အစိုးရအနေဖြင့် အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များ ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြောကြား

အစိုးရအနေဖြင့် အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များ ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြောကြား
Published 3 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

နိုင်ငံတော်အစိုးရအနေဖြင့် အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များအား ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကပြောကြားသည်။ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၂ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏မေးခွန်းအားဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က "အချို့မြို့နယ်များနှင့် ကျေးရွာများတွင်  မြို့အမည်၊ ကျေးရွာအမည်များအား ပါတီအမည်တပ်၍ ဆိုင်းဘုတ်တင်ထားခြင်းကို ခွင့်ပြုထားခြင်းရှိ၊ မရှိ" ကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။ဒေါ်ခင်စန်းလှိုင်က လွှတ်တော်၌မေးခွန်းမေးရာတွင် လွှတ်တော်၏စည်းမျဉ်းစည်းကမ်းများအရ ပါတီအမည်အား ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသော်လည်း လွှတ်တော်၌ဖော်ပြသည့် ပရိုဂျက်တာပြကွက်များတွင် ယင်းမာပင် ပြည်ခိုင်ဖြိုးမြို့၊ ဆားလင်းကြီး ပြည်ခိုင်ဖြိုးမြို့၊ ပုလဲပြည်ခိုင်ဖြိုးစံပြကျေးရွာ၊ ကျောက္ကာမြောက် ပြည်ခိုင်ဖြိုးစံပြကျေးရွာ၊ သရက်ကန် ပြည်ခိုင်ဖြိုးစံပြကျေးရွာများကို ဓာတ်ပုံများဖြင့် လွှတ်တော်သို့တင်ပြခဲ့သည်။သတင်းထောက်များအားပြောကြားရာတွင် "လွှတ်တော်ထဲမှာ လွှတ်တော်ရဲ့စည်းမျဉ်းစည်းကမ်းများအရ ပါတီစွဲထားလို့မရတဲ့အတွက် ပါတီအမည်ထည့်မပြောခဲ့တာပါ။ တစ်နိုင်ငံလုံးအနှံ့အပြား စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းဆိုတဲ့နေရာတွေမှာ အဓိကဆိုင်းဘုတ်တပ်ထားတာကတော့ ပြည်ခိုင်ဖြိုးမြို့၊ ပြည်ခိုင်ဖြိုးရွာဆိုပြီးတပ်ထားတယ်" ဟု ၎င်းကပြောကြားသည်။မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ သံဖြူ ဇရပ်မြို့ရှိ "ကြံ့ခိုင်ရေးရပ်ကွက်" မှလွဲ၍ အခြားတိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ပါတီအမည်နှင့်တူသောရပ်ကွက်၊ ကျေးရွာများ သတ်မှတ်ထားခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ကြိမ်ခါးကုန်းအုပ်စု သဖန်းပင်ရွာအား ၂၀၁၄ ဒီဇင်ဘာလအတွင်းကတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)သို့ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အချို့သောရပ်ကွက်၊ ကျေးရွာများတွင် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သောကြောင့် မှတ်တမ်းတင်ထားရှိသည့်အနေဖြင့် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်များတပ်ဆင်ထားခဲ့ကြောင်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဆက်လက်ပြောကြားသည်။"အရင်အသိအမှတ်ပြုထားတဲ့မြို့နယ်တွေရဲ့အကြောင်းတွေကို ပြောသွားတာပါ။ ကျွန်မမေးတဲ့မေးခွန်းနဲ့ တခြားစီလည်းဖြစ်နေပါတယ်။ ကျွန်မသိချင်တာက ဒီလိုမျိုးတရားဝင်ခွင့်ပြုမထားဘဲနဲ့ ဒီဆိုင်းဘုတ်တွေတင်ထားတာက ကျွန်မတို့တိုင်းပြည်အတွင်းမှာ အတော်လေးကြာနေပါပြီ။ ဒါကို အခုအချိန်ထိ အရေးယူဆောင်ရွက်တာမရှိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းအရာကိုလည်း ပြည်သူလူထုကြားမှာ သိသာအောင်လည်း ရှင်းလင်းတင်ပြခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုကြားတွေထဲမှာ ဒီကိစ္စက အမြဲတမ်းအငြင်းပွားစရာဖြစ်နေပြီး နောက်မှ အင်အားကြီးပါတီတစ်ခုရဲ့အနိုင်ကျင့်မှုကို ခံနေရသလိုမျိုး အားလုံးစိတ်ထဲမှာ ဒီလိုဖြစ်ပေါ်နေပါတယ်။ တကယ်၍သာ ဒါကိုတရားဝင်ခွင့်ပြုထားတာမရှိဘူးဆိုရင် ဒီဆိုင်းဘုတ်တွေကို ဘယ်လိုလုပ်ပေးမှာလဲဆိုတာကို ကျွန်မတို့ သဲသဲကွဲကွဲ ပြည်သူ့လွှတ်တော်ကတစ်ဆင့် ပြည်သူလူထုသိအောင်ပြောကြားသင့်တယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ထပ်ဆင့်မေးမြန်းခဲ့သည်။"ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ ကျွန်တော်တို့ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ကျေးရွာအမည်များကိုယ်စား ကျွန်တော်တို့အတည်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များကိုလည်း ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့အတည်ပြုထားတဲ့ အမည်စာရင်းများအတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ညွှန်ကြားသွားမှာဖြစ်ပါတယ်။ ညွှန်ကြားချက်အပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်များကလည်း ဒီညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အမိန့်တွေ၊ ညွှန်ကြားချက်တွေထုတ်ပြန်ပြီး ဆောင်ရွက်ပြီးတော့ အကယ်၍ဆောင်ရွက်ခြင်းမရှိရင်တော့ တည်ဆဲဥပဒေများအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားသည်။သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင်ရွက်ပေးရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ တွင်ပြဋ္ဌာန်းထားသည်။ 

Most Read

Most Recent