖော်ပြပါတယ်။ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ အသီးသီးရဲ့ ဟောပြောချက်တွေကို ပြန်ကြည့်တဲ့အခါ ကြေညာချက် ၁/၉၀ မှာ ပြောထားသလိုပုံစံမျိုး မဟုတ်တာကို တွေ့ရပါတယ်။ နိုင်ငံရေးပါတီတိုင်းက ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးမှာပဲလို့ ယုံကြည်ခဲ့ကြပါတယ်။၁/၉ဝ ကြေညာချက်မှာပဲ အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ စစ်အစိုးရတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ စစ်အစိုးရတစ်ရပ်ဖြစ်တာနဲ့အညီ “ မာရှယ်လော (Martial Law) ကို ကိုင်စွဲကျင့်သုံးနေတဲ့ အစိုးရဖြစ်တယ်။ ဒီအတွက် ဥပဒေပြု အာဏာ၊ စီမံခန့်ခွဲမှု အာဏာ၊ တရားစီရင်မှု အာဏာ၊ အာဏာသုံးရပ်လုံးကို ကျင့်သုံးဆောင်ရွက်သွားမယ်” လို့ ဖော်ပြပါတယ်။“နိုင်ငံတော်အာဏာကို ရယူရေးအတွက် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံမည် မဟုတ်သည့်အပြင် ထိုသို့ ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း” ဆိုတဲ့ အချက်ကိုလည်း ကြေညာချက်မှာ ထည့်သွင်းခဲ့ကြပါတယ်။၁/၉ဝ ကြေညာချက်ထွက်ပြီးလို့ အောက်တိုဘာ ၁၈ ရက်မှာ ဦးစောမောင်က ရေဒီယိုမိန့်ခွန်း ပြောခဲ့ပါတယ်။ဒီမိန့်ခွန်းမှာပဲ သူပေးထားတဲ့ ကတိကို သူကိုယ်တိုင် ဖျက်ခဲ့ပါတယ်။ ဝါဒဖြန့်ချိသူတချို့ ပြောနေကြတဲ့ စစ်သားကောင်းကြီးကိုယ်တိုင် ကတိဖျက်ခဲ့တာပါ။ သူအပါအဝင် စစ်အာဏာသိမ်းခေါင်းဆောင်တွေအကုန် ကတိဖျက်ခဲ့ပါတယ်။“ကျွန်တော့်ကို လူတွေ မေးတယ်။ စစ်တပ်က အာဏာ ဘယ်တော့ လွှဲပေးမလဲတဲ့။ ဒါတော့ ကျွန်တော် ဘယ်ပြောတတ်ပါ့မလဲ။ ဘယ်သူမှ မနက်ဖြန်ခါ ဘာဖြစ်မလဲဆိုတာ မသိတာ။ ဖြစ်လာတဲ့ အခြေအနေအရသာ လုပ်ရမှာပေါ့။ မနက်ဖြန်ကာ ကျွန်တော် ရေနစ် သေချင်သေမယ်။ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ပုဂံခေတ် အနော်ရထာမင်း အရည်းကြီးဂိုဏ်းကို ဖြိုခွင်းသလို ကျွန်တော်လည်း ဒီနေ့ တာဝန်အရလုပ်တာပဲ။ ဒါဟာ ငရဲကျချင်လည်း ကျမယ်။ ကျ ပါစေ။ လုပ်ရမှာပေါ့”လို့ ဦးစောမောင်က ပြောခဲ့တာပါ။၁/၉ဝ ထုတ်ပြီး နောက်ပိုင်း NLD ထိပ်ခေါင်းဆောင်တွေ အပါအဝင် လူအများအပြားကို ဂန္ဒီခန်းမမှာလုပ်တဲ့ NLD ဗဟိုဦးစီးအဖွဲ့ နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပထမအကြိမ် ပဏာမအစည်းအဝေးကိစ္စနဲ့ ဖမ်းဆီးလိုက်ပါတယ်။အစောဆုံး ဖမ်းခံခဲ့ရသူတွေထဲမှာ NLD ဗဟိုဦးစီးအဖွဲ့ဝင် ၂၉ ဦးထဲက ၁/၉ဝ ကို လက်မခံသူ ခြောက်ဦး အပါအဝင် လူနှစ်ဆယ်ခန့် ပါခဲ့ပါတယ်။ အဲဒီအချိန်မတိုင်ခင်နဲ့ အဲဒီအချိန် နောက်ပိုင်းမှာလည်း NLD ခေါင်းဆောင်တွေကို ဆက်တိုက် ဖမ်းဆီးပါတယ်။
၂၀၁၄ ခုနှစ်အတွက် Failed States သတ်မှတ်မှုတွင် မြန်မာနိုင်ငံအား အာဖရိကနိုင်ငံများနှင့်တန်းတူ တွေ့ရစဉ် (Photo:Fragile States Index 2014)(၇)၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က သမာသမတ် ကျခဲ့ပါတယ်။မြန်မာ့သမိုင်းမှာ သွေးထွက်သံယိုမှုနဲ့ အကြမ်းဖက်မှု အကင်းဆုံး၊ သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပေးသူ စစ်ခေါင်းဆောင်တွေ ကတိဖျက်ခဲ့ပါတယ်။ ကတိမဖျက်ဘူး၊ ကြိုပြောထားတယ်လို့ သူတို့ ဆိုကြပေမဲ့ ကတိဖျက်ခဲ့ကြတာပါ ပဲ။ သူတို့ဆီကနေ တိကျပြတ်သားတဲ့ ကတိ မရခဲ့တာလည်း အားနည်းချက် ဖြစ်ခဲ့ပါတယ်။ဒီနေရာမှာ NLD ကို ပြစ်တင် ပြောဆိုနေကြတဲ့အချက်ကို ထည့်ပြောရပါမယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဦးတင်အေး ပြောခဲ့တာ ရှိပါတယ်။“ပစ်ခတ်ပြီး ထိန်းသိမ်းခဲ့တဲ့ တပ်မတော်က အာဏာလွှဲပေးချင်လို့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့တယ်။ NLD နိုင်ပါတယ်။ အာဃာတ တရားရှေ့ထားတဲ့အခါကျတော့ ကျွန်တော်တို့က အာဏာလွှဲလို့ မရဘူး”လို့ ဦးတင်အေးက ပြောခဲ့တာပါ။ဦးတင်အေးပြောတဲ့ အာဃာတဆိုတာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးမှာ NLD ဒုတိယဥက္ကဠ ဦးကြည်မောင်ပြောခဲ့တဲ့ “နုရင်ဘတ်ခုံရုံး” ဆိုတဲ့ အသုံးအနှုန်းကို ပြောချင်ပုံရပါတယ်။Asia Week မဂ္ဂဇင်း ဂျာနယ်လစ် ဒေါမနစ်ဖော်လာနဲ့ အင်တာဗျူးမှာ ဦးကြည်မောင်က “နုရင်ဘတ်ခုံရုံး”ဆိုတဲ့ စကားကို သုံးခဲ့ပါတယ်။မေးခွန်းက ရွေးကောက်ပွဲ အနိုင်ရ NLD က အစိုးရဖွဲ့ပြီးချိန် မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရားရုံးတင် စစ်ဆေးဖို့ အစီအစဉ် ရှိသလားလို့မေးတာပါ။ ဒီမေးခွန်းကို ဦးကြည်မောင်က ပြန်ဖြေတဲ့အခါ “မြန်မာနိုင်ငံမှာ နုရင်ဘတ်ခုံရုံးလို ရုံးတင်စစ်ဆေးဖို့ အစီအစဉ် မရှိဘူး”လို့ ပြောခဲ့တာပါ။ဦးကြည်မောင်ဆိုတာ တပ်မတော်က လာခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။ ဦးကြည်မောင်ရဲ့ ပြောစကားကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့ကို နုရင်ဘတ် စစ်ခုံရုံးပို့မယ်ဆိုတဲ့ အဓိပ္ပာယ်ယူခဲ့ပါတယ်။ ဒီလို ဖြစ်အောင်လည်း ဦးခင်ညွန့်က စစ်တပ်ထဲမှာ ဝါဒဖြန့်ပါတယ်။ ဦးခင်ညွန့်ရဲ့ ဝါဒဖြန့်ချိမှု အောင်မြင်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ နောက်လိုက်တွေက NLD မှာ အာဃာတ ရှိနေတယ်၊ ဒါကြောင့် အာဏာလွှဲပေးစရာ မလိုဘူးဆိုတဲ့ ယူဆချက်ကို အခိုင်အမာ ဆုပ်ကိုင်ခဲ့ပါတယ်။ဦးကြည်မောင်က အာဃာတ တရား မထားခဲ့ပါဘူး။ သူကိုယ်တိုင်လည်း အဖမ်းခံခဲ့ရပါတယ်။ ဘယ်သူတွေက ပိုပြီး အာဃာတ ထားခဲ့သလဲ။၁၉၈၉ ခုနှစ် ဇူလိုင် ၁၈ ရက် မှာ စစ်အာဏာသိမ်း နဝတအစိုးရက ကြေညာချက်တစ်စောင် ထုတ်ခဲ့ပါတယ်။မာရှယ်လော အမိန့် ၂/၉ဝ ကြေညာချက်ပါ။အဲဒီကြေညာချက်မှာ “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ထားသော အမိန့်ကိုဖြစ်စေ၊ အစိုးရအဖွဲ့က ထုတ်ပြန်ထားသော အမိန့်ကိုဖြစ်စေ၊ သက်ဆိုင်ရာ စစ်တိုင်းမှူးက ထုတ်ပြန်သော အမိန့်ကိုဖြစ်စေ၊ အာဏာဖီဆန်သော အမှုများကို စစ်ခုံရုံးဖြင့်သာ ကြားနာ စစ်ဆေးစီရင်စေရမည်။ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါ ရှိစေကာမူ စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက (က) သေဒဏ်၊ (ခ) တစ်သက်တစ်ကျွန်းဒဏ်၊ (ဂ) သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်တို့ကို ချမှတ်နိုင်သည်”ဆိုတာ ပါခဲ့ပါတယ်။(၈)၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာလွှဲမပေးခဲ့ခြင်းရဲ့ အကျိုးဆက်က နိုင်ငံရေးအရ ချွတ်ခြုံကျပြီး လူတော်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ဒုတိယအချက်က စီးပွားရေး ချွတ်ခြုံကျနေတဲ့ နိုင်ငံတစ်နိုင်ငံကို နာလန်မထူ ကျဆုံးစေခဲ့တဲ့ တိုင်း ပြည် (Failed State) ဖြစ်စေခဲ့တာ ပါပဲ။ဒါကို အဲဒီအချိန်က စစ်အာဏာသိမ်းခေါင်းဆောင်တွေ လက်မခံချင်ကြပါဘူး။ဒါပေမဲ့ သူတို့ကြောင့်ပဲ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး ဖြစ်သွားပါတယ်။ပြည်သူတွေ မွဲတေသွားပေမဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုက အစပြုပြီး ၁၉၈၉ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ ၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နယက) အဖွဲ့ဝင် စစ်ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေနဲ့ သူတို့ သားသမီး၊ မိသားစုတွေအားလုံးကို ပြန်ကြည့်လိုက်ပါ။ အများကြီး မရှိပါဘူး။ လူ ၅ဝဝ လောက်ပဲ ရှိပါတယ်။ သူတို့ ကိုယ်တိုင်ပင်လျှင် မဆလခေတ် ဝန်ကြီးတစ်ယောက်ပိုင်တဲ့ အိမ်ဆိုတာ အခုခေတ် ဝန်ကြီးတစ်ယောက် ရဲ့ အိမ်သာလောက်ပဲ ရှိတယ်လို့ ဂုဏ်ယူ ထုတ်ပြောတတ်ပါတယ်။ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ပေမဲ့ အဲဒီလူတွေရဲ့ ချမ်းသာကြွယ်ဝမှုက အဆမတန် ဖြစ်ခဲ့ပါတယ်။တိုင်းပြည် ဆင်းရဲမွဲတေနေတဲ့ အကြောင်းကို ကိန်းဂဏန်းတစ်ချို့ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။၁၉၇၉ ခုနှစ် အချိန်မှာ မြန်မာနိုင်ငံရဲ့ စားသုံးကုန်ဈေးနှုန်း(စားသုံးသူ ဈေးဆနှုန်းကိန်း-CPI )က ၇၇ ဒသမ ၃၃ ရှိပါတယ်။ ၁၉၈၉ ခုနှစ်မှာ ၁၈၄ ဒသမ ၁၅ ကို ရောက်ပါတယ်။ အခု၂ဝ၁၄ ခုနှစ်မှာ ပျှမ်းမျှ ၁၈၅ ဒသမ ၄၇ မှာ ရှိနေခဲ့ပါတယ်။ဒါဟာ ၁၉၈၉ ခုနှစ်က ပြည်သူလူထုရဲ့ ဆင်းရဲကျပ်တည်းမှုနဲ့ အခုအချိန် ပြည်သူလူထု ရင်ဆိုင်နေရတဲ့ ဆင်းရဲကျပ်တည်းမှု တူနေတာ ဖြစ်ပါတယ်။ရန်ကုန်မြို့ကိုပဲ ဥပမာထား ကြည့်ရင် ဒီအချက်ကို တွေ့နိုင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ရန်ကုန်မြို့ရဲ့ နှစ်စဉ် စားသုံးကုန်ဈေးနှုန်း ဖောင်းပွမှုနှုန်းက ၁၆ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂ဝဝ၈ ခုနှစ် ရောက်တဲ့အချိန်မှာ ၂၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိသွားပါပြီ။နောက်တစ်ချက်က ငွေကြေးဖောင်းပွမှုနှုန်း ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၆ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်ကို ရောက်တဲ့အချိန်မှာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ၂ဝ၁၄ ခုနှစ်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၅ ဒသမ ၆၂ ရှိတယ်လို့ အစိုးရက ပြောထားပါတယ်။၂ဝဝ၈ ခုနှစ်အထိတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ တစ်နှစ်ကို ပျှမ်းမျှ ၂၅ ရာခိုင်နှုန်းမှာ ရှိနေခဲ့ပါတယ်။ငွေကြေးဖောင်းပွနှုန်း မြင့်မားခဲ့ခြင်းက တိုင်းပြည်ကို ချောက်ထဲဆွဲချခဲ့တဲ့ အချက်တစ်ချက် ဖြစ်စေခဲ့ပါတယ်။မြန်မာနိုင်ငံအတွက် ငွေကြေးဖောင်းပွမှုနှုန်း ၅ ရာခိုင်နှုန်းကျော်တာနဲ့ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။၁၉၉ဝ ခုနှစ်အလွန် အခုအချိန် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ (၁) ကုန်ဈေးနှုန်း မြင့်မားနေဆဲ ဖြစ်ပါတယ်၊ (၂) ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့ပါတယ်၊ (၃) LDC စာရင်းဝင် နိုင်ငံက ရုန်းထွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီသုံးချက်ကြောင့်ပဲ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု မြင့်မားဆဲဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်ပါတယ်။
(၉)စစ်အာဏာသိမ်း အစိုးရ လက်ထက်နောက်ပိုင်း တိုင်းပြည်ရဲ့ ဂျီဒီပီကလည်း သိသိသာသာ ပြောင်းလဲသွားတာ မရှိပါဘူး။၁၉၈၈ ခုနှစ်က ခန့်မှန်းခြေ ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ၂ဝဝဝ ပြည့်နှစ်မှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ IMF ရဲ့ ခန့်မှန်းချက်အရဆိုရင် ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှုနှုန်းက ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်ကဏ္ဍ၊ သယံဇာတ တူးဖော်မှုတွေ လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရရှိခဲ့ပေမဲ့ အဲဒီငွေတွေက ပြည်သူတွေဆီကို မရောက်ခဲ့ပါဘူး။တစ်ဖက်မှာလည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍက မြန်မာ့စီးပွားရေးကို ဆက်လက်လွှမ်းမိုးထားပြီး ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းဟာ ၁၉၆၁ ခုနှစ်နှင့် ၁၉၈၅ ခုနှစ် ကာလတွေအတိုင်း တိုးတက်မှုမရှိဘဲ ဆက်ရှိနေခြင်းကို ပြဆိုထားတယ်လို့ ရောဘတ်တေလာရေးတဲ့ The State in Myanmar စာအုပ်မှာ ဖော်ပြထားပါတယ်။သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ သယံဇာတတူးဖော်မှုတွေအပြင် ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သစ်ထုတ်လုပ်ရေးနဲ့ ကုန်ချောထုတ်လုပ်မှုတွေမှာ ဝင်ငွေ တိုးပွားမှုရှိခဲ့ပေမယ့် အဲဒါတွေက ခရိုနီလုပ်ငန်းရှင်တွေအတွက်ပဲ ဖြစ်ခဲ့ပြီး ပြည်သူတွေအတွက် မဟုတ်ခဲ့ပါဘူး။ပြည်သူတွေ ဘာမှမရခဲ့ပေမဲ့ ကျောက်မျက်၊ သစ်တော အစရှိတဲ့ သဘာဝသယံဇာတတွေက မြန်မာနိုင်ငံမှာ ကုန်ခန်းလာပါတယ်။၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု ဧရိယာက ၅ဝ ရာခိုင်နှုန်းကျော် ရှိပါတယ်။၂ဝ၁ဝ ခုနှစ်မှာ ထူထပ်တဲ့ သစ်တောက ၁၉ ရာခိုင်နှုန်းကျော်ပဲ ကျန်ပါတော့တယ်။၂ဝဝ၁ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အတွင်း ကျွန်းနဲ့ သစ်မာတန်ချိန် ၂၁ သန်း နီးပါးအထိ ထုတ်ယူ ခဲ့ကြပါတယ်။ ဒါက တရားဝင်ထုတ်ယူတဲ့ တန်ချိန်ပဲ ရှိပါသေးတယ်။ တရားမဝင်ကလည်း အဲ့ဒီပမာဏထက် မနည်းတဲ့ ပမာဏမျိုး ခိုးထုတ်ခဲ့တာကြောင့် နှစ်ပေါင်း ၁၃ နှစ်အတွင်းမှာပဲ သစ်တန်ချိန် သန်း ၄ဝ ဝန်းကျင်အထိ ထုတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ပတ္တမြားအပါအဝင် အဖိုးတန် ကျောက်မျက်ထွက်ရှိမှုမှာလည်း တစ်နှစ်ထက် တစ်နှစ် များစွာ လျော့ကျလာခဲ့ပါတယ်။၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာနှစ်က အဖိုးတန်ကျောက်မျက် ကာရက် ၄၈ သန်းကျော်အထိ ထုတ်ယူနိုင်ခဲ့ပေမယ့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ အဖိုးတန်ကျောက်မျက် ကာရက် ၁၃ သန်းကျော်ပဲ ထုတ်ယူနိုင်တဲ့အထိ အဖိုးတန် ကျောက်မျက် ထွက်ရှိမှု ထိုးကျလာပါတယ်။အဖိုးတန်ကျောက်မျက်ထဲမှာ မှ ပတ္တမြားထွက်ရှိမှုဟာ သိသိသာသာ လျော့ကျလာခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပတ္တမြား ကာရက် ၁ သန်းကျော် ထုတ်နိုင်ခဲ့ပေမယ့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ရောက်တော့ ပတ္တမြား ကာရက် ၈ သိန်းကျော်ပဲ ထုတ်နိုင်တဲ့အထိ ထိုးကျသွားပါတယ်။ ဒါက မြေပေါ်မြေအောက် သယံဇာတ ထွက်ရှိမှုလျော့ကျသွားတာပါ။(၁၀)နိုင်ငံရဲ့ အခြေခံထုတ်ကုန် ဆန်ကို ကြည့်ရင်လည်း ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ်ကနေ ၁၉၈၆ ခုနှစ်မှာ တန်ချိန် ၇ သိန်းလောက်ပဲ တင်ပို့နိုင်ပါတော့တယ်။ အာဏာသိမ်း စစ်အစိုးရလက်ထက် ရောက်တော့ အဲ့ဒီထက် ပိုဆိုးသွားပြီး ၁၉၉ဝ ခုနှစ်မှာ တန်ချိန် ၁၃ဝဝဝဝ ကျော်ပဲ တင်ပို့နိုင်ပါတော့တယ်။ အဲ့ဒီကနေစပြီး ၂ဝဝ၇ -၂ဝဝ၈ ဘဏ္ဍာနှစ် ရောက်တဲ့အထိ လုံးဝပြန်တက်မလာဘဲ အများဆုံးမှ တန်ချိန် သုံးသိန်းကျော်ပဲ ပို့နိုင်ခဲ့ပါတယ်။၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်ရောက်မှ ၁၉၈၆ ခုနှစ်က အခြေအနေအတိုင်း တန်ချိန် ခုနစ်သိန်း နီးပါးကို ပြန်တင်ပို့နိုင်ခဲ့တဲ့အထိ ဆန်တင်ပို့နိုင်စွမ်းအားတွေ ကျဆင်းခဲ့ပါတယ်။သဘာဝဓာတ်ငွေ့၊ သယံဇာတ ထုတ်လုပ်မှုအပါဝင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ၊ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေ အဆမတန် ချမ်းသာခဲ့ပေမယ့် အစိုးရ ကောက်ယူခဲ့တဲ့ အခွန်ငွေက အားရစရာ မရှိခဲ့ပါဘူး။ အဆမတန်ချမ်းသာသူ လူတစ်စုကပဲ အခွန်ရှောင်တိမ်းမှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ခဲ့ပါတယ်။၁၉၅၈ ခုနှစ် အစိုးရ ဂျီဒီပီမှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းက အခွန်ငွေက တစ်ဆင့်ရခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ၁ဝ ဒသမ ၆ ရာခိုင်နှုန်း၊ ၁၉၈၅ ခုနှစ်မှာ ၉ ဒသ မ ၉ ရာခိုင်နှုန်းရပါတယ်။ဒါပေမဲ့ ၁၉၉ဝ ပြည့်နှစ် စစ်အာဏာသိမ်းအစိုးရအလွန် ၂ဝဝ၅ ခုနှစ်မှာ နိုင်ငံ့ ဂျီဒီပီရဲ့ ၆ ဒသမ ၁ ရာခိုင်နှုန်းသာ အခွန်ငွေအဖြစ် ရခဲ့ပါတယ်။နိုင်ငံ့ဂျီဒီပီက တစ်ဆင့် အသုံးပြုတဲ့ စရိတ်တွေကို ကြည့်ရင်လည်း ပြည်သူတွေ အဓိက အားထားနေရတဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။၂ဝဝဝ ပြည့်နှစ်မှာ ပညာရေးရဲ့ အသုံးစရိတ်ဟာ ဂျီဒီပီရဲ့ ၁ ဒ သမ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ကျဆင်းသွားပြီး ဝ ဒသမ ၅ ရာခိုင်နှုန်းပဲ အသုံးပြုခဲ့ပါတယ်။ကျန်းမာရေးမှာလည်း ပညာရေးနည်းတူပါပဲ။ ၂ဝဝဝ ပြည့်နှစ်မှာ ကျန်းမာရေးအတွက် အသုံးစရိတ်ဆိုတာ နိုင်ငံ့ဂျီဒီပီရဲ့ ဝ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂ဝဝ၅ ခု နှစ်မှာ ဝ ဒသမ ၂ ရာခိုင်နှုန်းကို ရောက်သွားပါတယ်။သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂ဝ၁၅ ခုနှစ်မှာ ပညာရေး အသုံးစရိတ်ကို ၅ ဒသမ ၉၆ ရာခိုင်နှုန်း၊ ကျန်းမာရေးစရိတ်ကို ၃ ဒသမ ၆၅ ရာခိုင်နှုန်းအထိ တိုးသုံးလာပေမယ့် နှစ် ၂ဝ ကြာ ချိုးနှိမ်ခံထားရတဲ့ အဲဒီကဏ္ဍတွေ ပြန်လည်ထူထောင်ဖို့ မလုံလောက်ပါဘူး။(၁၁) ဦးစောမောင်က ဦးနေဝင်းရဲ့ သမိုင်းဆိုးကို ဆက်ခံပါတယ်။ ဦးစောမောင်ရဲ့ သမိုင်းဆိုးကို ဦးသန်းရွှေ ဆက်ခံခဲ့ပါတယ်။ဦးနေဝင်းရဲ့ ၂၆ နှစ်မှာ မြန်မာနိုင်ငံဟာ စီးပွားအရ ချွတ်ခြုံကျခဲ့တယ်။ ဦးစောမောင်၊ ဦးသန်းရွှေတို့ရဲ့ ၂၂ နှစ်တာကာလမှာ နာလန်မထူ၊ ကျဆုံးတဲ့ နိုင်ငံ ဖြစ်ခဲ့ရပါတယ်။သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း ငါးနှစ်မှာ ပြည်သူတွေအတွက် ထိရောက်တဲ့ တိုးတက်မှု မဖြစ်ထွန်းသေးပါဘူး။ LDC စာရင်းဝင်နိုင်ငံအဖြစ်က မလွတ်သေးပါဘူး။ အာဆီယံနိုင်ငံတွေကြားမှာ အနိမ့်ဆုံးစာရင်း ဝင်နေပါတယ်။ မြန်မာဟာ အာဖရိကနိုင်ငံတွေနဲ့ တန်းတူ ထားခံနေရတုန်းပါ။၂ဝ၁၅ မှာ ၁၉၉ဝ ပြည့်နှစ် အမှားမျိုး ထပ်မလုပ်ဖို့ လိုပါတယ်။ ထပ်မှားလို့ မဖြစ်တော့ပါဘူး။၂ဝ၁၅ ခုနှစ်မှာ မတည်မငြိမ်ဖြစ်နိုင်တာ နှစ်ချက်ပဲ ရှိပါတယ်။ ရွေးကောက်ပွဲကို ညစ်ပတ်မယ်၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ်ဆိုရင် မတည်မငြိမ် ဖြစ်ပါလိမ့်မယ်။ဒီအတွက် သမ္မတဦးသိန်းစိန် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အခိုင်အမာ ကတိပေးဖို့ လိုပါတယ်။၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အချိန်အတွင်း လွတ်လပ်သန့်ရှင်းမျှတစွာ လုပ်ပေးရမယ်။ ရွေးကောက်ပွဲကတစ်ဆင့် တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးပါမယ်ဆိုတဲ့ ကတိ ပေးရပါလိမ့်မယ်။