စိတ်ရင်းကောင်း ဗိုလ်ချုပ်အောင်ဆန်း

စိတ်ရင်းကောင်း ဗိုလ်ချုပ်အောင်ဆန်း
Published 8 February 2015
မြေနီသစ္စာ

ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်ရွယ်သော်လည်း အတွေးအခေါ် အမြော်အမြင် ရင့်ကျက်သည်။ ရိုးသားသည်။ သဘောထား ပြည့်ဝသည်။ မြန်မာနိုင်ငံ လူနည်းစု တိုင်းရင်းသားများနှင့် ပတ်သက်၍ အထူးစေတနာထားခြင်း၊ ရက်ရောခြင်းက သူ့စိတ်ရင်းကောင်းမှု၊ အမြော်အမြင် ကြီးမှုကို ပြသည်။ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီ၏ As it Happened, London, Odhamn, 1956 စာအုပ်ပါ ကိုးကားချက်။(ဒေါက်တာမောင်မောင်၊ နိုင်ငံတော်လုပ်ကြံမှု၊ စာ-၃၉။)မြန်မာ့လွတ်လပ်ရေးပေးဖို့အတွက် ဗြိတိသျှနန်းရင်းဝန် အက်တလီက ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိန်သို့ ခေါ်ယူတွေ့ဆုံသည်။ ထိုအခါတွင် ဗိုလ်ချုပ်သည် အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။ ၃၂ နှစ်သား ဗိုလ်ချုပ်သည် တကယ်ပင် အမျိုးသားခေါင်းဆောင်ကြီး ဖြစ်နေပြီ။၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်းအက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။ အမှတ် ၁၀ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့ရှိ ဗြိတိသျှနန်းရင်းဝန်ကြီး အက်တလီအိမ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။ ၁၃-၁-၁၉၄၇ နေ့က လန်ဒန်တွင် ဗြိတိသျှအစိုးရနှင့် ဗိုလ်ချုပ်တို့ ဆွေးနွးရာက ရရှိခဲ့သည့် နောက်ဆုံးရလဒ် ဖြစ်သည်။ယင်းစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့၍ တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေး ရရှိရေးမှာ သေချာသွားသည်။ ယင်းသို့ သေချာသွားအောင် ဗိုလ်ချုပ်က သူ့သဘောထားကို ဗြိတိသျှ-မြန်မာ ဆွေးနွေးပွဲမှာ ပြတ်ပြတ်သားသား အရေးဆိုပြီး ဗြိတိသျှအင်ပါယာ အတွင်းရှိ လက်အောက်ခံနိုင်ငံများအနက် ဒိုမီနီယံအဆင့် သို့မဟုတ် ဗြိတိသျှဓနသဟာယနိုင်ငံ အဖွဲ့ဝင် တစ်နိုင်ငံအဖြစ် မနေလိုဘဲ လုံးဝလွတ်လပ်ရေး လိုချင်ပါသည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား အရေးဆိုခဲ့ခြင်းပင်။လန်ဒန်ရောက် မြန်မာ့လွတ်လပ်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဖျက်မြင်းနှစ်ဦး ပါလာသည်။ သခင်ဗစိန်နှင့် ဦးစောတို့ဖြစ်သည်။ ဦးစောနှင့် သခင်ဗစိန်တို့က အောင်ဆန်းအက်တလီစာချုပ်ကို လက်မှတ်မထိုးပါ။‘သခင်ဗစိန်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီတို့ နှစ်ဦးနှစ်ဖက် နားလည်မှုရပြီး သဘောတူစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်ကို အတော်ပင် မကျေမနပ် ဖြစ်နေရာ ထိုနေ့က တရုတ်သံအမတ်ကြီး၏ နေ့လယ်စာစားပွဲမှာ အရက်တွေ မူးအောင်သောက်ပြီးနောက် သခင်ဗစိန်သည် ထ၍ ရင်ဖွင့်ပါလေတော့သည်။သခင်ဗစိန်က မြန်မာ့လွတ်လပ်ရေးကို သူသာလျှင် အလိုချင်ဆုံး ဖြစ်သယောင် ကိုယ်ရည်သွေးကာပြောရင်း မြန်မာပြည်နိုင်ငံရေးတွင် အရာမရောက်သူတစ်စု (ဗိုလ်ချုပ်တို့ကို ရည်ရွယ်ပြောဟန်) ဝင်ရှုပ်နေသည်ကို နာကြည်းကြောင်း စသဖြင့် သွယ်ဝိုက်ပုတ်ခတ် ပြောသွားသည်။(တက္ကသိုလ်နေဝင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း-စာ ၁၄၀။)သဘောထားကြီးသော ဗိုလ်ချုပ်သည် သခင်ဗစိန် အရက်မူးပြီး ပြောသည်ကို တစ်လုံး တစ်ပါဒမျှ မပြောပါ။ စိတ်ထိခိုက်ပုံလည်း ဗိုလ်ချုပ်က မပြ၍ သခင်ဗစိန် ပြောချင်ရာ ပြောသွားသည်မှာ အဓိပ္ပာယ် မရှိတော့ပါ။ဗိုလ်ချုပ်သည် ဦးတည်ချက်ကိုသာ စူးစိုက်ဖြည့်ကျင့် ဆည်းပူးတတ်ပုံကိုလည်း ရဲဘော်သုံးကျိပ်စာအုပ်တွင် စာရေးဆရာ မြဒေါင်းညိုက ဤသို့ ဖော်ညွှန်းထားသည်။သခင်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုသည့်အတိုင်း အလွန်ရိုးသားသည်။ တစ်ခါက ကျွန်ုပ်တို့သည် ဆူနေသော ကျောင်းဆောင်အခန်းထဲသို့ ရောက်သွားရာ ခေါင်းစုတ်ဖွားနှင့် စွပ်ကျယ်အင်္ကျီဟပြဲ၊ စုတ်ပြဲနေသော လုံချည်ကိုဝတ်လျက် ပတ်ဝန်းကျင်လောကကြီးကို အရေးမစိုက်သော ပုံမျိုးဖြင့် စာကုန်းကြည့်နေသော သခင်အောင်ဆန်းကို တွေ့မြင်ခဲ့ရလေသည်။ သူနေသော အခန်းမှာ အခြားကျောင်းသားများကဲ့သို့ တန်ဆာဆင်မထားသော်လည်း အခန်းထောင့် တစ်ထောင့်ရှိ စာအုပ်စင်ပေါ်တွင် နိုင်ငံရေး၊ ပညာရေးနှင့် ပတ်သက်သော စာအုပ်များကို တွေ့ရှိရလေသည်။ စာအုပ်တစ်အုပ် အမည်ကို ယနေ့တိုင် မမေ့သေးပေ။ ဂရိခေါမတိုင်းရင်းသား အဘိဓမ္မာဆရာကြီး ပလေတိုရေးသည့် သမ္မတနိုင်ငံကျမ်းပင် ဖြစ်သည်။တိုင်းပြည်၏ အကျိုးအတွက် နေ့ရောညပါ ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်လို၍ ကျောင်းမှထွက်လာသည်ဟု သခင်အောင်ဆန်းက သတင်းစာတိုက်များသို့ ပေးပို့သော ကြေညာချက်တွင် ထုတ်ဖော်ရေးသားခဲ့၏။ အမှန်အားဖြင့် သခင်အောင်ဆန်းသည် သခင်ကိုယ်တော်မှိုင်း၏ သြဝါဒပယောဂကြောင့် ကျောင်းသားဘဝမှ နိုင်ငံရေးသမားဘဝသို့ ကူးပြောင်းသွားခြင်း ဖြစ်လေသည်။ ဌာနချုပ် တို့ဗမာအစည်းအရုံးတွင် တွဲဖက်အတွင်းရေးမှူး ဖြစ်လာသည်။ ၁၉၃၈ တွင် အထွေထွေအတွင်းရေးမှူး အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံရ၏။ ထိုအခါမှစ၍ သခင်နာမည် ခံယူခဲ့၏။ ထိုစဉ်အခါက ဝန်ထောက်ရာထူးကို ဗြိတိသျှအစိုးရ ဖျားယောင်းပြီး ထိုးပေးသော်လည်း သခင်အောင်ဆန်းက တံတွေးပေါက်မျှ အောက်မေ့ခဲ့သည်။ရန်ကုန်မြို့၊ ရေကျော်လမ်း၊ အမှတ်- ၇၆ သည် သခင်အောင်ဆန်း၏ နိုင်ငံရေးကျက်စားရာ ရိပ်မြုံကြီး ဖြစ်လေသည်။ အကြောင်းကား သခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာအစည်းအရုံးတည်ရာ ဌာနချုပ် ဖြစ်သောကြောင့်တည်း။ သခင်အောင်ဆန်းမှာ လုံချည်တစ်ထည်ကို တစ်ခါက မဲပြာပုဆိုးအဖြစ်နှင့် ဆယ့်ငါးရက် တစ်လကြာအောင် ဝတ်၍ ဘိုဆံတောက်ကိုလည်း တစ်လတစ်ခါ မညှပ်ဖြစ်ဘဲ လမ်းဘေးထမင်းဆိုင် ဝင်စားနေသောအခါ ဖြစ်လေသည်။‘ခင်ဗျားဆံပင်တွေ မုတ်ဆိတ်တွေ ရှည်လှပါပကော၊ တောထွက်မလို့လားဗျာ။ ဆံပင်ညှပ်ဆိုင် သွားညှပ်ရအောင်’ ဟု အလုပ်ခွင်တွင် ခေါင်းမြှုပ်၍ အလုပ်ဈာန်ပွားနေသော သခင်အောင်ဆန်းကို ရဲဘော်များက ပြောပြောဆိုဆိုနှင့် အတင်းဆွဲခေါ်ပြီး ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်၊ အမွေးအမှင်များ ရှင်းလင်းသုတ်သင် ခိုင်းကြရလေ၏။ထိုစဉ်အခါက သူ၏ ရဲဘော်ရဲဘက်၊ ငတ်ဖော်ငတ်ဖက် လူရင်းကြီးများမှာ သခင်နုနှင့် သခင်သန်းထွန်းတို့ ဖြစ်ကြသည်။သခင်အောင်ဆန်းသည် နိုင်ငံရေးပုန်ကန်ရေး၊  စစ်ရေးရာနှင့် ပတ်သက်သော ရုပ်ရှင်ကားများ သွားရောက်ကြည့်ရှုလေ့ ရှိခဲ့သည်။ တစ်ရံရောအခါ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ လူတစ်သိုက်ကို အင်္ဂလိပ်ရုပ်ရှင်ရုံ ရှစ်ယောက်တန်း၌ပင် မြင်တွေ့ခဲ့ရဖူး၏။ သခင်အောင်ဆန်းသည် ရှစ်ယောက်တန်း ရှေ့ဆုံးတန်းလျားပေါ်တွင် ဘယ်သူမျှ ဂရုမစိုက်သော ရှုမျိုးဖြင့် ရုပ်ရှင်ကားကိုသာ စူးစိုက်ကြည့်နေသည်။ ရုပ်ရှင်ကားနာမည်မှာ ဂျာရက်ဇ် JUAREZ၊ ဇာတ်လမ်းမှာ မက္ကစီကိုပြည်၌ မက္ကစီကို လူမျိုးများသည် မျိုးချစ်ခေါင်းဆောင်ကြီး ဂျာရက်ဇ်၏ ခေါင်းဆောင်မှုဖြင့် သြစတြီးယန်း အဓမ္မရှင် ဧကရာဇ်ကို တော်လှန်ခြင်းအားဖြင့် အောင်မြင်ခဲ့၏။ဤကား စာရေးဆရာမြဒေါင်းညို၏ ကိုယ်တွေ့နှင့် သုံးသပ်ချက်များပင်။တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး အဖြစ်နှင့် နယ်ထွက်သည့်အခါ နယ်အစည်းရုံးဝင်တို့သည် တခမ်းတနား စည်တော်များ ယွန်း၍ပင် ကြိုသည်။ ထိုအခါမျိုးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သူနှင့် အဖော်ပါလာသူတွေကိုသာ ကျကျနန ဝတ်စားအကြိုခံစေပြီး သူကိုယ်တိုင်ကမူ နောက်လိုက်ငယ်သား တစ်ယောက်အနေဖြင့် မထင်မရှား လိုက်ပါလေ့ရှိ၏။ ဥက္ကံမြို့ တရားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မထင်မရှားတရားနာ ပရိသတ်လူထုအတွင်းကထ၍ တရားဟောပြီးလျှင် လူထုအတွင်းသို့ပင် မထင်မရှား ဝင်ရောက်နေထိုင်ခဲ့၏။အောင်ဆန်းအက်တလီစာချုပ် ချုပ်ခဲ့စဉ်ကလည်း ဖဆပလအတွင်း အများစုက အင်တင်တင်လုပ်ခဲ့ကြ၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအခြေခံ သဘောတရားများအရ လွတ်လပ်ရေးရလျှင်ရ မရလျှင်ချမည်ဟု ဗြောင်သတ်မှတ် လုပ်ကိုင်ခဲ့လေ၏။ ထိုသို့ သတ်မှတ်လုပ်ကိုင်ခဲ့၍ ပြည်ထောင်စုတစ်ခုလုံး၏ စည်းလုံးညီညွတ်ရေးနှင့်အတူ လွတ်လပ်ရေးကို အရယူနိုင်ခဲ့၏။(ရက်စွဲ ၁၉-၇-၁၉၄၉ အာဇာနည် နှစ်နှစ် ပတ်လည်၊ ဟံသာဝတီသတင်းစာပါ ဖော်ပြချက်။)ယင်းကြောင့် ဗိုလ်ချုပ်သည် အသက် ၃၃ နှစ်မပြည့်မီ ကွယ်လွန်သွားသည့်တိုင် စိတ်ရင်းကောင်း ရင့်ကျက်မြော်မြင် ဆင်ခြင်သုံးသပ်မှုနှင့် ပြည့်စုံသည့် အမျိုးသားခေါင်းဆောင်ကြီးအဖြစ် မော်ကွန်းတင်နိုင်ခဲ့ခြင်းပင်။

Most Read

Most Recent