လျှပ်စစ်စွမ်းအား အရည်အသွေးနှင့် အသက်ကယ် အီလက်ထရွန်နစ်စက်များ

လျှပ်စစ်စွမ်းအား အရည်အသွေးနှင့် အသက်ကယ် အီလက်ထရွန်နစ်စက်များ
Published 5 February 2015
တက္ကသိုလ်မိုးဝါ

ဆေးပညာနယ်ပယ်တွင် ယခုအခါ ဆေးဘက်ဆိုင်ရာ အီလက်ထရွန်နစ်စက်ကိရိယာနှင့် လျှပ်စစ်စက်မှုပစ္စည်းကိရိယာ (Electromechanical Equipment) တို့ကို မရှိမဖြစ်လိုအပ်သော စက်ကိရိယာများအဖြစ် ကျယ်ပြန့်စွာ တွေ့မြင်နေရပြီ။  ဆေးရုံနှင့် ဆေးပေးခန်းများ၌ လူနာတို့အား ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည်နာလန်ထူလာရန် ပြုစုပေးခြင်းစသည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အီလက်ထရွန်နစ်စက်ကိရိယာများသည် အရေးပါသည့် နေရာတစ်နေရာကို အခိုင်အမာရယူလိုက်ပြီ ဖြစ်သည်။ဆေးဘက်ဆိုင်ရာ အီလက်ထရွန်နစ်အင်ဂျင်နီယာဗေဒ (Medical Electronics Engineering) သည် အလွန်ကျယ်ပြန့်သော နည်းပညာများဖြင့် လွှမ်းခြုံထားသည့် ပညာရပ်ဖြစ်၏။ ယင်းနည်းပညာများအနက် ရေဒီယိုကြိမ်နှုန်း (Radio Frequency)၊ အဲနလော့ဂ် လျှပ်ကူးချိုများ (Analogue Semiconductors)၊ ဒစ်ဂျစ်တယ်လ်နှင့် မိုက်ကရိုပရိုဆက်ဆာ အီလက်ထရွန်နစ်ချစ်ပ်ပြားများ( Digital and Microprocessor Electronic Chips )၊ အာရုံခံကိရိယာများ (Sensors)၊ လှုပ်ရှားလှုံ့ ဆော်ကိရိယာများ ( Actuators)၊ လျှပ်စစ်သံ လိုက်ပညာရပ် (Electromagnetics)၊ အမြင်အာရုံဆိုင်ရာ အီလက်ထရွန်နစ်ပညာ (Opto-electronics)၊ အလင်းဆိုင်ရာပညာ၊ ခန္ဓာတွင်း မြှုပ်ထည့်ထားသော ဆော့ဖ်ဝဲများ (Embedded Software )၊ စွမ်းအားပေးစနစ်များ (Power Supplies) စသည်တို့ ပါဝင်လေသည်။ဆေးဘက်ဆိုင်ရာ အီလက်ထရွန်နစ်စက်ကိရိယာများအား ဘေးကင်းသည့် စံနှုန်း တစ်ခုနှင့် ကိုက်ညီစေရန် ထုတ်လုပ်ရန်မှာ မလွယ်ကူလှပေ။  နမူနာအဖြစ် ထုတ်လုပ်ထားသော ကိရိယာတစ်ခုအား တတိယအဖွဲ့ တစ်ဖွဲ့က စမ်းသပ်စစ်ဆေးပြီးမှ ဈေးကွက်ထဲသို့ မိတ်ဆက်တင်သွင်းရောင်းချခွင့် ရနိုင်မည်ဖြစ်သည်။ အရေးကြီးဆုံး အဓိကအချက်မှာ ထုတ်လုပ်သည့် ကိရိယာကို သာမန်အသုံးပြုနေချိန်၌ ယင်းကိရိယာအတွင်းရှိ လျှပ်တားပစ္စည်း (Insulation) မပျက်စီး မချွတ်ယွင်းဘဲ ရှိရင်းစွဲအတိုင်းရှိနေစေရန် ဖြစ်သည်။  အရေးကြီးသော လျှပ်တားပစ္စည်းချွတ်ယွင်းပါက သုံးစွဲသူအား လျှပ်စစ်ဓာတ်လိုက်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။ခွဲစိတ်ကုဆရာဝန်များက ဤ အီလက်ထရွန်နစ်ကိရိယာများသုံး၍ လူနာ၏ ကိုယ်ခန္ဓာအား သုံးဖက်မြင်နည်းဖြင့် ကြည်လင်ပြတ်သားသော ပုံရိပ်တစ်ခုကို ပိုင်းဖြတ်ပြီး မမြင်နိုင်သော အစိတ်အပိုင်းများအား ကြည့်မြင်နိုင်ရန် စွမ်းဆောင်နိုင်ခဲ့ပေသည်။  ခန္ဓာတွင်း မြှုပ်ထည့်ထားသည့် အင်ဆူလင်ပန့် (Insulin Pump) တစ်ခုသည် ဆီးချိုရောဂါသည်အတွက် လိုအပ်သော အင်ဆူလင်ဆေးပမာဏကို အချိန်မှန်အလိုအလျောက် သက်ဆိုင်ရာ ခန္ဓာအစိတ်အပိုင်းသို့ ပို့လွှတ်ပေးသည့် တီထွင်မှုတစ်ရပ်လည်း ပေါ်ထွန်းလာပြီဖြစ်သည်။ကမ္ဘာပေါ်တွင် အရည်အသွေးမြင့်၊ အဆင့်မြင့်သော ဆေးဘက်ဆိုင်ရာရောဂါရှာဖွေကုသသည့်ကိရိယာများ ထုတ်လုပ်ပေးသော နိုင်ငံ၏ အစိုးရတို့သည် ပစ္စည်းအရည်အသွေးပိုင်းကိုပို၍ တင်းကျပ်စွာ ချုပ်ကိုင်လာကြသည်။ အီလက်ထရွန်နစ်ပစ္စည်းကိရိယာများတွင် အခြေခံအားဖြင့် အသုံးပြုသည့် လျှပ်ကူးချို့ (Semiconductor) ပစ္စည်းဒီဇိုင်း ရေးဆွဲထုတ်လုပ်သူတို့သည်လည်း အရည်အသွေးပိုင်းနှင့် အားထားရမှုအပိုင်းတို့အား အထူးထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းရေးဆွဲရ၏။အီလက်ထရွန်နစ် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူ့ကျန်းမာရေးကဏ္ဍအားလုံးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာ တရွန်နစ် စက်ကိရိယာအသစ် အသစ်တို့ ထွက်ပေါ်လာမြဲပင်ဖြစ်သည်။ ဆေးရုံများ၌ စမတ်ဖုန်းအရွယ် လက်ကိုင်အာလ်ထရာဆောင်း (Ultrasound) ကိရိယာများ၊ ဒစ်ဂျစ်တယ်လ်နားကျပ်နှင့် အိပ်စ်ရေးကိရိယာများကိုတွေ့ရကာ နေအိမ်များ၌ သွေးအပျစ်အကျဲ စမ်းသပ်ခြင်း၊ သွေးထဲ၌ သကြားပါဝင်မှုတိုင်းတာခြင်း စသောကိရိယာများကိုလည်း တွေ့နေရပြီဖြစ်သည်။သယ်ဆောင်ရန် လွယ်ကူသော ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများမှာ ပညာရှင်များ၏ တီထွင်မှုကြောင့် အရွယ်အစားသေးငယ်သည်ထက် သေးငယ်လာနေသည်။  သို့ရာတွင် နေ့စဉ်နှင့်အမျှ ရောဂါဝေဒနာရှင်များ အများဆုံးထိတွေ့နေကြရသည့် ရောဂါရှာဖွေကိရိယာသုံးမျိုးကို ပြပါဆိုလျှင် စီတီစကဲန်နာ (CT Scanner - Computed Tomography)၊  (MRI-Magnetic Resonance Imaging) နှင့် (Ultrasound)  ဟူသော အီလက်ထရွန်နစ် စက်ကိရိယာသုံးမျိုးကို ပြရမည်ဖြစ်သည်။ Computed Tomography  ခေါ် စီတီစက်သည် အိပ်စ်ရေးဓာတ်ရောင်ခြည်သုံးသောကြောင့် အင်အားပြင်းသော သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများသုံးသည့် MRI  စက်များနှင့် မတူခြားနား၏။  စီတီစက်ကိရိယာသုံးသော ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်ကြောင့် သုံးသူကို ကင်ဆာဖြစ်ပွားစေနိုင်သည်ဟု ကိန်းဂဏန်းစစ်တမ်းအရ သိရ၏။  စီတီ၏အလုပ်မှာ အိပ်စ်ရေးဖြင့် ရိုက်ကူးပြီး သုံးဖက်မြင်ပုံရိပ်များအဖြစ်သို့ ကွန်ပျူတာက တွက်ချက်ပြောင်းလဲပေး၍ ဖန်သားပြင်ပေါ် ပုံဖော်လိုက်ခြင်းဖြစ်သည်။  ယင်းပုံရိပ်များကို ဓာတ်ရောင်ခြည်ပညာရှင်တို့က ခွဲခြမ်းစိတ်ဖြာ အဖြေရှာပေးသည်။  ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ထိခိုက်ဒဏ်ရာရခြင်းကို ပုံဖော်အဖြေရှာနိုင်မှုသည်ပင် CT ၏  MRI  နှင့်မတူသော ဂုဏ်သတ္တိတစ်ရပ်ဖြစ်၏။အဆိုပါ  CT Scanner သည် အသည်း၊ အဆုတ်၊ သရက်ရွက်စသည့် ကိုယ်အင်္ဂါပိုင်းနှင့် ပတ်သက်သော ကင်ဆာအမျိုးအစားများအား စူးစမ်းရှာဖွေရာတွင် အထူးအသုံးဝင်သည့် စက်ဖြစ်သည်။ ယင်းမှပေါ်လာသောပုံရိပ်ကို ကြည့်ခြင်းဖြင့် အကျိတ် ရှိ၊ မရှိ ဆရာဝန်က အတည်ပြုပေးနိုင်သည့်အပြင် အကျိတ်အရွယ်အစား၊ တည်နေရာနှင့် အနီးအနားရှိ တစ်သျှူးများသို့ မည်မျှသက်ရောက်ပြန့်ပွားနေပြီဆိုသည်ကိုလည်း တိကျစွာပြောနိုင်သည်။ တစ်ဖန် ပုံမှန်သဘာဝအတိုင်း မဟုတ်သောတစ်သျှူးများအား ရှာဖွေပေးနိုင်သဖြင့် ဓာတ်ကင်ရမည့်နေရာနှင့်တကွ ထုတ်ရမည့်အသားမျှင်ကို တိတိကျကျ ထုတ်ယူစစ်ဆေးစမ်းသပ်နိုင်သည်။ပြောရမည်ဆိုလျှင် စီတီစက်ကိရိယာတစ်ခု၏ အသုံးဝင်မှုနယ်ပယ်သည် အံ့ဩမကုန်နိုင်အောင်ပင် များပြားကျယ်ပြန့်လှ၏။ သို့ရာတွင် ယင်းစက်၏ ရောဂါရှာဖွေခြင်းနှင့် တိကျသော ရလဒ်အဖြေပေးနိုင်ခြင်း ဂုဏ် သတ္တိသည် လျှပ်စစ်စွမ်းအားပင်ရင်းအပေါ်တွင် အဓိက မူတည်နေသည်ဟု ပြောရမည်။  လျှပ်စစ်စွမ်းအားအရည်အသွေး (Electrical Power Quality) မြင့်မှသာ ယင်းအီလက်ထရွန်နစ်ကိရိယာများ၏ စွမ်းဆောင်ရည်မြင့်မားပြီး ရလဒ်အမှန်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထိုမျှသာမက ဗို့အားအတက်အကျ၊ သို့မဟုတ် ပမာဏအပြောင်းအလဲ (Fluctuate) မကြာခဏဖြစ်လျှင်လည်း စက်အတွင်း ကွန်ပျူတာတွက်ချက်မှု အပါအဝင် ကျန်အစိတ်အပိုင်းတို့၏ လုပ်ဆောင်ချက် ယုတ္တိမတန်ဖြစ်ကာ ပုံရိပ်အလွဲအချော်ကိုသာ ထုတ်ပေးမည်ဖြစ်သည်။ ထိုအခါ ပုံရိပ်လွဲချော်မှု အနည်းအများနှင့်လိုက်၍ ရလဒ်အမှားသာ ထွက်ပေါ်လာပေမည်။မြန်မာနိုင်ငံ၏ စွမ်းအားကွန်ကွက် (Power Grid) နှင့်တကွ ပို့လွှတ်လိုင်း (Transmission Line)၊ ဖြန့်ဖြူးမှုစနစ် (Distribution System) တို့သည် နှစ်ပေါင်း ၅ဝ ကျော်ကြာသည့်တိုင် ပြုပြင်ထိန်းသိမ်းမှု အလွန်အားနည်းခဲ့သည့်ပြင်၊ လျှပ်စစ် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းအား ချိုးဖောက်၍ တစ်မျိုး၊ အဂတိလိုက်စား၍ တစ်ဖုံ လျှပ်စစ်ကြိုးများ ပရမ်းပတာ သွယ်တန်းခဲ့ခြင်းကြောင့် စွမ်းအားစနစ်တစ်ခုလုံး တည်ငြိမ်မှုမရှိဘဲ အရည်အသွေးလည်းများစွာ နိမ့်ကျသွားခဲ့သည်မှာကြာပြီ။ ဗို့အားပမာဏလည်း ပုံမှန်၏ အောက်လွန်ကဲစွာ ကျဆင်းသွားလေရာ မှားယွင်းသောအဖြေဟူသည့် ဆိုးကျိုးနှင့် မလွဲမသွေရင်ဆိုင်ရမည်ဖြစ်၏။အီလက်ထရွန်နစ်ကိရိယာနှစ်မျိုးဖြစ်သော MRI နှင့် Ultrasound တို့ကို ရှင်းလင်းတင်ပြပါမည်။  သံလိုက်ဓာတ်နှင့် ရေဒီယိုလှိုင်းသာသုံးသော MRI စက်သည် ဓာတ်သတ္တိရောင်ခြည်လှိုင်းများသုံးသော စီတီစက်ကိရိယာနှင့် မတူကွဲပြားကြောင်း ရေးခဲ့ပြီးဖြစ်သည်။MRI စက်မှာ ကိုယ်အင်္ဂါ၏ ခန္ဓာပိုင်းဆိုင်ရာနှင့် ဇီဝကမ္မပိုင်းဆိုင်ရာ အစိတ်အပိုင်းများအား ကျန်းမာရေးကောင်းသူအတွက်အပါအဝင် ရောဂါဝေဒနာရှင်အတွက်ပါ ပုံရိပ်အသေးစိတ် ရိုက်ကူးမှုပြုလုပ်ပေးသည့် စက်ဖြစ်သည်။ သို့ရာတွင် သံလိုက်ဓာတ်သုံး ကိရိယာများ၊ နှလုံးခုန်ညှိစက် (Pacemaker) များနှင့် အခြားသတ္တုပါဝင်သောပစ္စည်းများ ကိုယ်ခန္ဓာတွင်း မြှုပ်ထည့်ထားသူတို့အတွက်မူ ဤ MRI စက်ကို သုံးရန် မသင့်တော်ပေ။ ယင်းစက်၏ မျက်မြင်ပုံပန်းသဏ္ဌာန်မှာ ပြွန်ရှည်ကြီးတစ်ခုအား ကြီးမားသော သံလိုက်တစ်ခုက စက်ဝိုင်းဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည်နှင့် တူနေပေသည်။ စားပွဲတစ်ခုပေါ်သို့ ဝေဒနာရှင်အား လှဲအိပ်စေပြီး (လက်ဝတ်လက်စား၊ ဘဏ်ကတ်များနှင့် အခြားသတ္တုပါဝင်သည့် အရာဝတ္ထုများအား ဖယ်ရှားပစ်ရမည်) နန်းကြိုးခွေကြီးများထဲသို့ လျှပ်စီးလွှတ်လိုက်သည်နှင့် အင်အားပြင်းသော သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုသံလိုက်ဓာတ်သည် ရေဒီယိုလှိုင်းများကို လူ့ခန္ဓာကိုယ်သို့ ပို့လွှတ်ပြီး ခန္ဓာကိုယ်၏ နိုးကြွလာသောပရိုတွန် (Proton ) တို့သည် ရေဒီယိုလှိုင်းများအား စုပ်ယူကာ စွမ်းအင်အချက်ပြလှိုင်းများကို တစ်ဖန်ပြန်လွှင့် ထုတ်ပေးသည်။  ယင်းစွမ်းအင်လှိုင်းတစ်ခုချင်းစီကို နန်းကြိုးခွေကြီးက ဖမ်းယူရရှိပြီးကွန်ပျူတာသို့ ပို့သည်။  ကွန်ပျူတာကစွမ်းအင်လှိုင်းအားလုံးကို ပုံရိပ်တစ်ခုအဖြစ်သို့ တွက်ချက်ပြောင်းလဲပေးသဖြင့် ဖန်သားပြင်ပေါ်၌ သုံးဖက်မြင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာတော့သည်။MRI နှင့် CT စက်တို့သည် တစ်ခုချင်းစီတွင် အားသာချက်ရှိသလို မတူသော အသုံးချမှု သီးခြားရှိကြ၏။ MRI စက်၏ အရေးကြီးသည့် အရည်အသွေးမှာ ပြင်းအားကောင်းသော သံလိုက်ဓာတ်ရှိရန် လိုအပ်ခြင်းနှင့် သံလိုက်စက်ကွင်းအား တစ်သမတ်တည်း မပြောင်းလဲဘဲရှိနေရန် လိုအပ်ခြင်းတို့ ဖြစ်၏။Ultrasound စက်သည် ကြိမ်နှုန်းမြင့် (High Frequency) အသံလှိုင်းများသုံးပြီး ဝမ်းဗိုက်၊ အသည်း၊ နှလုံး၊ အရွတ်၊ ကြွက်သား၊ အရိုးအဆစ်နှင့် သွေးကြောစသည့် ခန္ဓာအစိတ်အပိုင်းတို့၏ ပုံရိပ်ကိုပုံဖော်ပေးရန် ပြုလုပ်ပေးသည့်စက် ဖြစ်သည်။  ပညာရှင်တို့ က ရေဒီယိုဓာတ်သတ္တိကြွရောင်ခြည်သုံးခြင်းထက် အသံလွန် Ultrasound လှိုင်းသုံးခြင်း က ပိုမိုဘေးကင်းသည် ဆိုသည်။  ဆေးဘက်ဆိုင်ရာရောဂါရှာဖွေမှုတွင် ၁ ဒသမ ၆ မှ ၁ဝ မဂ္ဂါဟတ်ဇ်အတွင်းရှိ ကြိမ်နှုန်းလှိုင်းကို သုံးလေ့ရှိသည်။  ပို၍မြင့်သော ကြိမ်နှုန်းသည် ပို၍ကြည်လင်ပြတ်သားသည့် ပုံရိပ်ရရှိစေကာမူ ယင်းအသံလွန်လှိုင်းကို လူ့အရေပြား နှင့် တစ်သျှူးတို့က အလွယ်တကူ စုပ်ယူသွားနိုင်သည်။ ပိုနိမ့်သော ကြိမ်နှုန်းရှိလှိုင်းများက ပိုမိုနက်ရှိုင်းစွာထိုးဖောက်နိုင်သော်လည်း ယင်းမှ ထုတ်ပေးသောပုံရိပ်သည် အရည်အသွေးပို၍ နိမ့်ကျသည်။ပုံရိပ်ပေါ်ရန် ရိုက်ကူးခြင်းအမှုကိစ္စကို Ultrasound Scan ဟုခေါ်ပြီး ထွက်ပေါ်လာသော ပုံရိပ်ပြစက်ကို ဆိုနိုဂရမ် (Sonogram)  ဟုခေါ်၏။  အာလ်ထရာဆောင်း အသံလွန်လှိုင်းသည် ခန္ဓာတွင်းရှိ နူးညံ့သည့် တစ်သျှူး နှင့် အရည်များအား ထိုးဖောက်သွားရာ၌ ပိုသိပ်သည်းသော မျက်နှာပြင်တို့နှင့် ထိတွေ့တိုင်း ရိုက်ပြန်လာသည်။ လှိုင်းများသည် နှလုံးအိမ်ထဲရှိ သွေးကိုထိုးဖောက်ဖြတ်သန်းပြီး နှလုံးအဝရှိ ဖွင့်ပိတ်တံခါးကိုထိလျှင် ရိုက်ပြန်လာသည်ကို တွေ့ရ၏။  ဥပမာအားဖြင့် ဆီးအိမ်၌ ကျောက်တည်နေပါက အာလ်ထရာဆောင်းလှိုင်းသည် စက်ဆီသို့ ဦးတည်ပြီး ရိုက်ပြန်လာမည် ဖြစ်သည်။ ခန္ဓာတွင်းရှိ အင်္ဂါအစိတ်အပိုင်း၏ သိပ်သည်းခြင်းအမျိုးမျိုးနှင့် လိုက်၍ လှိုင်းပမာဏအနည်းအများ ရိုက်ပြန်လာခြင်းကို တိုင်းတာခြင်းဖြင့် အညိုရောင် အနုအရင့် သမ်းသောပုံရိပ်များ ထွက်ပေါ်လာသည်။Ultrasound သို့မဟုတ် ဆိုနိုဂရမ်စက်၏ ရောဂါရှာဖွေရေးနယ်ပယ်မှာ အလွန်ပင် ကျယ်ပြန့်ရကား သွေးလွှတ်ကြောပိတ်၊ မပိတ်ကို လည်းကောင်း၊ နှလုံးသွေးကြောစနစ်တစ်ခုလုံးကို လည်းကောင်း၊ သွေးကြောထဲ သွေးအခဲဖြစ်ခြင်းကို လည်းကောင်း၊ သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် ကျန်းမာမှုအပြင် ပုံရိပ်ဖြင့် လိင်ခွဲခြားသိရှိမှုကို လည်းကောင်း ဆောင်ရွက်ပေးနိုင်ပေသည်။MRI နှင့် Ultrasound တို့၏ ရောဂါရှာဖွေရေး၊ ကုသရေးဆိုင်ရာ အသုံးဝင်မှုသည် ပြော၍မကုန်နိုင်အောင် ဖြစ်နေသည်။  အဆိုပါ အီလက်ထရွန်နစ်စက်များ၏ ကောင်းစွာလုပ်ဆောင်နိုင်မှုသည် လျှပ်စစ်စွမ်းအား ပင်ရင်းတစ်ရပ်အပေါ်တွင် တည်မှီနေသောကြောင့် MRI စက်တွင် အသုံးပြုသောအင်အားပြင်း သံလိုက်စက်ကွင်းသည် အချိန်တိုင်း၌ တစ်သမတ်တည်းရှိနေရန် လိုအပ်သည့် အားလျော်စွာ အကယ်၍ ဗို့အားအတက်အကျဖြစ်ပါက ယင်းသံလိုက်စက်ကွင်း၏ တစ်သမတ်ရှိမှုကို ထိခိုက်ပျက်ပြားသွားစေမည် ဖြစ်သည်။Ultrasound စက်တွင်လည်း အကယ်၍ လျှပ်စစ်စွမ်းအားပင်ရင်း၏ ကြိမ်နှုန်း (Frequency) တည်ငြိမ်မှု (ကြိမ်နှုန်း- ၅ဝ ဟတ်ဇ်) မရှိဘဲ ကြီးစွာပြောင်းလဲမှု ဖြစ်လာပါက ပုံရိပ်ဖြစ်ပေါ်မှုကို ထိခိုက်မည်ဖြစ်ကာ အမှန်နှင့် လွဲချော်သော ပုံရိပ်ကိုသာ ရရှိမည်ဖြစ်သည်။သို့ဖြစ်၍ လျှပ်စစ်စွမ်းအားပင်ရင်း၏ ဗို့အားပမာဏနှင့် ကြိမ်နှုန်းအတက်အကျ၊ အပြောင်းအလဲ မဆိုစလောက် နည်းနိုင်သမျှ နည်းသည့် လျှပ်စစ်စွမ်းအားအရည်အသွေး (Power Quality) မျိုးသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါရှာဖွေကုသမှုနယ်ပယ်တွင် လွန်စွာအရေးပါကြောင်းနှင့် လျှပ်စစ်စွမ်းအားအရည်အသွေး (ဥပမာ-ဗို့အားလှိုင်းပုံစံပျက်ယွင်းခြင်း၊ ကြိမ်နှုန်းအတက်အကျဖြစ်ခြင်း၊ ဗို့အားပမာဏ မတည်ငြိမ်ခြင်းစသည်) နိမ့်ကျပါက ရောဂါရှာဖွေစက်များမှ ထွက်ရှိလာမည့် ပုံရိပ်ရလဒ်တို့သည် မှားယွင်းနေမည်သာ ဖြစ်ကြောင်း တင်ပြရေးသားလိုက်ပါသည်။

Most Read

Most Recent