အမုန်းတရား ထွန်းကားသော နေရာ

အမုန်းတရား ထွန်းကားသော နေရာ
Published 7 February 2015
အေသင်ဇော်ဇော်

“ယခုနံနက်ခင်းဟာ ပြီးပြည့်စုံတဲ့ ကောင်းခြင်းတွေကို ယူဆောင်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ငါရဲ့နှလုံးသားထဲ တိုးဝင်ကာ ကမ္ဘာလောကဆီသို့ ကူးစက်သွားတော့မယ်။ လူသားအားလုံး ကျန်းမာချမ်းသာ ကြပါစေ။ ငါနဲ့ ထိတွေ့ဆက်ဆံရသူတွေ စိတ်နှလုံး ချမ်းမြေ့ခွင့်ရကြပါစေ။ ဒီနေ့ကို စိတ်ကောင်းစေတနာနဲ့ ဖြတ်သန်းဖို့ ငါ့မှာ တာဝန်အထူးရှိနေတယ်”ဘာသာရေးသွန်သင်ချက်တွေမှာ အရမ်းမြင့်မြတ်တဲ့အဆုံးအမတွေ ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားလုံးတွေကို ဘာသာရေးသွန်သင်ချက်တွေဆီကနေ ကျွန်တော်ကြားနာခဲ့ရတာမျိုး မဟုတ်ပါဘူး။ ငယ်ငယ်က ကမ္ဘာကျော်စိတ်ပညာရှင်ကြီး ဆစ်ဂမန်ဖရွိုက်ရေးတဲ့ စိတ်ပညာအကြောင်းစာတမ်းတွေကနေ မှတ်သားမိခဲ့တာပါ။ ဒီစာသားတွေကတော့ မနက်မိုးလင်းလို့ ကိုယ်အိပ်ယာနိုးလာတဲ့အခါ အကောင်းမြင်စိတ်နဲ့ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်နိုင်ဖို့ မိမိစိတ်ကို ပြန်လည်သတိပေးတဲ့ စကားတွေပါ။ ဒါကို စိတ်ပညာဘာသာရပ်အရ အော်တိုဆက်ဂျက်ရှင်လို့ခေါ်ပါတယ်။တစ်နေ့တစ်နေ့ ဘဝရပ်တည်နိုင်ဖို့ ရုန်းကန်ရတဲ့အခြေအနေတွေက မလွယ်ပါဘူး။ မလွယ်တကာ့မလွယ်ဆုံးထဲမှာလည်း အရည်အဖက်မရတဲ့ မာနတိုက်ပွဲတွေက ပါဝင်နေပါသေးတယ်။ ဒီလိုအခြေအနေတွေမှာ အကောင်းမြင်စိတ်နဲ့ ရပ်တည်ဖို့ မကြိုးစားရင် လူဖြစ်လာတဲ့ဖြစ်တည်မှုဟာ အပူသက်သက်သာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ အကောင်းမြင်စိတ်ကို ဖြစ်နိုင်သမျှ မွေးမြူပေးရမယ်လို့ ဆစ်ဂမန်ဖရွိုက်က ပြောခဲ့တာပါ။ သူတစ်ယောက်တည်းပြောခဲ့မျိုးတော့ မဟုတ်ပါဘူး။ Think and Grow Rich စာအုပ်ကို နှစ်ပေါင်း ၂၅နှစ်ကြာ သုတေသနလုပ်ပြီးမှ ရေးသားခဲ့တဲ့ စိတ်ပညာရှင် နပိုလီယံဟီးလ်ကလည်း ဒီအချက်ကို အတော်လေးအသားပေးခဲ့တာ တွေ့ရတယ်။ အဲဒီစာအုပ်ကို စာရေးဆရာကြီး ရွှေဥဒေါင်းက “အကြံဉာဏ်ဖြင့် ကြီးပွားရေး”လို့ ခေါင်းစဉ်တပ် ဘာသာပြန်ဖူးတယ်။မီးလောင်နေတဲ့နားမှာ သွားရပ်နေတဲ့သူကတော့ ပူတဲ့ဝေဒနာကို အနည်းနဲ့အများခံစားရမှာဖြစ်တယ်။ အဲဒီတော့ လူတစ်ယောက်ဟာ စိတ်သောကတွေ၊ အဆိုးမြင်စိတ်တွေ၊ ဒေါသတွေ၊ မကျေနပ်မှုတွေ၊ ပူလောင်မှုတွေနဲ့ အမြဲလိုလိုနေထိုင်နေရင် သူ့ရဲ့ပတ်ဝန်းကျင်ဟာလည်း တစ်နည်းနည်းနဲ့ ပူလောင်နေလိမ့်မယ်။ အကျဉ်းချုပ်ပြောရရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဲလိုလူတွေ များလာလေလေ၊ ကျွန်တော်တို့တွေဟာ ပူလောင်မှုကို ပိုမိုခံစားရဖို့ အခွင့်အလမ်းပေါများလေလေပါပဲ။ဒါနဲ့ပတ်သက်ပြီး လူကြီးတွေနဲ့ ဆွေးနွေးကြည့်တော့ သူတို့တွေက ဘယ်သူတွေပူပူ၊ ကိုယ်မပူဖို့ ကိုယ့်စိတ်ကို နှလုံးသွင်းတတ်ရမယ်လို့ ပြောပါတယ်။ တကယ်တော့ အဲဒီအဆင့်ကြီးက အရမ်းကို မြင့်မားလွန်းပါတယ်။ လူတစ်ယောက်က ချစ်ချစ်ခင်ခင်စကားလာပြောတာကို ကိုယ်က ယဉ်ယဉ်ကျေးကျေးတုံ့ပြန်နိုင်ပေမယ့် ကိုယ့်ကို ဆူဟောက်ဆဲ လာလုပ်ရင်တော့ အဲဒါကို သူတို့ပြောသလို ပြုံးပြုံးလေးတုံ့ပြန်ဖို့ဆိုတာက လူအများစုအတွက်၊ ပြောရမယ်ဆိုရင် လူအားလုံးနီးပါးအတွက် မဖြစ်နိုင်ပါဘူး။ ကိုယ့်အကျိုးအမြတ်တစ်စုံတစ်ရာရှိလို့ ဆဲတာကို ငြိမ်ခံကောင်းငြိမ်ခံကြပေမယ့် မေတ္တာတရားမပါတဲ့ အနိုင်ကျင့်ဆုံးမမှုမျိုးကို ဘယ်သူမှ မနှစ်မြို့ပါဘူး။မနက်ကတည်းက စိတ်ကြည်ကြည်လင်လင်နဲ့ နိူးထလာခဲ့ရင်တောင် ကျောင်းသွားဖို့၊ ရုံးသွားဖို့ လိုင်းကားစီးတဲ့အခါ စပါယ်ယာရဲ့ ဆူဟောက်မှုခံရတော့ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အရသာကို ခံစားဖူးကြမှာပါ။ တုမပြောချင်လို့ ငြိမ်ခံနေရင်လည်း ရင်ထဲမှာ မကျေနပ်တဲ့စိတ်က ပူလောင်နေတာပါပဲ။ တချို့လူတွေကတော့ မခံနိုင်လို့ ပြန်ပြီးဆဲဆိုတာတွေ ကြုံတွေ့ဖူးပါတယ်။ ဒါဟာ အဆိုးမြင်စိတ်တစ်ခုက အဆိုးမြင်စိတ်တစ်ခုကို အသစ်မွေးဖွားပေးလိုက်ခြင်းရဲ့ ရလဒ်ပါပဲ။ သူတို့က ဒီလိုလုပ်မှ ငွေရမှာလား၊ စားဖို့သောက်ဖို့ အဆင်ပြေမှာလားလို့ တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ရှားရှားပါးပါးတွေ့ရတဲ့ ယာဉ်မောင်းတွေ၊ စပါယ်ယာတွေကတော့ ပြုံးရွှင်လို့။ ဟာသလေးတွေပြောလို့။ ခရီးသည်တွေက ရယ်မောလို့။ သူတို့ဟာ သူတို့လုပ်ရမယ့်အလုပ်ကို တာဝန်ကျေကျေလုပ်ကြသူတွေပါလားဆိုပြီး ကျွန်တော်ကြိတ်လေးစားနေမိတယ်။ နိုင်ငံကြီးတွေမှာ အလုပ်နဲ့ပတ်သက်ပြီး အဆင့်အတန်းခွဲတာ ရှားတယ်။ သူတို့အားလုံးဟာ ကိုယ်လုပ်ရမယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်ကြသူတွေ ဖြစ်တဲ့အခါ မြို့တော်ဝန်ကလည်း အိမ်သာဆေးတဲ့သူကို လေးလေးစားစားဆက်ဆံရတယ်။ ဒီနိုင်ငံမှာ အလုပ်အကိုင်ကို အခြေပြုပြီး အဆင့်အတန်းခွဲသလို လုပ်ချင်နေကြတာ အလုပ်တာဝန် မကျေလို့ ဖြစ်နိုင်ကောင်းရဲ့လို့ သုံးသပ်မိတယ်။ အလုပ်ဟူက ဂုဏ်ရှိစွဆိုပေမယ့် အလုပ်ကို အလုပ်နဲ့တူအောင်လုပ်မှ ဂုဏ်ရှိမှာ မဟုတ်ပါလား။ဒီလိုအလုပ်ကို တာဝန်ကျေအောင်လုပ်ဖို့က ကားစပါယ်ယာတွေမှာသာ အရေးကြီးတာ မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ရဲ့ ကဏ္ဍတစ်ခုချင်းစီမှာ ပါဝင်နေသူအားလုံးအတွက်လည်း အရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်ကို သိမ်သိမ်ငယ်ငယ်လုပ်နေကြသူတွေရဲ့အခြေအနေကို သေချာလေ့လာတဲ့အခါ အလုပ်ကို တာဝန်ကျေပွန်အောင် မလုပ်ကြလို့ဆိုတာ သွားတွေ့ရတယ်။ ဝန်ဆောင်မှုပေးသူမှာ ဝန်ဆောင်မှုပေးလိုတဲ့ စေတနာမရှိတဲ့အခါ လက်ခံအသုံးပြုသူတွေက အရမ်းကို စိတ်ဆင်းရဲကြရတယ်။ တချို့အစိုးရရုံးတွေက ဝန်ထမ်းတွေရဲ့ မျက်နှာတွေဟာ အဲဒီအားနည်းချက်တွေကို မီးမောင်းထိုးပြထားတဲ့ဇာတ်ရုပ်တွေနှယ် ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတယ်။ အခုလည်း သွားရတဲ့အခါတွေမှာ ကြည့်နေရတုန်းပဲ။ နောင်လည်း ကြည့်ရဖို့ အစီအစဉ် ရှိပါတယ်။ အမှတ်စာရင်းသွားထုတ်ရင် အဟောက်ခံရ။ အောင်လက်မှတ်သွားထုတ်ရင် အဟောက်ခံရ။ မှတ်ပုံတင်သွားလုပ်ရင် အဟောက်ခံရ။ မချေမငံပြန်ပြောမိရင် သူတို့လုပ်လို့ရတဲ့ဘက်နေ ဒုက္ခပြန်ပေးခံရနဲ့ နိုင်ငံရဲ့ဝန်ဆောင်မှုတွေကို တန်ဖိုးကျအောင် သူတို့က အားနာမှုမရှိ ရက်ရက်စက်စက် သက်သေပြကြပါတယ်။ တစ်ခါတစ်ရံမှာ လူကောင်းတွေ့ရတတ်ပေမယ့် အများစုရဲ့မျက်နှာတင်းကြီးတွေဟာ စိတ်ချမ်းသာစရာလုံးဝမရှိပါဘူး။သူတို့ ဒီလိုဖြစ်တာဟာ လစာကြောင့်လား။ မိသားစုအဆင်မပြေတာကြောင့်လား။ အလုပ်ကို တာဝန်ကျေအောင် မလုပ်ချင်တဲ့ စိတ်အခံကြောင့်လား။ အဆိုးမြင်စိတ်ကို မွေးမြူနေခြင်းကြောင့်လား။ ဖိအားကို မတန်တဆ ခံနေရလို့လား။ ဒီလိုတွေ တွေးမိပေမယ့် သူတို့ဟာ ကိုယ်လုပ်ရမယ့် အလုပ်ကို ဘာဖြစ်ဖြစ်အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းမရှိလို့ အခုလိုဆက်ဆံနေတာလို့ပဲ သုံးသပ်မိပါတယ်။ ဒီတော့ အကောင်းမြင်စိတ်နဲ့ စိတ်ကောင်းစိတ်မြတ်ကို မွေးမြူဖို့ ကမ္ဘာကျော်စိတ်ပညာရှင်ကြီးတွေရဲ့ တွန်းအားပေးစကားဟာ လူသားတွေရဲ့ဘဝမှာ မဖြစ်မနေလုပ်နေရတဲ့ အလုပ်တာဝန်တစ်ခုချင်းစီအပေါ်မှာ ဘယ်လောက်ထိရောက်မှုရှိလဲ စဉ်းစားတွေးတောကြည့်နိုင်ပါလိမ့်မယ်။ဒီလိုမကျေနပ်မှုတွေ နေရာတိုင်းမှာဖြစ်နေတာဟာ နှစ်ပေါင်းများစွာ အဖိအနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးနဲ့ အရည်အချင်းဆန်းစစ်ဝေဖန်မှု အားနည်းနေတဲ့ ပညာရေးစနစ်ကြောင့်လို့ ယေဘူယျပြောနိုင်ပါလိမ့်မယ်။ လူသားမျိုးနွယ်တွေဟာ တဖြည်းဖြည်းအသိတရား ပိုရှိလာတယ်လို့ မှတ်ယူထားရင် ဒီအချက်က စဉ်းစာစရာဖြစ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာက အသက်ရှင်နေထိုင်ခဲ့တဲ့ မြန်မာတွေဟာ အခုထက်ပိုပြီး တာဝန်ကျေပွန်တဲ့သူတွေဖြစ် မဖြစ် တိကျအောင် ဘယ်သူမှ အဖြေမထုတ်နိုင်ပါဘူး။ သမိုင်းဆိုတာ အလိမ်အညာရှင်းတမ်း တစ်ခုဖြစ်တယ်လို့တောင် အဆိုရှိသေးတယ် မဟုတ်လား။ဒါပေမဲ့ မျက်မှောက်ခေတ် နိုင်ငံရေးဥပဒေသတွေအရပဲဖြစ်ဖြစ်၊ လူကျင့်ဝတ်အရပဲဖြစ်ဖြစ် တရားမျှတမှု မရှိတဲ့နေရာမှာ အသက်ရှင်ရတဲ့ လူတွေဟာ တရားမျှတအောင် အသက်ရှင်ချင်စိတ်ရှိဖို့၊ စိတ်နှလုံးချမ်းမြေ့စွာ အလုပ်လုပ်ချင်စိတ်ရှိဖို့ စိတ်အားနည်းကြမှာ မလွဲမသွေပါပဲ။ အဲဒီဘောင်က ဖောက်ထွက်နိုင်တဲ့ လူတချို့သာ ပုံစံခွက်အောက်က လွတ်မြှောက်ခွင့်ရခဲ့ကြတာကိုလည်း ခက်ခက်ခဲခဲ မြင်တွေ့ရပါတယ်။“အလှတရားဟာ ကြည့်တဲ့သူရဲ့ မျက်လုံးထဲက နေရာပေးသလောက် ဖြစ်တည်တယ်” ဆိုတဲ့ စကားလေးလိုပါပဲ။ ကျွန်တော်တို့ဟာ ကိုယ်ချစ်တဲ့အရာတွေကို လှနေတယ်လို့ မြင်မိကြတယ်။ မချစ်တဲ့အရာတွေကိုတော့ ရုပ်ဆိုးတယ်လို့ မြင်မိကြပါတယ်။ ဒီစနစ်ကို ကျွန်တော်တို့ မကြိုက်ခွင့်ရှိပါတယ်။ ကြိုက်တဲ့သူတွေလည်း ကြိုက်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ကြားမှာ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့်အချက်က တရားမျှတမှုရှိရဲ့လားဆိုတာပါ။ ကိုယ့်ဘက်အသာရဖို့ဆိုတဲ့ အတွေးနဲ့တော့ ဘယ်တော့မှ အဖြေမှန်မထွက်ပါဘူး။ အပြစ်တင်ခြင်းဟာ ပိုပြီးကြီးမားတဲ့အပြစ်တစ်ခု ထပ်မံလုပ်ဆောင်ဖို့ စွမ်းအားကိုဖြစ်စေတယ်လို့ မိတ္တဗလ ဋီကာ (How to Win Friends and Influence People)  စာအုပ်ကို ရေးသားခဲ့တဲ့ ဒေးလ်ကာနက်ဂျီက ပြောခဲ့ဖူးပါတယ်။ဒီတော့ ကျွန်တော်တို့တွေ ညအိပ်ခါနီးမှာ အမုန်းတရားတွေကို နှလုံးသားအပြင်ဘက်မှာ ထားခဲ့နိုင်ဖို့ ကြိုးစားကြည့်နိုင်ကြမလား။ မနက်နိုးလာတဲ့အခါမှာလည်း ကိုယ့်ပတ်ဝန်းကျင်ကို ချစ်ခြင်းမေတ္တာနဲ့ စပြီး ကြည့်တတ်ဖို့ အကျင့်လုပ်ကြနိုင်ကြမလား။ အသက်ရှင်ဖို့ လုပ်စားရတာ မလွယ်တဲ့အထဲ အပူအလောင်ဝန်ပိုတွေ သယ်ဆောင်ရတဲ့အဖြစ်ကို အားမပေးချင်တော့တဲ့စိတ်ဖြစ်ဖို့ ဆင်ခြင်နိုင်ကြမလား။ လူတစ်ယောက်ချင်းစီကနေ ကိုယ်လုပ်ရတဲ့တာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်ပြီး ကိုယ့်ကြောင့် သူတစ်ပါးထိခိုက်မှုနည်းစေဖို့ စေတနာထားရင်းနဲ့ ကိုယ့်ဘဝကိုလည်း သိက္ခာရှိရှိတည်ဆောက်ဖို့အတွေး တွေးကြည့်နိုင်ကြမလား ပြန်လည်သုံးသပ်ကြည့်ဖို့တော့ လိုအပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲမဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဘာပဲမဖြစ်ဖြစ် ကျွန်တော်တို့နှလုံးသားထဲက အဆိုးမြင်စိတ် အမုန်းဓာတ်ခံကို ကုစားဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အလုပ်နဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည်တွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေဟာ ရှေ့ဆက်ပြီး သူငယ်နာမစင် ဖြစ်နေဦးမှာပါပဲ ……။

Most Read

Most Recent