မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိခိုက်စေသည့် စီမံကိန်းများစွာ ရှိနေသော်လည်း မဟာမဲခေါင်ဒေသတွင်း သဘာဝရင်းမြစ် ထိန်းသိမ်းရန် GMS ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ အချက်လေးချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိခိုက်စေသည့် စီမံကိန်းများစွာ ရှိနေသော်လည်း မဟာမဲခေါင်ဒေသတွင်း သဘာဝရင်းမြစ် ထိန်းသိမ်းရန် GMS ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ အချက်လေးချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်
Published 1 February 2015

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်ပျက်စီးစေသည့် လက်ပံတောင်း၊ မြစ်ဆုံ၊ သန်လျင်၊ ကျောက်ဖြူကဲ့သို့သော စီမံကိန်းများ ရှိနေသော်လည်း နေပြည်တော်၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့သော မဟာမဲခေါင် ဒေသခွဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေးတွင် သဘာဝအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် သဘောတူ ဆွေးနွေးခဲ့ကြသည်။အဆိုပါ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်တွင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု ရရှိစေရန်နှင့် သဘာဝအရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ဆောင်ရွက်ရန်၊ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမူဘောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး အစီအစဉ် (၂၀၁၄-၂၀၁၈)နှင့် အညီ စီမံကိန်းပုံစံ ချမှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် ကဏ္ဍစုံ ပါဝင်စေရန်၊ မဟာမဲခေါင်ဒေသခွဲ နိုင်ငံအသီးသီးမှာ အမျိုးသားအထောက်အကူပြု အဖွဲ့အစည်းများ တည်ထောင်သွားရန်၊ ကျင်းပပြီးစီးခဲ့သော မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေး ၂၀၀၅၊ ၂၀၀၈ နှင့် ၂၀၁၁ ခုနှစ်တို့တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ပါ ကတိကဝတ်များကို ဆက်လက်ဆောင်ရွက်ရန် အချက်များ ပါဝင်သည်။သုံးနှစ်တစ်ကြိမ် ပြုလုပ်သည့် မဟာမဲခေါင်ဒေသခွဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးများတွင် ထုတ်ပြန်ကြေညာခဲ့သည့် သဘောတူညီချက်များ ထားရှိခဲ့သော်လည်း တရုတ်နိုင်ငံ အနေဖြင့် အဆိုပါ ကတိကဝတ်များကို အလေးပြုလိုက်နာ ဆောင်ရွက်ခြင်း အားနည်းနေကြောင်းကိုလည်း သဘာဝပတ်ဝန်းကျင် ပညာရှင်များက ထောက်ပြဝေဖန်လျက် ရှိသည်။“တရုတ်က အဲလို ကတိကဝတ်တွေ လိုက်နာမှု အားနည်းတယ် ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သူတို့ဆီမှာ လေထုညစ်ညမ်းမှုတွေ အရမ်းဖြစ်လာတဲ့အတွက် ကျောက်မီးသွေးစက်ရုံတွေ သက်တမ်း ၁၀၀ လောက်ရှိတဲ့ကားတွေ သုံးစွဲမှုတွေ လျှော့ချလာတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။ထို့ပြင် မဟာမဲခေါင်ဒေသခွဲ ဒေသတွင်း နိုင်ငံများတွင် မဲခေါင်မြစ်ဝှမ်း တစ်လျှောက်ရှိ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အားလုံးပါဝင်သော်လည်း မဲခေါင်မြစ်အား ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက် မဲခေါင်မြစ်ဝှမ်းကော်မရှင် ဖွဲ့ခဲ့ပြီး အဆိုပါအဖွဲ့တွင် တရုတ်နိုင်ငံသည် ပါဝင်ခြင်းမရှိဘဲ လေ့လာသူ အနေဖြင့်သာ ပါဝင်ခဲ့ကြောင်းကို သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးညိုမောင်က ဆိုသည်။“မဲခေါင်အထက်ပိုင်း တရုတ်ဘက်မှာ ဆည်ခြောက်ခု တည်ဆောက်ခဲ့တယ်။ အခု မြစ်အောက်ပိုင်းမှာရှိတဲ့ လာအိုမှာ ဆာရာဘူရီဆည်ကို တည်ဆောက်ဖို့ လုပ်နေတယ်။ ကမ္ဘောဒီယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေ စုပြီးတော့ မဲခေါင်မြစ်ကြောင်း ကော်မရှင်ကို ဖွဲ့စည်းထားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် TERRA မှ လက်ထောက်ဒါရိုက်တာ Srisuwan Kuankachorn က ပြောကြားသည်။မဟာမဲခေါင်ဒေသခွဲ သဘာ၀ အရင်းအမြစ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်အဖြစ် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ မြေယာစနစ်တကျ သုံးစွဲမှု ဖော်ဆောင်ရေး၊ သစ်တောအရင်းအမြစ်များ ကာကွယ်ရေးနှင့် သစ်တောများ ပြန်လည်စိုက်ပျိုးရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ညွှန်ကြားရေးမှူးချုပ် James Nugent က ပြောကြားသည်။ထို့အပြင် မြန်မာနိုင်ငံတွင် အရွယ်အစားကြီးမားသော ရေအားလျှပ်စစ် စီမံကိန်းများ၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ၊ သတ္တုထုတ်ယူမှုများ၊ သစ်ထုတ်လုပ်မှုများနှင့် စည်းကမ်းမဲ့ မြေယာအသုံးပြုမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အဆိုပါ စီမံကိန်းများကြောင့် ဒေသခံများ၏ လူမှုဘ၀ ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံရှိ တီကျစ်နှင့် ကော့သောင်းကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ဒေသခံများ ခံစားနေရသည့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိနေသဖြင့် လေ့လာမှုများပြုလုပ်ရန် လိုအပ်ကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ကျောက်မီးသွေးသုံးစွမ်းအင် နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များ ပြန်လည်ဖွံ့ဖြိုးရန်အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကဏ္ဍများအတွက် ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်သွားမှသာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်သောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။