သတင်းစာခေတ် ကုန်ဆုံးတော့မှာလား

သတင်းစာခေတ် ကုန်ဆုံးတော့မှာလား
Published 5 February 2015
ချစ်ဝင်းမောင်

ဝါရှင်တန်ဒီစီမှာနေတဲ့ မိတ်ဆွေဂျာနယ်လစ်တစ်ဦးက သူ့ဖေ့စ်ဘွတ်စ်ပေါ်မှာ ပို့စ်တစ်ခုတင်လာတယ်။ ဝါရှင်တန်က သူနေတဲ့ရပ်ကွက်မှာ သတင်းစာလပေးမှာ ဖတ်သူဆိုလို့ သူတစ်ဦးတည်းပဲ ရှိတော့တဲ့အကြောင်း၊ သူမှာဖတ်တဲ့ “ဝါရှင်တန်ပို့စ်” သတင်းစာဟာ တစ်လမှ (၁၂) ဒေါ်လာပဲပေးရပေမယ့် သူနေတဲ့တိုက်တစ်ခုလုံးမှာ ဝယ်ဖတ်သူသူ တစ်ဦးတည်းပဲ ရှိတော့တဲ့အကြောင်း အမေရိကန်ကလူတွေ သတင်းစာသိပ်မဖတ်ကြတော့ဘဲ သတင်းကိုတယ်လီဖုန်းကပဲ ကြည့်ကြတော့တဲ့အကြောင်း နောက်နှစ်အနည်းငယ်ကြာလာရင် သတင်းစာတွေ ရှိမှရှိပါ့တော့မလား စိုးရိမ်တဲ့အကြောင်း ရေးထားတာ ဖတ်လိုက်ရတယ်။
စိတ်ဝင်စားစရာပါပဲ။ Print Media ရဲ့အနာဂတ်ဟာ အခုလိုပုံစံအတိုင်းဆို စိုးရိမ်စရာဖြစ်လာပြီလို့ဆိုရမယ်။ ဝါရှင်တန်ပို့စ်လို ကမ္ဘာကျော်သတင်းစာကြီးသာမက NYT လို့ခေါ်တဲ့ နယူးယော့ခ်တိုင်းမ် သတင်းစာကြီးကလည်း ခပ်ယဲ့ယဲ့ရှိတော့တယ်ဆိုတဲ့ အသံလည်း ကြားလိုက်ရတယ်။ အမေရိကန်မှာက သတင်းစာတချို့ဆိုရင် ဘူတာရုံမှာအခမဲ့ ပေးထားပေမယ့် ကောက်ယူဖတ်မယ့်သူ မရှိသလောက်နည်းလာတယ်လို့ ဆိုတယ်။ Seattle Time သတင်းစာဆိုရင် ရပ်သွားတာကြာပြီတဲ့။ စာအုပ်တွေရဲ့အနာဂတ်ကလည်း Kindle ပေါ်လာတော့ လူတွေကစာအုပ်အစား Kindle ဗားရှင်းကိုပဲ ဖတ်ကြတော့တယ်လို့ ဆိုတယ်။ ဖုန်းတစ်လုံးရှိနေရင် စာအုပ်ဖတ်လို့ရနေပြီး ဘယ်သွားသွားယူသွားပြီး ဖတ်လို့ရနေတော့ စာအုပ်တွေ အတွက်လည်း စိုးရိမ်စရာပဲလို့ သူကဆိုတယ်။
လျင်မြန်တဲ့နည်းပညာ တိုးတက်မှုဟာ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံတွေကို ချက်ချင်းပြောင်းလဲပစ်လိုက်သလို နည်းပညာအပြောင်းအလဲကြောင့် ဗုန်းဗုန်းလဲသွားတဲ့ စီးပွားရေး လုပ်ငန်းတွေလည်းရှိလာခဲ့ပါပြီ။ ဤဖြစ်ရပ်ဟာ ခုအမေရိကန်မှာ ဖြစ်နေတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာလည်း ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ အနှေးနဲ့အမြန် ကာလတစ်ခုထဲမှာ ရှိနေပါပြီ။
ကျွန်တော်တို့က နှစ်ပေါင်းတော်တော်ကြာ အထီးကျန်ပြီး နောက်ကျကျန်ခဲ့တဲ့တိုင်း ပြည်တစ်ခုဖြစ်ခဲ့ပေမဲ့ ကမ္ဘာကြီးရဲ့နည်းပညာ အပြောင်းအလဲဟာ ကျွန်တော်တို့ကိုလည်း ချန်မထားခဲ့ပါဘူး။ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေး နည်းပညာကဏ္ဍတွေကို ပြင်ပအော်ပရေတာ ကုမ္ပဏီနှစ်ခု ဝင်လာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တန်ဖိုးကြီး၊ ရှားပါးပစ္စည်းဖြစ်ခဲ့တဲ့ လက်ကိုင်ဖုန်းများဟာ အခုဆိုရင်ဈေးချိုချိုနဲ့ လူတိုင်းနီးပါး ကိုင်ဆောင်နေကြပါပြီ။ ဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာ ပါဝင်လာပြီဆိုတဲ့သဘောပါ။ အင်တာနက်ကွန်ရက်နဲ့ ဆက်သွယ်ရေးနည်းပညာ အပြောင်းအလဲက ကျွန်တော်တို့မီဒီယာ လုပ်ငန်းတွေရဲ့ ရုံးခန်းတံခါးဝကို လာခေါက်နေပါပြီ။
ဒီရက်ထဲမှာပဲ ကြားလိုက်ရတဲ့ သတင်းတစ်ခုက ထင်ရှားတဲ့သတင်းမီဒီယာတစ်ခုက ထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာ တစ်စောင်ရပ်တန့်တော့မယ်ဆိုတဲ့ သတင်းပါ။ ပုံနှိပ်သတင်းစာအဖြစ် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပေမဲ့ အွန်လိုင်းသတင်းစာ အဖြစ်တော့ ဆက်ပြီးထုတ်ဝေသွားမယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားတယ်။ ဒါဟာ နည်းပညာ အပြောင်းအလဲက တံခါးခေါက်လာတဲ့ Sign တစ်ခုပါ။ အာလုံးသိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ပုံနှိပ်သတင်းစာ (ပုဂ္ဂလိက နေ့စဉ်ထုတ်) တွေရဲ့ သက်တမ်းဟာ နှစ်နှစ်မပြည့်သေးပါဘူး။ ၂ဝ၁၃ ခုနှစ် ဧပြီလ (၁) ရက်က စတင်ရေတွက်ရင် (၁) နှစ် (၇) လပဲ ရှိပါသေးတယ်။ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာ ၁၆ စောင်ကို ၂ဝ၁၃ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ပြီး ကနဦး မှာ ၄ စောင်၊ နောက်ထပ် ၈ စောင်ထုတ်ဝေခဲ့တဲ့အနက် သတင်းစာတချို့ဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် တစ်နှစ်မပြည့်မီမှာပဲ ရပ်ဆိုင်းသွားခဲ့တယ်။
ပုံနှိပ်နေ့စဉ်ထုတ် သတင်းစာတစ်စောင် ထုတ်ဝေဖို့ဆိုတာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအတွက် မဟာစွန့်စားခန်းကြီးပါ။ အမြတ်အစွန်းမသေချာ၊ နေ့စဉ်အရှုံး သံသရာထဲမှာ တော်ရုံစီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ကူးမယဉ်ရဲပါဘူး။ ခုထုတ်ဝေနေကြတဲ့ ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးကြီးမားမားနဲ့ လုပ်ကိုင်နေကြရတာပါ။ ဒီလိုပမာဏ ကြီးကြီးမားမားရင်း နှီးမြှုပ်နှံတာတောင် တချို့ရေရှည်မရပ်တည်နိုင်တော့လို့ လက်ပြနှုတ်ဆက်သွားတဲ့ ဖြစ်စဉ်တွေရှိလာပါပြီ။ ဒီနေရာမှာ နိုင်ငံ့ဘဏ္ဍာကို အသုံးပြုပြီး အစိုးရအာဘော်တွေကို ထုတ်ပြန်ပေးနေတဲ့ အစိုးရပိုင် သတင်းစာတွေအနေနဲ့က အရှုံးအမြတ်မှုစရာ မလိုဘဲ သက်သောင့်သက်သာ ရပ်တည်နေတာတွေ့ရတယ်။ စစ်မှန်တဲ့ ဈေးကွက်ပြိုင်ဆိုင်မှုရဲ့ အပြင်ဘက်မှာ အစိုးရနေ့စဉ်ထုတ် သတင်းစာတွေ အသက်ရှူချောင်နေတယ်။
ဘာပဲဖြစ်ဖြစ် Digital Revolution နဲ့ ခေတ်သစ် Communication နည်းပညာ အပြောင်းအလဲအောက်မှာ နေ့စဉ်ထုတ် သတင်းစာများရဲ့ မနက်ဖြန်ကတော့ မေးခွန်းများနဲ့ ရှိနေပြီဖြစ်ပါတယ်။
စစ်တမ်းတွေအရ ၂ဝ၁၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲသူ အဆမတန်တိုးပွားလာတယ်လို့ သိရတယ်။ ဒီနေ့လူငယ်မျိုးဆက်သစ်ဟာ “ပုံနှိပ်” စာလုံးများနဲ့ ထိတွေ့ယဉ်ပါးမှု နည်းလာနေပြီး အွန်လိုင်းပေါ်က ဒီဂျစ်တယ်စာလုံး Text တွေနဲ့ ပိုရင်းနှီးနေတာ တွေ့ရတယ်။ နည်းပညာတိုးတက်မှုဟာ လူတွေရဲ့နေထိုင်မှုပုံစံကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်။ ဘန်ကောက်မှာဖြစ်ဖြစ်၊ စင်ကာပူမှာဖြစ်ဖြစ်၊ ကွာလာလမ်ပူမှာဖြစ်ဖြစ်၊ ရန်ကုန်မှာဖြစ်ဖြစ် လူငယ်တွေရဲ့ မျက်လုံးများဟာ လက်ကိုင်ဖုန်း မျက်နှာပြင်ပေါ် ရောက်နေကြတယ်။ ရထားစီးရင်း၊ ကားစီးရင်း၊ ကော်ဖီဆိုင်ထိုင်ရင်း လူငယ်တွေ “ဖုန်းပွတ်” နေကြတဲ့ခေတ်ကြီး ဖြစ်လာတယ်။
ကျွန်တော်တို့ဟာ ပုံနှိပ်မီဒီယာ (Print Media) ခေတ်ကြီးကို ဖြတ်သန်းခဲ့ရတယ်။ စာအုပ်များရဲ့ အရသာ၊ သတင်းစာ၊ ဂျာနယ်များရဲ့ အရသာကို ခံစားစီးမျောခဲ့ရတယ်။ စာကြည့်တိုက်ဆိုတာ စာအုပ်တွေစုဝေး သိုမှီးထားရာနေရာပါ။ စာကြည့်တိုက် စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်အငှားဆိုင်တစ်ခေတ်က စာအုပ်တွေကို တခုတ်တရ ငှားဖတ်ကြတယ်။ မဂ္ဂဇင်းတွေ ဖတ်ကြတယ်။ ဝတ္ထုတွေ ဖတ်ကြတယ်။ Generation-Y လို့သတ်မှတ်ထားတဲ့ ဒီခေတ်မျိုးဆက်လူငယ်တွေ ပုံနှိပ်စာ မဖတ်ကြတော့ဘူး။ သူတို့စာ မဖတ်ကြတော့တာ မဟုတ်ဘူး။ စာဖတ်တဲ့နေရာ၊ အသုံးပြုတဲ့ ကြားခံမီဒီယာ ပြောင်းသွားတာ။ ကျွန်တော်တို့ သားသမီးတွေဟာ ကျွန်တော်တို့သတင်းစာကို ခုံခုံမင်မင်ဖတ်သလိုမျိုး “သတင်းစာ” ကို မဖတ်ကြတော့ဘူး။ သူတို့ ဖတ်တဲ့စာတွေဟာ ကွန်ပျူတာတွေထဲမှာ လက်ကိုင်ဖုန်းတွေထဲမှာ ဖြစ်သွားပြီ။
ဒီတော့ ပုံနှိပ်သတင်းစာတွေ၊ စာအုပ်၊ စာစောင်တွေရဲ့ မနက်ဖြန်ဟာ ဘယ်လိုဖြစ်လာမလဲ စိတ်ဝင်စားဖို့ ကောင်းနေပြီ။ 
 

Most Read

Most Recent