ဒီဘဝကို တစ်ကြိမ်သာ ငါဖြတ်သန်းရပေမည်။ဒါကြောင့် ငါနဲ့ဘဝတူ လူသတ္တဝါတွေ အတွက်ငါလုပ်နိုင်တဲ့ ကောင်းမှုမှန်သမျှငါပေးနိုင်တဲ့ ကြင်နာယုယမှု မှန်သမျှ ယခု ငါလုပ်ပါရစေ။အချိန်မရွှေ့မိပါစေနဲ့၊ မျက်ကွယ် မပြုမိပါစေနဲ့။ဒီလမ်းကို နောက်တစ်ဖန်ငါမလျှောက်လှမ်းတော့ပြီ ဖြစ်သောကြောင့်ပင်။အေးတီးယန်းဒီဂရဲလေး (Etienne de grellet) ရဲ့ အထက်ပါ အဆိုအမိန့်လေးကို မကြာခဏ သတိရနေမိသည်။ ကုသိုလ်ကောင်းမှုလုပ်ဖို့ အမြဲလိုလို အချိန်ရွှေ့တတ်တဲ့ သူတွေထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင် ဖြစ်နေသည်မို့ အဲဒီ အဆိုအမိန့်လေးနဲ့ မကြာခဏ တိုက်တွန်းလှုံ့ဆော် ပေးနေရပါသည်။တစ်ခုသော တနင်္ဂနွေနေ့ တစ်ရက်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု အေးတီးယန်းရဲ့ စကားကို လိုက်နာတဲ့အနေနဲ့ ပရဟိတ ခရီးတိုလေးတစ်ခု ထွက်ဖြစ်ခဲ့ကြပါသည်။ ကျွန်တော်တို့သွားမှာ ဒိုက်ဦးမြို့ရှိ ကန်တော်မင်္ဂလာ ပရဟိတ ကျောင်းတိုက်ဆီသို့ ဖြစ်ပါသည်။ ရန်ကုန်မှ မွန်းလွှဲ ၁၂ နာရီခွဲ ထွက်လာခဲ့ကြသည်မို့ ဒိုက်ဦးကို ညနေ ၄ နာရီခန့်မှ ရောက်သွားပါသည်။ မြို့ခံအဖြစ် ဖေ့ဘွတ်စ်မှတစ်ဆင့် ခင်မင်ခဲ့ရသော ညီမလေး မနောချိုတို့အိမ်သို့ ဦးစွာရောက်သွားကြပါသည်။ တကယ်တော့ ဤအလှူပွဲလေး ဖြစ်မြောက်ခဲ့ရသည်မှာလည်း အဆိုပါ ညီမလေး၏ ဖေ့ဘွတ်ခ်ပေါ်မှ ပရဟိတ Post လေးများကို စိတ်ဝင်စားရာမှ အစပြုခဲ့ခြင်း ဖြစ်ပါသည်။ယခု ကျွန်တော်တို့သွားလှူမည့် ပရဟိတကျောင်းတိုက်မှ ကိုရင်ငယ်နှင့် ကလေးငယ်လေးများ၏ စားရေးသောက်ရေး နေထိုင်ရေး ကျန်းမာရေးပါမကျန် လိုအပ်သမျှ ကိစ္စအ၀၀ကို ညီမလေး မနောချိုတို့ မိသားစုဝင်များကပဲ ဂရုတစိုက်နှင့် ကူညီပံ့ပိုးပေးနေကြခြင်း ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းဖြစ်သောကြောင့် မနက်ပိုင်း စားရေးသောက်ရေးကို ပူပန်စရာ မလိုသော်လည်း ကိုရင်မဝတ်သော ကလေးငယ်များအတွက် ညပိုင်းစားရေးသောက်ရေး အခက်အခဲရှိသည်မှာ အမှန်ပါ။ ထိုအခက်အခဲကို မနောချိုတို့ မိသားစုဝင်များက တတ်နိုင်သမျှ ကူညီဖြေရှင်း ပေးကြပါသော်လည်း နေ့စဉ်ရက်ဆက် ဖြေရှင်းရမည့်ကိစ္စ ဖြစ်နေသောကြောင့် စိတ်ပါဝင်စားမည့် အလှူရှင်များကို မျှော်ရပါတော့သည်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ထိုကဲ့သို့သော စိတ်ဓာတ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသော ပရဟိတ ရပ်ဝန်းမျိုး များများရှိဖို့ လိုအပ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နိုင်ငံက မပြီးဆုံးသေးသော စစ်ပွဲများကြောင့် မငြိမ်းချမ်းသေးသော ဒေသများမှ မပြေလည်သေးသော ဘဝများစွာကို ထိုကဲ့သို့သော ပရဟိတ ရပ်ဝန်းများဖြင့်သာ ကောင်းစွာကယ်တင်နိုင်လိမ့်မည် . . . . .
ဤသို့ဖြင့် ကျွန်တော်တို့ သူငယ်ချင်းတစ်စု ထိုကျောင်းတိုက်လေးသို့ ရောက်ရှိလာရခြင်း ဖြစ်ပါသည်။ ယခုဆိုလျှင် အဆိုပါ ကန်တော်မင်္ဂလာ ကျောင်းတိုက်လေးထဲမှာ ကိုရင် ၂၆ ပါးနှင့် ကလေးငယ် ၃၅ ယောက် တို့သည် ဆရာတော် အပါအဝင် ဆရာ၊ ဆရာမ၊ ရပ်မိရပ်ဖ စေတနာရှင်များ၏ ကူညီစောင့်ရှောက်မှုဖြင့် ပညာသင်ကြားလျက် ရှိကြပါသည်။ ကလေးအများစုမှာ မြန်မာပြည်ရှိ မငြိမ်းချမ်းသေးသော အရပ်ဒေသများမှ စစ်ဘေးရှောင်ရန် ရောက်ရှိလာကြသည့် မိဘမဲ့ ကလေးများ ဖြစ်သည်။ တချို့ကလေးများမှာ မြန်မာစကားကိုပင် ကောင်းစွာ မပြောတတ်ရှာသည့် တိုင်းရင်းသားလေးများ ဖြစ်ပါသည်။ သူတို့၏ စားရေးဝတ်ရေးအပြင် တစ်ခါတစ်ရံ ဝဲနာယားနာပေါက် ဖျားနာပါက ဆေးထိုးဆေးတိုက်ပေးရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးရပါသေးသည်။တကယ်ဆို ဒီအရွယ်လေးတွေဟာ မိဘရင်ခွင် ခေါင်းတိုးဝင်လို့ နွဲ့ဆိုးဆိုးကောင်းတုန်း အရွယ်လေးတွေပါ။ ခုတော့ ခမျာများမှာ မိမဲ့ဖမဲ့ ကူကယ်ရာမဲ့ကာ နွေးထွေးလုံခြုံမည့် ရင်ခွင်တစ်ခုကို အားကိုးမျှော်လင့်ရင်း ဤကျောင်းတိုက်လေးသို့ ရောက်ရှိလာခဲ့ကြသည်။ ကျွန်တော်သည် သူတို့လေးတွေ၏ မပြည့်စုံသော ပစ္စုပ္ပန်နှင့် မရေရာသော အနာဂတ်ကို လှမ်းတွေးရင်း တော်တော်လေး ရင်မောသွားပါသည်။ ထိုမှတစ်ဆက်တည်း ငါတို့နိုင်ငံမှာ အဲဒီလို စစ်ဘေးစစ်ဒဏ်ကြောင့် တခြားတခြားသော ကံကြမ္မာ ဒဏ်ရာဒဏ်ချက်များကြောင့် မိဘမဲ့ ခိုလှုံရာမဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ကလေးတွေ ဘယ်လောက်တောင်များ ရှိနေလေမလဲဟု တွေးလိုက်မိပါသေးသည်။ကျွန်တော်တို့သည် သူတို့လေးတွေ ထမင်းစားနေကြပုံကို ထိုင်ကြည့်သည်။ ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ကြသည်။ အနားမှာထိုင်ကာ သူတို့နှင့် စကားပြောကြည့်သည်။ သူတို့ ပန်းကန်တွေထဲ ဟင်းတွေခပ်ထည့်ပေးကြသည်။ သူတို့လေးတွေ၏ အမူအရာသည် တွန့်ဆုတ်တွန့်ဆုတ်နှင့် ရိုးသားဟန်ပေါ်သည်။ ကူကယ်ရာမဲ့နေသည့် အားငယ်ရိပ်တွေ သူတို့မျက်နှာပေါ်မှာ လွှမ်းနေသည်။ သူတို့ ထမင်းစားနေသည်ကိုကြည့်ရင်း ကျွန်တော်တို့ ဝမ်းသာရသည်။ ပီတိဖြစ်ရသည်။ စိတ်မကောင်းလည်း ဖြစ်ရပါသည်။သူတို့လေးတွေ ယခုကဲ့သို့ ၀၀လင်လင်နှင့် ထမင်းကောင်းကောင်း စားရသည်မှာ ကျွန်တော်တို့လို တစ်ခါတစ်ရံမှ ပေါ်လာတတ်သည့် အလှူရှင်များ သက်သက်ကြောင့်တော့ မဟုတ်ပါ။ မနောချိုတို့လို နိစ္စဓူဝကရိကထခံကာ အလှူရှင်များ၏ ပိုက်ဆံကို စီမံခန့်ခွဲရင်း ကိုယ်တိုင်အပင်ပန်းခံ ချက်ပြုတ်ကြော်လှော်ပြီး ခူးခပ်ကျွေးသည့် ဝေယျာဝစ္စအဖွဲ့မျိုး ရှိနေသောကြောင့်သာ ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ကျွန်တော်သည် ထိုကဲ့သို့ ကိုယ်ရောစိတ်ပါ အပင်ပန်းခံကာ သူတို့လေးတွေ၏ စားရေးဝတ်ရေး နေရေးထိုင်ရေး ကျန်းမာရေးပါမကျန် ဂရုတစိုက် ပြုစုစောင့်ရှောက်သည့် စိတ်ဓာတ်ပိုင်ရှင်များကို ကြည်ညိုအားကျစိတ်နှင့် စိတ်ထဲမှ အခါခါ ချီးကျူးနေမိပါသည်။ တကယ်တော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ထိုကဲ့သို့သော စိတ်ဓာတ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသော ပရဟိတ ရပ်ဝန်းမျိုး များများရှိဖို့ လိုအပ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နိုင်ငံက မပြီးဆုံးသေးသော စစ်ပွဲများကြောင့် မငြိမ်းချမ်းသေးသော ဒေသများမှ မပြေလည်သေးသော ဘဝများစွာကို ထိုကဲ့သို့သော ပရဟိတ ရပ်ဝန်းများဖြင့်သာ ကောင်းစွာကယ်တင်နိုင်လိမ့်မည် ဖြစ်သောကြောင့်ပင်။မြန်မာလူမျိုးကို ‘သဒ္ဓါတရားအားကောင်းသည့် လူမျိုး’ ဟု ကမ္ဘာကပင် ချီးမွမ်းလေ့ ရှိပါသည်။ ဘုရားကျောင်းကန်တို့နှင့် ဆက်စပ်နေသော ဘာသာရေး သာသနာရေး ကိစ္စမျိုးမှာ မြန်မာလူမျိုး၏ သဒ္ဓါတရားသည် တကယ်ပဲ လက်ဖျားခါလောက်ပါပေသည်။ ထိုကဲ့သို့ ဘာသာရေးမှာ သဒ္ဓါတရားထက်သန် အားကောင်းသကဲ့သို့ လူမှုရေးနှင့် ဆက်စပ်ပတ်သက်နေသော အထက်ပါ မိဘမဲ့ ပရဟိတ ဂေဟာကဲ့သို့သော ကိစ္စမျိုးမှာလည်း သဒ္ဓါတရားထက်သန် အားကောင်းစေချင်ပါသည်။ သို့အတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ် လိုအပ်သည့် ‘ပရဟိတ ရပ်ဝန်းတွေ’ များများပေါ်ပေါက်လာကြပါစေလို့ ဆုတောင်းလိုက်ရပါသည်။