အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြည်ထောင်စုနေ့တွင် သဘောတူညီချက်တစ်ရပ်ရပ် လက်မှတ်ထိုးနိုင်ရေးပြင်ဆင်နေ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြည်ထောင်စုနေ့တွင် သဘောတူညီချက်တစ်ရပ်ရပ် လက်မှတ်ထိုးနိုင်ရေးပြင်ဆင်နေ
Published 3 February 2015
အောင်ဇော်ထွန်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြည်ထောင်စုနေ့တွင် သဘောတူညီချက်တစ်ရပ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးပြင်ဆင်နေကြောင်း သတင်းရရှိသည်။လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်မည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုဖိတ်ကြားရန် အစိုးရဘက်ကဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီချက်တစ်ရပ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး အဆိုပြုထားကြောင်း သိရသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၅ ရက်ဝန်းကျင်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန်စီစဉ်နေကြောင်း သိရသည်။Myanmar Peace Center မှ ဦးလှမောင်ရွှေက "(၇)ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပနိုင်ဖို့အနေအထား ပြည်ထောင်စုနေ့တက်ရောက်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာပြီးတော့ တိုင်းရင်းသားတွေက စတင်အဆိုပြုလာတဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ ဖြစ်နိုင်ခြေတွေကို ညှိနှိုင်းဖို့ပါ" ဟုပြောကြားသည်။UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြားညှိနှိုင်းနေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို အချောသပ်နိုင်ခြင်းမရှိသေး၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရည်ရွယ်ထားသည့် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ကိစ္စမှာ အကောင်အထည်မဖော်နိုင်ဘဲရှိနေသည်။သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လာမည့်ပြည်ထောင်စုနေ့တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော အမျိုးသားပြည်နယ်များကိုအခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ "ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်" ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြုအပ်သည်ဟု ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီး အစိုးရထံသို့လည်း အဆိုပြုထားကြောင်း သိရသည်။အလားတူ UNFC အဖွဲ့ဝင်အဖြစ်မှပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ UNFC အဖွဲ့ဝင်မဟုတ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA) တို့သည် NDAA ဒေသတွင် ဇန်နဝါရီလကုန်ပိုင်းကတွေ့ဆုံ၍ စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးစာချုပ်ကိုချုပ်ဆိုရေး ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းသို့ချုပ်ဆိုနိုင်ရေးအတွက် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းသွားရန်တို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။ဦးလှမောင်ရွှေက "တိုင်းရင်းသားတွေဘက်ကနေကမ်းလှမ်းလာတဲ့ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးဖို့ကိစ္စဟာ ကမ်းလှမ်းလာတဲ့အဖွဲ့အစည်းတွေအပြင် အခြား UNFC အဖွဲ့ဝင်မဟုတ်တဲ့ NCCT အဖွဲ့ဝင်မဟုတ်တဲ့အဖွဲ့တွေကလည်း ဒီဟာအပေါ်မှာ အဆိုပြုချက်တွေရှိတယ်။ အဲဒီအပေါ်မှာ ဝန်ကြီးဦးအောင်မင်းတို့အနေနဲ့ ဗဟိုကော်မတီရဲ့မူဝါဒနဲ့ဘောင်ထဲကနေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နိုင်ဖို့ပြင်ဆင်နေတယ်။  တကယ်ထိုးနိုင်မယ် မထိုးနိုင်ဘူးကတော့ ဆက်တော့လုပ်ကြည့်ရမှာပေါ့။ ကျွန်တော်ထင်မိတာကတော့ တိုင်းရင်းသားတွေအားလုံးလက်မှတ်ရေးထိုးတဲ့ ပုံစံမျိုးတစ်ခုတော့ ညှိနှိုင်းယူရမယ်ထင်တယ်" ဟု ပြောကြားသည်။လက်ရှိတွင် အစိုးရအနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်ရန်အတွက် အစိုးရနှင့် ဆွေးနွေးဖက်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ပြီး အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဆွေးနွေးဆဲအဖွဲ့နှစ်ဖွဲ့ စုစုပေါင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကိုသာဖိတ်ကြားရန်စီစဉ်ထားရာ အကယ်၍ ပြည်ထောင်စုနေ့တွင် သဘောတူညီချက်တစ်ရပ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရန်ညှိနှိုင်းနိုင်ပါက ပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားအဖွဲ့အစည်း ၂၀ ဝန်းကျင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။                    

Most Read

Most Recent