ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ် အလုပ်ဖြစ်ပါ့မလား

ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ် အလုပ်ဖြစ်ပါ့မလား
Published 7 February 2015
ဒေါက်တာရန်မျိုးသိမ်း

အစိုးရသစ်၏သက်တမ်း နောက်ဆုံးနှစ်သို့ ချင်းနင်းဝင်ရောက်လာအံ့ဆဲဆဲ ကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး စိန်ခေါ်မှုတို့သည် ရှေ့မတိုးဘဲ နောက်သို့ပင် ဆုတ်နေသည်။ နာတာရှည် ကပ်ရောဂါဆိုးကြီးဟု ဆိုနိုင်သည့် ပြည်တွင်းစစ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေမရှာနိုင်သရွေ့ နိုင်ငံရေး အပြောင်းအလဲနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့သည် ကြမ္မာငင်နေဦးမည်သာဖြစ်သည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရေး အလှမ်းဝေးနေဆဲဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး နားပူနားဆာ တိုက်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တုံ့ပြန်ခဲ့ကြသည်။ ကော်မတီအနေဖြင့် ညှိနှိုင်းအဆင်ပြေနိုင်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သီးခြားလက်မှတ်ရေးထိုးရန် စိုင်းပြင်းနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးသည် အားလုံးပါဝင်သော လက်မှတ်ရေးထိုးမှုကိုသာ လိုလားသည့်အလျောက် ခရီးမပေါက်နိုင် ဖြစ်နေပုံရသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (အင်မ်ပီစီ)တို့၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးအချို့ကို သီးခြားပစ်မှတ်ထား ချဉ်းကပ်သည့် ဗျူဟာသည်လည်း အလုပ်ဖြစ်ပုံ မရပေ။ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ မိုင်းလားတပ်မတော်တို့ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးနိုင်ရေး ချဉ်းကပ်ကြိုးပမ်းမှုသည်လည်း ထင်တိုင်းမပေါက် ဖြစ်ခဲ့ပုံရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးသည် အစိုးရနှင့် မည်သည့်သဘောတူညီချက် စာချုပ်ကိုမဆို သီးခြားခွဲ၊ လက်မှတ်ရေးထိုးနိုင်ရန် အဆင်သင့်ဖြစ်ပုံ မရနိုင်သည့် အနေအထားတွင် ရပ်တည်နေသည့် အသွင်ကို ရိပ်စားမိသည်။အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးနိုင်ရေး အသည်းအသန် စိုင်းပြင်းလျက်ရှိသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ)သည် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို သမ္မတကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအကြား ကတိပြု လက်မှတ်ရေးထိုးနိုင်ရေး သမ္မတထံ စာတစ်စောင်ပေးပို့ခဲ့သည်။ ယူအန်င်အက်ဖ်စီ၏ သမ္မတထံပေးစာ အလွန်တွင် အစိုးရသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ်ကို ပုံဖော်လာခဲ့သည်။ ယူအင်န်အက်ဖ်စီ၏ အဆိုပြုချက်ကို အခြေခံလျက် အစိုးရသည် ကာလသတ်မှတ်ချက်များနှင့်အတူ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်၊ နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပရန် အဆိုပြုမှုများကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်သည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေး၊ အလုပ်ဖြစ်မည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို ဗျူဟာမြောက် ချဉ်းကပ်ဖော်ဆောင်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေးသည် နီးသထက် နီးမည်ဖြစ်သည်။ သို့မဟုတ်ပါက . . . . .

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စာချုပ်တွင် သဘောတူညီချက် ခြောက်ချက် ပါဝင်သည်။ စာချုပ်ပါ အချက်များကို လေ့လာသုံးသပ်လျှင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်သွားရန် သဘောတူသည်။ စာချုပ်ကို လက်မှတ်ရေးထိုးပြီး သုံးလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် သဘောတူသည်။ စာချုပ်ကို လက်မှတ်ရေးထိုးပြီး၊ တစ်လအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနှင့် အခြားလိုအပ်သော ပူးတွဲကော်မတီများကို ဖွဲ့စည်းမည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို နိုင်ငံရေးပါတီများနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် အတူတကွ ပူးတွဲပြီး သုံးလအတွင်း ရေးသားဖော်ဆောင်ရန် သဘောတူသည်။ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို စာချုပ်လက်မှတ်ရေးထိုးပြီး၊ ခြောက်လအတွင်း စတင်ကျင်းပသွားရန် သဘောတူသည်။ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအား တည်ဆောက်ရန် သဘောတူခြင်းကို တိုင်းရင်းသားများ အနေဖြင့် ထောက်ခံကြိုဆိုမည် ဖြစ်သည်။ သို့သော် လက်တွေ့ဖော်ဆောင်မှုကို သတိကြီးကြီးထား၊ စောင့်ကြည့်ဦးမည်ဖြစ်သည်။ တစ်လအတွင်း ပူးတွဲကော်မတီများ ဖွဲ့စည်းပြီး၊ သုံးလအတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ဖော်ဆောင်နိုင်ရေးမှာ ကြန့်ကြာဦးမည်ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်၍ ကနဦး ဆွေးနွေးမှုများသည် ရေရှည်အမြင်ရှိပြီး၊ ပွင့်လင်းမြင်သာမှုရှိရန် ပဓာနကျသည်။ အစကောင်းမှ အနှောင်းသေချာမည် ဖြစ်သည့်အလျောက် နိုင်ငံရေးမူဘောင်ကို အချိန်ယူ ရေးဆွဲနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ခြောက်လအတွင်း နိုင်ငံရေးဆွေးနွေးပွဲကြီးကို စတင်နိုင်ရေးသည် ပိုမိုအိပ်မက်ဆန်၊ စိတ်ကူးယဉ်ဆန်သည်ဟု ကောက်ချက်ပြုနိုင်သည်။လက်ရှိအစိုးရသည် ပတ်စာခွာ ဖျာသိမ်းမည့်နှစ်တွင် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ကျင်းပခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး စွမ်းဆောင်ရည်ကို အမြင့်မားဆုံး ဆွဲတင်နိုင်ရေး ပြင်ဆင်နေပုံရသည်။ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက် ကာလတွင် နိုင်ငံရေး ဆွေးနွေးပွဲကြီးကို မစတင်နိုင်လျှင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နီးကပ်လွန်းသော ဒုတိယ နှစ်ဝက်ကာလ၌ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြေသည် နည်းပါးမည်ဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲကြီး၏ အားလုံးပါဝင်နိုင်မှုနှင့် တိုင်းရင်းသား ပြည်သူလူထုကို ကိုယ်စားပြုနိုင်ခြေတို့ကိုလည်း မေးခွန်းထုတ်ရမည် ဖြစ်သည်။စာချုပ်ကို လက်မှတ်ရေးထိုးသူများနှင့် ပတ်သက်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား မတရားအသင်း အက်ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း မပြုရန်နှင့် မတရားအသင်း အက်ဥပဒေအရ အမှုရင်ဆိုင်နေရသူများ၊ အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန် သဘောတူသည်ဟုလည်း အစိုးရအဆိုပြုသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ်တွင် ဖော်ပြထားသည်။ တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုမူ မတရားအသင်းအဖြစ် ဥပဒေအရ သတ်မှတ်ထားခြင်းအား တရားဝင်ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုရသေးကြောင်း သိသာမြင်သာ ဖြစ်စေခဲ့သည်။အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဥရောပသမဂ္ဂ အပါအဝင် ငြိမ်းချမ်းရေး အလှူ ရှင် နိုင်ငံများ၊ အလှူရှင် အဖွဲ့အစည်းများကို ပျားရည်နှင့် ဝမ်းချနိုင်ရေး ရည်ရွယ်လျက်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ်ကို ဗျူ ဟာမြောက် ပြင်ဆင်လာသည်ဆိုလျှင် ရှေ့တစ်လှမ်းတိုးရန် ခက်ခဲဦးမည်ဖြစ်သည်။အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေး၊ အလုပ်ဖြစ်မည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို ဗျူဟာမြောက် ချဉ်းကပ်ဖော်ဆောင်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေးသည် နီးသထက် နီးမည်ဖြစ်သည်။ သို့မဟုတ်ပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် နိုင်ငံရေး ဆွေးနွေးပွဲကြီးတို့သည် ရေပေါ်တွင် အရုပ်ရေးရ သကဲ့သို့သာ ရှိမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး၊ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှုလျက် အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခြေလှမ်းများကို ခပ်သွက်သွက်၊ ခပ်စိပ်စိပ် လှမ်းသင့်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။ 

Most Read

Most Recent