စတော့ရောင်းဝယ်မှု နည်းလမ်းများ

စတော့ရောင်းဝယ်မှု နည်းလမ်းများ
Published 6 February 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ထုတ်ကုန်ပစ္စည်း အရောင်းနဲ့အဝယ် ဈေးကွက်မှာ အရောင်းမှားနဲ့ အဝယ်မှားတွေ ရှိနိုင်တာကြောင့် စတော့ရောင်းဝယ်မှုမှာ နည်းလမ်းတွေကို သိရှိနားလည်သင့်သလောက် နားလည်ထားရင် ရောင်းမှားဝယ်မှာ ဖြစ်မှုတွေကို ရှောင်ရှားနိုင်ကြမှာ ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံက နိုင်ငံသားတွေမှာ စတော့နဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ အင်မတန် နည်းပါးတဲ့အတွက် စတော့ဈေးကွက် ပေါ်ပေါက်လာမယ်ဆိုတဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ အရောင်းမှား အဝယ်မှားတွေ မဖြစ်ဖို့ လိုအပ်တယ်။ ယခု စာရေးသူရဲ့ ဆောင်းပါးတွေက စတော့ဈေးကွက်မှ မိမိတို့ စုဆောင်းထားတဲ့ ငွေကြေးတွေ ပိုပွားတိုးအောင် ရင်းနှီးမြှုပ်နှံကြရမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အထောက်အကူ ပြုနိုင်စေပါလိမ့်မယ်။ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးကွက်မှာ ဈေးနှုန်းအတက်အကျတွေ ရှိသလို စတော့တွေရဲ့ ဈေးနှုန်းတွေမှာလည်း ဈေးနှုန်းအတက်အကျတွေ ရှိနိုင်တယ်။ ဈေးနှုန်းအတက်နဲ့ အကျတွေကို ထိန်းတာက ဝယ်လိုအား (Demand)နဲ့ ရောင်းလိုအား (Supply)တွေပဲ ဖြစ်ပါတယ်။ ဝယ်ယူလိုအားများပြီး ရောင်းလိုအားနည်းရင် ဈေးနှုန်းတွေတက်တာ သဘာ၀ ဖြစ်ပါတယ်။ သို့ပေမဲ့ ဈေးကွက်ရဲ့ နည်းဗျူဟာအရ ဝယ်လိုအားများချိန်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေဖြစ်နေမယ် ဆိုရင်တော့ ဈေးနှုန်းတွေ တည်ငြိမ်နေမှာ ဖြစ်ပါတယ်။ ရောင်းလိုအားများပြီး ဝယ်ယူအားနည်းရင်တော့ ဈေးနှုန်းတွေကျလာမှာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ ဈေးကွက်တစ်ခုကို ဥပမာအနေနဲ့ ဆိုရရင် မိုဘိုင်းဖုန်းတွေမှာ အသုံးပြုရမယ့် Sim Card တွေက သူများနိုင်ငံတွေမှာ အခမဲ့ပေးပြီး ပြောဆိုခကိုသာ သုံးစွဲသူထဲက နေရာယူကြတယ်။ သို့ပေမဲ့ စတော့ဈေးကွက် အဆင့်မှာ ၁၅ သိန်းနဲ့ ရောင်းပြီး မတော်လောဘစိတ်နဲ့ ဈေးကွက်ကို ထိန်းရာမှာ သိန်း ၄၀ နဲ့ ၅၀ အထိ ဈေးတွေ မြင့်တက်လာစေခဲ့တယ်။ ဒါကတော့ မိမိနိုင်ငံသားတွေကို ထိန်းချုပ်ဈေးကွက်နဲ့ ပြန်သတ်သလို ဖြစ်နေတယ်။မတော်လောဘနဲ့ ဈေးကွက်ထိန်းချုပ်တဲ့ နည်းဗျူဟာကို ဒီကနေ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ချီတက်နေစဉ်မှာလည်း အသုံးပြုနေကြသေးတယ်။ သတင်းအချက်အလက်တွေကို အာဏာရှိသူတွေနဲ့ နီးစပ်သူတွေသာ သိကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဒလဘက်ကမ်းက မြေကွက်တွေကို ဈေးပေါပေါနဲ့ လိုက်ဝယ်ထားတယ်။ တံတားဆောက်မယ်ဆိုတဲ့ လေသံလည်း ပစ်လိုက်ရော မြေဈေးတွေ ချက်ချင်း ခုန်တက်လာတယ်။ အဲဒီမှာ ဝယ်ယူသူတွေက တံတားမဆောက်ဖြစ်တဲ့ သတင်းလည်း ထွက်လာရော ဈေးတွေ ပြုတ်ကျပြီး ဝယ်သူတွေကို ပိုက်ဘောမိစေ၊ ရောင်းသူတွေကို အမြတ်ရ ငွေထုပ်ပိုက်စေတဲ့ သဘော ဖြစ်တယ်။ ဒီနည်းလမ်းကို မကြာမီက ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း အလားတူ ကျင့်သုံးခဲ့ကြတယ်။ လောဘဆိုတာ အခုထိ အတော်မသတ်နိုင်ကြသေးပါလားလို့ တွေးမိတယ်။အရောင်းအဝယ် နည်းလမ်းတွေက ဈေးကွက်ရဲ့ အလှည့်အပြောင်း နည်းဗျူဟာတွေကိုလည်း သိရမယ်။ အဓိက ဈေးနှုန်းအတက်အကျတွေရဲ့ သဘောတရားတွေကို ပုံစံမြင်အောင် ကြည့်တတ်ဖို့ဖြစ်တယ်။ သဘာဝမှာလည်း ဖြစ်စဉ်ပုံစံတွေက အလှည့်ကျ ဖြစ်မှုတွေ ရှိနေတယ်။ ဘူမိဗေဒ သဘောတရားမှာ အနည်ကျကျောက်တွေရဲ့ အနည်ထိုင်မှုမှာ Cyclinic Sedimentation လို့ခေါ်တဲ့ အလှည့်ကျ အနည်ထိုင်မှုတွေ ရှိတယ်။ မြေငလျင် ဖြစ်စဉ်တွေမှာလည်း အလားတူ အလှည့်ကျဖြစ်စဉ်တွေ ရှိတယ်။ သမိုင်းကြောင်း ဖြစ်ရပ်တွေမှာလည်း ဒီသဘောတရားတွေ ရှိတယ်။ ဒါကြောင့် ကိုယ့်အလှည့်ကျ မနွဲ့ကျစတမ်း ဆိုတာသော်မှ ရှိမို့လား၊ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတာလည်း ဒီသဘောတရား ဖြစ်တယ်။ မိမိက မကောင်းစိတ်နဲ့ တစ်ပါးသူတွေကို ဒုက္ခရောက်စေရင် တစ်ချိန်မှာ မိမိလည်း ဒီလိုအဖြစ်မျိုး ပြန်လည်ကြုံတွေ့ရမှာ ဖြစ်တယ်။ အတိတ်ကာလက ဝဋ်ကြွေးတွေကို မျက်မှောက်ကာလမှာ ခံကြရတာလည်း ဒီအလှည့်အပြောင်း သဘောတရား ဖြစ်ပါတယ်။ဝယ်လိုအားများပြီး အပြိုင်အဆိုင်များတဲ့ ဈေးကွက်အခြေအနေမှာတော့ အခြေခံကျတဲ့ အသိပညာ ဗဟုသုတနဲ့ နည်းလမ်းတွေ မသိနားမလည်ကြရင်တော့ စတော့အရောင်းအဝယ် လုပ်ငန်းတွေမှာ အောင်မြင်မှု ရရှိနိုင်ကြမှာ မဟုတ်ပါ။ဈေးနှုန်းအတက်အကျ ပုံစံက ငွေကြေးသက်သေခံလက်မှတ်တွေ ရောင်းဝယ်ရေးလုပ်ငန်းမှာ သမိုင်းကြောင်းတစ်လျှောက် ဖြစ်ပေါ်လာခဲ့တဲ့ ဈေးနှုန်းအတက်အကျ ပုံစံတွေ ဖြစ်ပါတယ်။ အဲဒီပုံစံကို Patterns လို့ခေါ်တဲ့ ပုံစံနဲ့ ဖော်ပြထားပြီး အတိတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီ Patterns ပုံစံတွေက အနာဂတ်မှာလည်း အလားတူဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်လာနိုင်တယ်လို့ မျှော်မှန်းနိုင်ကြတာ ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီကောင်းမွန်တဲ့ ပုံစံတွေကနေ မြင့်မားတဲ့ အကျိုးအမြတ်တွေ အောင်မြင်စွာ ရရှိနိုင်စေဖို့ အသုံးပြုကြတာ ဖြစ်တယ်။စတော့ဈေးကွက်မှာ စတော့ဈေးနှုန်းတွေက အများအားဖြင့် စနစ်မကျဘဲ ကျပန်းသဘော ပျံ့နှံ့ဖြစ်တည်လာနေတာ ဖြစ်တယ်။ အဲဒီကနေ သိသာတဲ့ ပုံစံတွေ ဖြစ်လာတယ်။ အဲဒီပုံစံတွေက အနာဂတ်မှာလည်း အလားတူ အခြေအနေတွေ ထပ်ကာတလဲလဲ ဖြစ်ပေါ်လာတယ်။ အဲဒီလို ထပ်ကာဖြစ်မှုက တစ်ကြိမ်တည်း မဟုတ်ဘဲ ထပ်ကာတလဲလဲ ဖြစ်ပေါ်လာတာ ဖြစ်တယ်။
စတော့အရောင်းအဝယ်တွေ ပြုလုပ်ရာမှာ တစ်ခုတည်းကိုသာ အာရုံစိုက်လို့ မရဘဲ ဘက်ပေါင်းစုံ အခြေအနေပေါင်းစုံကို သုံးသပ်ကြရတာ ဖြစ်ပါတယ် . . . . .

ဖြစ်ပေါ်လာတဲ့ ပုံစံ အခြေအနေတွေကနေ နည်းပညာဆိုင်ရာ ဆန်းစစ်မှုတွေးတောချက်များ၊ စီးပွားရေးအညွှန်းကိန်း ထုတ်ပေးမှုများ၊ စတော့မြင့်တက်မှု သို့မဟုတ် ကျဆင်းမှုများ ဝင်ငွေအစီရင်ခံစာများ စသည်တို့ကို မြင်တွေ့နိုင်စေတာ ဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ ပုံစံတွေကနေ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်တယ်။ အဓိကအားဖြင့် ဈေးနှုန်းအတက်အကျ ပုံစံကနေ လေ့လာဆန်းစစ်မှုတွေအရ စတော့အရောင်းအဝယ်တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပေးစေနိုင်တာ ဖြစ်တယ်။ သတိထားရမယ့် အချက်တစ်ခုကတော့ ရေရှည်မှာ ဖြစ်ပေါ်လာမယ့် ဈေးကွက်လားရာကိုတော့ ခန့်မှန်းနိုင်စေမှာ မဟုတ်ဘူးလို့ ဆိုတယ်။ အလားတူ စွမ်းဆောင်ရည် ဈေးကွက်မှာလည်း အသုံးမပြုနိုင်ပါ။စတော့ဈေးကွက်မှာ ဈေးနှုန်းအတက်အကျ ပုံစံတွေကို အမြဲစုဆောင်း လေ့လာနေကြရတယ်။ အဲဒီ ပုံစံတွေကနေ စတော့ဈေးကွက်ရဲ့ အခြေအနေတွေကို ပုံမှန်လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။ လေ့လာမှု အတွေ့အကြုံတွေကနေ အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်မယ့် ပုံစံတွေကို မြင်တွေ့ရနိုင်ကြတာ ဖြစ်ပါတယ်။စတော့ဈေးကွက်တွေမှာ အရောင်းအဝယ်တွေ လုပ်ဆောင်ကြရာမှာ အသုံးပြုလေ့ ရှိကြတဲ့ အဓိကအချိန်ပေါင် သုံးခုပါတယ်။(၁)    တစ်နေ့တာ ကုန်သွယ်မှု(၂)    ရေတို ကုန်သွယ်မှု(၃)    ရေရှည် ကုန်သွယ်မှုတွေ ဖြစ်ပါတယ်။အဲဒီအချိန်ပေါင်သုံးခုကို ပေါင်းစည်း အသုံးပြုနိုင်ပေမယ့် တစ်ဦးချင်း ကုန်သွယ်ကြသူတွေကတော့ သင့်တော်တဲ့ အချိန်ပေါင်တစ်ခုကို အံဝင်ခွင်ကျရွေးချယ်ပြီး အရောင်းအဝယ် ပြုလုပ်ကြတယ်။ ဒါကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည် လုပ်ဆောင်မှု ဖြစ်ပါတယ်။ စတော့အရောင်းအဝယ်တွေ ပြုလုပ်ရာမှာ တစ်ခုတည်းကိုသာ အာရုံစိုက်လို့ မရဘဲ ဘက်ပေါင်းစုံ အခြေအနေပေါင်းစုံကို သုံးသပ်ကြရတာ ဖြစ်ပါတယ်။ စတော့ဈေးကွက် အခြေအနေကို ခန့်မှန်းရာမှာ အခြေခံကျတဲ့ နည်းလမ်းနှစ်ခုက အခြေခံကျတဲ့ အချက်အလက်များကို လေ့လာဆန်းစစ်မှုနဲ့ နည်းပညာဆိုင်ရာ ဆန်းစစ်မှုတွေ ဖြစ်ပါတယ်။အခြေခံကျတဲ့ နည်းလမ်းတွေက -* နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်တွေ* ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိတ်ပညာနဲ့* မီဒီယာနဲ့ ပါဝင်မှုတွေ အပေါ်မှာ မှီတည်တာ ဖြစ်ပါတယ်။နည်းပညာဆိုင်ရာ နည်းလမ်းတွေကတော့-သင်္ချာနဲ့ ဂျီသြမေတြီပညာတွေ အသုံးပြုပြီး ဈေးနှုန်းအခြေအနေပြ ဇယားတွေကို ဆန်းစစ်တာ ဖြစ်ပါတယ်။ဒီနည်းလမ်းနှစ်ခုမှာ အခြေခံကျတဲ့ နည်းလမ်းတွေထက် နည်းပညာဆိုင်ရာ နည်းလမ်းကို အများဆုံး အသုံးပြုလာကြတယ်။ အဓိကကတော့ ဈေးနှုန်းတွေရဲ့ အတက်အကျကို သင်္ချာနည်းလမ်းတွေနဲ့ လေ့လာဆန်းစစ်တာ ဖြစ်တယ်။ အခုလောက်ဆိုရင် စာရှုသူ အနေနဲ့ မကြာမီ ပေါ်ထွန်းလာတော့မယ် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှာ မှန်ကန်တဲ့ နည်းလမ်းတွေကို ဆန်းစစ်ပြီး မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ကြမှာ ဖြစ်ကြောင်းပါ။

Most Read

Most Recent