ပညာရေးဥပဒေဆွေးနွေးပွဲ၌် NNER ခေါင်းဆောင်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည့် ဒေါက်တာသိန်းလွင်ကို အရေးယူမည်ဟု NLD ထုတ်ပြန်ပြီးနောက် NNER နှင့် သပိတ်မှောက်ကျောင်းသားများဘက်က ပြန်လည်မေးခွန်းထုတ်

ပညာရေးဥပဒေဆွေးနွေးပွဲ၌် NNER ခေါင်းဆောင်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည့် ဒေါက်တာသိန်းလွင်ကို အရေးယူမည်ဟု NLD ထုတ်ပြန်ပြီးနောက် NNER နှင့် သပိတ်မှောက်ကျောင်းသားများဘက်က ပြန်လည်မေးခွန်းထုတ်
Published 3 February 2015
ကျော်ဇင်ဝင်း

အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌  အမျိုးသားပညာရေး ပြု ပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ ခေါင်းဆောင်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့သည့် NLD ၏ အရံ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာသိန်းလွင်ကို အရေးယူမည်ဟု NLD  က ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာချက်အ မှတ် ၈/ဝ၂/၂ဝ၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်။ထိုသို့ ကြေညာချက် ထုတ်ပြန်မှုအပေါ် သပိတ်မှောက်ကျောင်းသားများ (ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)နှင့် NNER တို့ကNLD ၏ကြေညာချက်ကို နားမလည်နိုင်ဖြစ်ရကြောင်း မေးခွန်းထုတ်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။    NLD ၏ကြေညာချက်တွင် အမျိုးသားပညာရေးဥပဒေအစည်းအဝေးသို့ တက်ရောက်လျက်ရှိသော NNER ၏ ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်သည် NLD ကိုယ်စားလှယ် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ပြင် NLD အဖွဲ့ဝင်များအနေဖြင့် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရှိဘဲ အခြားအဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခွင့် မရှိကြောင်းနှင့် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းအတွက် NLD က စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း ထုတ်ပြန်ခဲ့ သည်။ယင်းထုတ်ပြန်ကြေညာချက်အပေါ် ဒေါက်တာသိန်းလွင်သည် NLD ပါတီဝင်ဖြစ်သော်လည်း NNER တွင် မိမိဆန္ဒအလျောက် ဦးဆောင်ပါဝင်ခဲ့ကြောင်း၊ ယခုကျောင်းသားများ၏ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွင်လည်း တိုင်းပြည်၏ အရေးကြီးသောပညာရေးကိစ္စဖြစ်၍ ကူညီဆောင်ရွက်နေရာ NLD ၏ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ထွက်လာသည့်အပေါ် NNER မှ အလွန်တရာ နားမလည်နိုင်ဖြစ်ရကြောင်း၊ NLD သည် ကျောင်းသားများ၏ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကို သဘောမတူပါသလော၊ အရေးကြီးသောအချိန်တွင်မှ အဘယ်ကြောင့် ယခုလိုလုပ်ရသနည်း၊ ပို၍နားမလည်နိုင်၊ စဉ်းစားမရဖြစ်နေ၍ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဖြေရှင်းပေးရန် အိတ်ဖွင့်ပေးစာပေးကာ မေးခွန်းထုတ်တောင်းဆိုမှု ပြုလုပ်ခဲ့သည်။အလားတူ သပိတ်မှောက်ကျောင်းသားများ (ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)ကလည်း ဒေါက်တာသိန်းလွင်အား လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်ရန်ဖိတ်ကြားခဲ့ခြင်းမှာ NLD ၏ ကိုယ်စားလှယ်အနေနှင့် ဖိတ်ကြားခဲ့ခြင်းမဟုတ်ကြောင်း၊ ကျောင်းသားထု၏ သမိုင်းစဉ်တစ်လျှောက် တိုက်ပွဲဝင်တောင်းဆိုမှုဖြစ်သော လွတ်လပ်သော ကျောင်းသားသမဂ္ဂများ၏ ရပ်တည်ဖွဲ့စည်းပိုင်ခွင့်နှင့် ဒီမိုကရေစီပညာရေး အာမခံချက်အတွက် သပိတ်နည်းလမ်းနှင့် ညှိနှိုင်းအဖြေရှာရန် ကြိုးပမ်းမှုတွင် ဒေါက်တာသိန်းလွင်အား ဖိတ်ကြားမှုမှာ ကျွနု်ပ်တို့ လေးစားယုံကြည်သော တိုင်းချစ်ပြည်ချစ်ပညာရှင်အနေဖြင့် ဖိတ်ကြားခြင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ကျောင်းသားထုအတွက် အရေးကြီးသည့်အချိန်၌ ဒီမိုကရေစီပညာရေးသပိတ်အား ကန့်ကွက်သည့်သဘော၊ လေးပွင့်ဆိုင်ညှိနှိုင်းရေးအား နှောင့်နှေးစေသည့်သဘော သွယ်ဝိုက်သက်ရောက်စေသည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်မှုအား အချိန်ကိုက်မထုတ်ပြန်သင့်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ အသိပေးအပ်ပါသည် ဟု သပိတ်မှောက်ကျောင်းသားများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၈/ ဝ၂/၂ဝ၁၅ ထုတ်ပြန်ချက်အပေါ် NNER နှင့် သပိတ်မှောက်ကျောင်းသားများ၏ မေးခွန်းထုတ်ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီခန့် တွင် NLD က ဖေဖော်ဝါရီ ၁ ရက်စွဲဖြင့် ၁/ ဝ၂/၂ဝ၁၅ ကြေညာချက်တစ်စောင်အား ပြင်ဆင်ထုတ်ပြန်ခဲ့သည်။အဆိုပါ ၁/ဝ၂/၂ဝ၁၅ ကြေညာချက်တွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အစည်းအဝေးတွင် ဒေါက်တာသိန်းလွင်သည် NNER ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး NLD  ကို ကိုယ်စားပြု၍ တက်ရောက်ခဲ့ခြင်းမဟုတ်ကြောင်း၊ ဒေါက်တာသိန်းလွင်သည် NLD ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး NLD အဖွဲ့ဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းသည့်တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ သို့ဖြစ်၍ NLD က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ဖော်ပြခဲ့သည်။     

Most Read

Most Recent