ကျောင်းသားများ၏ လမ်းလျှောက် သပိတ်မှောက် စစ်ကြောင်း နောက်ဆုံးရ သတင်းများ (၂၀၁၅၊ ဖေဖော်ဝါရီ ၃ ရက်နေ့)

ကျောင်းသားများ၏ လမ်းလျှောက် သပိတ်မှောက် စစ်ကြောင်း နောက်ဆုံးရ သတင်းများ (၂၀၁၅၊ ဖေဖော်ဝါရီ ၃ ရက်နေ့)
Published 3 February 2015

February 3 student News updated
12:50 PM
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်သည့် ဧရာဝတီသပိတ်စစ်ကြောင်းသည် ပုသိမ်တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခွင့်ရပြီး ကျောင်းသားများဟောပြောမှု ပြုလုပ်ပြီးနောက် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ ထပ်မံပူးပေါင်းပါဝင်လာကြောင်း သိရသည်။

12:07 PM
ယနေ့တွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနရုံး၌ ပြုလုပ်မည့် အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်သော လေးပွင့်ဆိုင်ဆွေးနွေးပွဲအား သမ္မတ၏ မှတ်ချက်ဖြင့် ရွေ့ဆိုင်းလိုက်ကြောင်း၊ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နောက်ပိုင်းတွင်မှ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကျောင်းသားကိုယ်စားလှယ်အချို့နှင့် ဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေသူအချို့အား ပြောကြားကြောင်း သတင်းရရှိပါသည်။
 11:55 AM
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်သည့် ကျောင်းသားစစ်ကြောင်းသည် မကွေးမြို့ဝင်ဆိုင်းဘုတ်ကို နံနက် ၁၁ နာရီ မိနစ် ၄၀ က ဖြတ်ကျော်သွားခဲ့ကြောင်း၊ မကွေးမြို့ လွတ်လပ်ရေးကျောက်တိုင် ပန်းခြံအတွင်းတွင် နေ့လည်စာစားသုံးရန် နားနေမည်ဖြစ်ပြီး မကွေးမြို့တွင်းသို့ လှည့်လည်ဆန္ဒပြမည်ဟု သိရသည်။

11:00 AMအမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်သည့် ဧရာဝတီသပိတ်စစ်ကြောင်းသည် စုရပ်ဖြစ်သည့် ပညာပါရမီကျောင်းမှ နံနက် ၁၀နာရီ ၄၅ မိနစ်တွင် စတင်ချီတက်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ချီတက်မည့် ယင်းသပိတ်စစ်ကြောင်းသည် လမ်းခရီးတစ်လျှောက်တွင်ရှိသော ပုသိမ်တက္ကသိုလ်နှင့် နည်းပညာကောလိပ်များသို့ ဝင်ရောက်၍ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်သည့် ဟောပြောမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားများ၏ ပြောဆိုမှုအရသိရသည်။ ယင်းသပိတ်စစ်ကြောင်းသည် ယနေ့ လမ်းလျှောက်ချီတက်မှုအဖြစ် ကန်ကြီးထောင့်မြို့သို့ ဦးတည်ထွက်ခွာခြင်းဖြစ်ပြီး ကန်ကြီးထောင့်မြို့တွင်ညအိပ်ရပ်နားမည်ဖြစ်သည်။ ဧရာဝတီသပိတ်စစ်ကြောင်းတွင် ကျောင်းသားအင်အား ၅၀ ခန့်ဖြင့် စတင်ချီတက်ထွက်ခွာခဲ့ကြကြောင်းသိရသည်။

10: 36 AMလေးပွင့်ဆိုင် ဆွေးနွေးရန် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနသို့ ရောက်ရှိနေသော ကျောင်းသား ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအကြား လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဝင်ခွင့်အတွက် ညှိနှိုင်းမှု ထပ်မံ အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။ ကျောင်းသားများဘက်က ၎င်းတို့နှင့် အတူ လိုက်ပါလာသော ကျောင်းသား ၃၀ ဦးနှင့် မီဒီယာများကို ဝင်ခွင့်ပေးရန် တောင်းဆိုထားပြီး တာဝန်ရှိသူများဘက်က ကျောင်းသား ကိုယ်စားလှယ် ၁၅ ဦးနှင့်အတူ နောက်ထပ် ငါးဦးကို ဆွေးနွေးပွဲ ခန်းမအတွင်း ဝင်ခွင့်ပေးမည်ဟု ဆိုထားသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဝင်ခွင့်နှင့် ပတ်သက်ပြီး နှစ်ဘက် ဆက်လက် ညှိနှိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။
10: 25 AMလေးပွင့်ဆိုင် ဆွေးနွေးရန် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနသို့ ရောက်ရှိနေသော ကျောင်းသား ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအကြား လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဝင်ခွင့်အတွက် ညှိနှိုင်းမှု ရရှိခဲ့ကြောင်း သိရသည်။ ထိုညှိနှိုင်းချက်အရ ကျောင်းသား ကိုယ်စားလှယ် ၁၅ ဦးနှင့်အတူ နောက်ထပ် ငါးဦးကို ဆွေးနွေးပွဲ ခန်းမအတွင်း ဝင်ခွင့်ပေးခဲ့ပြီး ကျန်သူများအားလုံး ဆွေးနွေးပွဲ ခန်းမအပြင်၌ စောင့်ဆိုင်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ကနဦးအချိန်က ဆွေးနွေးပွဲသို့ ကျောင်းသား ကိုယ်စားလှယ် ၁၅ ဦးကိုသာ ဝင်ရောက်ခွင့် ပြုပြီး ၎င်းတို့နှင့် အတူ လိုက်ပါလာသော ကျောင်းသား ၃၀ ဦးနှင့် မီဒီယာများကို ဝင်ခွင့်မပေးခဲ့ပေ။
10: 20 AM
ကံပြားကျေးရွာ ရှားတောဘုန်းကြီးကျောင်းတွင် ညအိပ်တည်းခိုနေသော ကျောင်းသားစစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က မကွေးနည်းပညာ တက္ကသိုလ်ဆီသို့ ဦးတည် ထွက်ခွာလာခဲ့ပြီးနံနက် ၁၀ နာရီက မကွေးနည်းပညာ တက္ကသိုလ်အတွင်း ဝင်ရောက်ဟောပြောခဲ့ကြသည်။ကျောင်းသားစစ်ကြောင်းသည် ကံပြားကျေးရွာ မကွေး-နတ်မောက်ကားလမ်းဘေးရှိ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တနားခိုခဲ့ဖူးသော ဇရပ်တွင် ဟောပြောသွားရန်ရှိကြောင်း သိရသည်။

10:00 AM
လေးပွင့်ဆိုင် ဆွေးနွေးရန် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနရုံးသို့ ရောက်ရှိနေသော ကျောင်းသားကိုယ်စားလှယ်များ ဝင်ခွင့်နှင့် ပတ်သက်၍ မပြေလည်မှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။ဆွေးနွေးပွဲသို့ ကျောင်းသား ကိုယ်စားလှယ်များကို ဝင်ရောက်ခွင့် ပြု ပြီး ၎င်းတို့နှင့် အတူ လိုက်ပါလာသော ကျောင်းသား ၃၀ ဦးနှင့် မီဒီယာများကို ဝင်ခွင့် မပေးသည့်အတွက် ညှိနှိုင်းနေရကြောင်း သိရသည်။ ကျောင်းသား ကိုယ်စားများက ၎င်းတို့နှင့် လိုက်ပါလာသူများကို ဝင်ခွင့်မပေးပါက ဆွေးနွေးပွဲတက်မည် မဟုတ်ဟု ပြောကြားထားသည်။

နေပြည်တော် ပညာရေး ဝန်ကြီးဌာန အဝင်သို့ ရောက်ရှိနေသော ကျောင်းသားကိုယ်စားလှယ်များ

Most Read

Most Recent