(၁)၁၉၃၄-၃၅ ပညာသင်နှစ်တုန်းက ရန်ကုန်တက္ကသိုလ်မှာ ကိုအောင်ဆန်းကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာပါ။ သူက Intermediate ကျောင်းသား၊ ကျွန်တော်ကတော့ တက္ကသိုလ်ကို တတိယအကြိမ် ရောက်လာပြီး ဥပဒေတန်း တက်နေတုန်းကပေါ့။ ခု လန်ဒန်မှာ AF PEL ကိုယ်စားလှယ်လုပ်နေတဲ့ ကိုအုန်းက ကျောင်းသားသုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။ အဲဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမပြယုဂ်ကြီးတွေ ဖြစ်လာလိမ့်မယ်လို့ သူက တွေးတယ်။ အဲဒီသုံးယောက်မှာ ကိုအောင်ဆန်းက တစ်ယောက်အပါအဝင်။ ကျန်တဲ့နှစ်ယောက်ကတော့ ပြည်ထဲရေးဝန်ကြီးကို ကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး ကိုသိန်းဖေ။ကိုအောင်ဆန်းရဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ ပြိုင်ဘက်ကင်းပါတယ်။ သူက စကားနည်းတယ်။ ကျွန်တော်နဲ့ စတွေ့တွေ့ချင်းတောင် လှိုက်လှိုက်လှဲလှဲ ပြောဆိုတာမျိုး မရှိဘူး။ သူ့ကို ကျွန်တော်က လူ့ခွစာလို့ ထင်လိုက်တယ်။ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုအုန်းနဲ့ ကျွန်တော်တို့ကတော့ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေ ဖြစ်တယ်။ လမ်းတွေ့ရင် သည်းလှိုက်အူလှိုက် နှုတ်ဆက်ကြတယ်။ ကိုအောင်ဆန်းကတော့ အဲသလိုမျိုး မဟုတ်။ လမ်းတွေ့လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။ တစ်ခါတလေ ကျွန်တော်တို့ဆီ ရောက်လာတတ်ပြီး သူ့ကို ပြောစရာရှိရင် ပြောဖို့ ဖိတ်တယ်။ သူနဲ့ တော်တော်ရင်းနှီးလာရတော့မှ သူ့အကြောင်းကို နားလည်သဘောပေါက်ခဲ့တယ်။သူက အလဟဿ အာလာ ပသလ္လာပတွေ ပြောတာမျိုး၊ လူမှုရေးအရ အပေါ်ယံနှုတ်ဆက် ပြောတာမျိုးတွေနဲ့ အချိန်ဖြုန်းတတ်သူ မဟုတ်ဘူး။ တကယ့်ကို ရင်ဘတ်နဲ့ ပေါင်းသင်းဆက်ဆံတာမှ လိုအပ်တာကို ကူညီနိုင်တယ်လို့ ယုံကြည်ထားတာ။ မိတ်ဆွေဆိုတာ အချင်းချင်း ရင်ဘတ်အပ်ပြီး လိုအပ်တာကို ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ရမယ်လို့ သူယုံက ယုံကြည်တယ်။ သူက အပေါင်းအသင်း လုပ်လို့ရတဲ့ လူမျိုးမဟုတ်။ သူက တိကျတယ်။ မှန်တယ်။(၂) အဖွဲ့အနေနဲ့ကတော့ ၁၉၃၅-၃၆ ခု ပညာသင်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲအတွက် ကျွန်တော်တို့တစ်တွေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြရတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့က အကြံပေးလို့ ကျွန်တော် ဥက္ကဋ္ဌနေရာ အရွေးခံခဲ့တယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနဲ့ မစ္စရာရှစ်တို့က အဖွဲ့ဝင်တွေပေါ့။ ကျွန်တော်တို့ အနိုင်ရလိုက်တယ်။ ကျွန်တော်တို့တတွေ သမဂ္ဂမှာ စလုပ်တာနဲ့ သမဂ္ဂအလုပ်တွေကို တက်တက်ကြွကြွ အောင်မြင်အောင် ဆောင်ရွက်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ကျောင်းသားသပိတ်ကြီး ပေါ်လာတယ်။ အဲဒီတုန်းက ယေဘုယျအနေနဲ့ ကျွန်တော် ယုံကြည်ထားတာက ကျွန်တော့်ကို ကျောင်းထုတ်လို့ သပိတ်ကြီးပေါ်လာတယ် ဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီး အမြင်ချင်းက မတူကြဘူး။ ကျွန်တော့်ကို ကျောင်းထုတ်လိုက်တဲ့အကြောင်း တက္ကသိုလ် အာဏာပိုင် အဖွဲ့ ဆီက အသိပေးစာ ကျွန်တော့်လက်ရောက်လာတော့ စာမေးပွဲနီးနေပြီမို့ ခပ်မဆိတ်နေမယ်လို့ ကျွန်တော်က ဆုံးဖြတ်ထားတယ်။ ကျွန်တော်အတွက်နဲ့ ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါပေမဲ့ သတင်းက ပျံ့သွားပြီး သမဂ္ဂအဖွဲ့ဝင် ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ဆီ ရောက်လာကြပြီး တစ်ခုခုတော့ လုပ်မှဖြစ်မယ် ပြောတယ်။ကျွန်တော်ကိစ္စဖြစ်လို့ ကျွန်တော်က ဘာမှပြောစရာမလို ကျောင်းထုတ်တယ်ဆိုတာ နာမည်လောက်ပါပဲ။ ပညာသင်နှစ်လည်း ပြီးသွားပြီ။ ငါ့ကို ဥပဒေစာမေးပွဲ မဖြေနိုင်အောင်လည်း မတားနိုင်ပါဘူးလို့ ပြောပြီး ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော် နှစ်သိမ့်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်းမှာပဲ ကိုအောင်ဆန်းလည်း ကျောင်းထုတ်ခံလိုက်ရပြီဆိုတဲ့ သတင်းရခဲ့တယ်။ ဒီသတင်း မှန်သလား စုံစမ်းဖို့ တက္ကသိုလ်ကော်မတီဝင် လူကြီးဦးဘလွင်ဆီ သူငယ်ချင်းတစ်ယောက်ကို လွှတ်လိုက်တယ်။ မှန်တယ်တဲ့။ ကျွန်တော်တို့ သခင်လူငယ် နိုင်ငံရေးသမားတွေ အနေနဲ့ ချောက်ချီးချောက်ချက်လောက်ပဲ ဖြစ်နေတာ။ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့က ပင်ပင်ပန်းပန်း လုပ်ကိုင်နေတာ။ ကျွန်တော်တို့ သိပ်ဆင်းရဲတယ်။ သိပ်ပင်ပန်းပါတယ်။ တစ်ခါတစ်ခါ ထမင်းစားစရာမရှိလို့ လက်ဖက်ရည် တစ်ခွက်နှစ်ခွက်လောက်သောက်ပြီး အသက်ဆက်ခဲ့ရတယ်။ ပါတီစည်းရုံးရေး ကိစ္စကို ကျွန်တော် စိတ်မဝင်စားဘူး။ သခင်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့က နယ်လှည့်ဟောပြောနေတုန်း ကျွန်တော်က ရန်ပုံငွေရှာရတာ ပျော်နေတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ဆီ ခဏခဏ ရောက်လာကြတယ်။ ကျွန်တော်က ဘဏ္ဍာငွေ ရှာသူဆိုတော့ ဒီငွေနဲ့ ထမင်းစားရမှာ မဟုတ်လား။
သခင်အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေးတရား ဟောတယ်။ ဟင်္သာတရဲမှူးကြီးက နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်တဲ့ ဥပဒေနဲ့ သခင်အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ် . . . . .
အဲ-ကိုအောင်ဆန်းကတော့ ထမင်းဆာနေတာတောင် ငွေလာတောင်းတာ ထမင်းဝယ်ကျွေးခိုင်းတာ မလုပ်ဘူး။ သူက တထောင့်ထောင့်မှာထိုင်ပြီး စာအုပ်ထဲ အာရုံဝင်နေတယ်။ ဘာမှ မညည်းညူဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ သူက ပုံစံတစ်မျိုးနဲ့ လေ့ကျင့်ထားပြီး သူ့စွမ်းရည်ကို တည်ဆောက်ခဲ့တယ်။ပါတီဌာနချုပ်မှာရှိတဲ့ သခင်အောင်ဆန်း အခန်းက ရှုပ်ပွနေတာ နာမည်ကြီးတယ်။ ဘာမှမပြုပြင်ဘဲ အိပ်ရာကလည်း ဖြစ်သလို နေတယ်။ သူ့အခန်းထဲ ရောက်သွားရင် ကြမ်းပိုးကိုက်လို့ ထွက်ပြေးရတယ်။ သခင်အောင်ဆန်း တစ်ယောက်ပဲ အဲဒီကြမ်းပိုးတွေနဲ့ နေနိုင်တာ၊ အိပ်နိုင်တာ။ တစ်ခါတော့ နယ်ကရောက်လာတဲ့ သခင်တွေ၊ သခင်မတွေ ရှိနေတယ်။ ဌာနချုပ် ကောင်လေးတွေက နယ်ကိုယ်စားလှယ်တွေက သခင်အောင်ဆန်း အခန်းမှာ နေရာပေးကြတယ်။ဘာလို့လဲဆိုတော့ သူတို့က စင်္ကြံလမ်းမှာ မအိပ်ချင်ကြဘူး။ အဲဒီတုန်းက သခင်အောင်ဆန်းက အထွေထွေအတွင်းရေမှူးပေါ့။ ဧည့်သည်တွေက အတွင်းရေးမှူးအခန်းမှာ အိပ်ရတယ်ဆိုပြီး ပျော်နေတယ်။ ကြမ်းပိုးတွေက စစ်မခင်းသေးဘူးလေ။ သန်းခေါင်ယံ ရောက်တာနဲ့ ကြမ်းပိုးတွေက ဝိုင်းစစ်ခင်းတယ်။ ခံစစ်မလုပ်နိုင်ဘဲ အိပ်ရာခင်းတွေ၊ စောင်ခေါင်းအုံးတွေဆွဲပြီး ထွက်ပြေးကြတယ်။ စင်္ကြံပေါ်မှာပဲ ဖြစ်သလို အိပ်ကြသဗျာ။(၃)နိုင်ငံရေးဆိုတာ သခင်အောင်ဆန်းရဲ့ ဘဝပဲလေ။ ထမင်းဆာတာတို့၊ ဆင်းရဲတာတို့ဆိုတာ သူ့အတွက် ဘာမှ အရေးမကြီးဘူး။ အသေးအမွှား ကိစ္စပဲ။ ခုဗိုလ်လက်ျာဖြစ်လာတဲ့ သခင်လှဖေက တစ်ခါတလေ ထမင်းဟင်းကောင်း တမ်းတတယ်။ သီးချင်းကောင်းကောင်းလေးတွေ နားထောင်ပြီး ဇိမ်ခံစားချင်တယ်။ သခင်အောင်ဆန်းကတော့ အဲသလို မဟုတ်ဘူး မတမ်းတဘူး။ သူက လူပျော့မှ မဟုတ်တာ သံမဏိလိုလူမို့ သူ့အစွမ်းအစနဲ့ တော်လှန်ပစ်တယ်။သာယာဝတီ ညီလာခံမှာ သခင်အောင်ဆန်းက ကျွန်တော်တို့ ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ရေးကို ကြေညာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံးသွားကြပြီး ပြည်သူတွေရဲ့ အဆုံးအဖြတ် ခံယူကြတယ်။ ဒီလှုပ်ရှားမှုကြောင့် နယ်ချဲ့အစိုးရက ဒေါသတကြီး တုံ့ပြန်ခဲ့တယ်။သခင်အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေးတရား ဟောတယ်။ ဟင်္သာတရဲမှူးကြီးက နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်တဲ့ ဥပဒေနဲ့ သခင်အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ်လိုက်တယ်။ ကျွန်တော်တို့ကိုလည်း မကြာခင်မှာ အဲဒီလို ဖမ်းဝရမ်းထုတ်ဖို့ လုပ်တယ်။ကျွန်တော်တို့တစ်တွေ ကိုကျော်ငြိမ်းအိမ်မှာ ဆွေးနွေးပြီးတော့ တစ်ခုခုလုပ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ကြတယ်။ သခင်အောင်ဆန်းက အညံ့ခံမှာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တယ်။ ထောင်ကျသွားရင် အချိန်ဖြုန်းသလို ဖြစ်သွားမှာလို့ ပြောတယ်။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြတယ်။ တချို့က နိုင်ငံတွင်းကထွက်ပြီး မြေအောက်တောင် ဆင်းချင်တယ်။ ကျွန်တော်တို့အလုပ်ကို ကူညီဖို့ နိုင်ငံခြားက အကူရှာချင်တယ်။ ကျွန်တော်တို့က အဲသလောက်ကြီး ရှည်ရှည်ဝေးဝေး မတွေးပါဘူး။ကျွန်တော်တို့ ဥပဒေချိုးဖောက်ရင် ထောင်ကျမှာပဲလို့ တွေးတယ်။ အဲဒီတုန်းက ကျုပ်တို့ အကြာကြီး ဆွေးနွေးကြတယ်။ ကျွန်တော့်အမြင်ကို သခင်အောင်ဆန်း လက်ခံလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူမြေအောက်သွားမှာကို သဘောတူလိုက်ရတယ်။ ရဲစခန်းတစ်ခုရှေ့ ပြည်လမ်းပေါ် ရပ်နေကြတယ်။ သူ့ကို ရဲဖမ်းမှာ သေချာနေပြီ၊ ဒါကြောင့် နှစ်ဦးသား လမ်းခွဲကြတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် အဖမ်းခံရပြီး နောက်ရက်မှ ထောင်ထဲရောက်သွားတယ်။ ထောင်နှစ်နှစ် ကျသွားတယ်။ အချိန်တွေ ကုန်တာပေါ့။ ထောင်ကျစမှာ သိပ်မဆိုးပါဘူး။ ဒါပေမဲ့ ခံပြင်းစရာတွေ ပေါ်လာတယ်။ စိတ်ပျက်စရာတွေ ဖြစ်လာတယ်။ ကိုအောင်ဆန်းရဲ့ ဉာဏ်ပညာ ရင့်ကျက်မှုနဲ့ အမြော်အမြင်ကြီးမှုတွေကို ကျွန်တော်တို့ တဖြေးဖြေး သဘောပေါက်လာကြတယ်။ နှစ်ခြိုက်လာကြတယ်။ တိုက်ပွဲအောင်နိုင်ရေးအတွက် သူပါဝင်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ လက်တွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ကိုးကားAung San's Stering Qualities By U Nu