(၁)၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာအကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ပြုလုပ်ပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အာမခံချက် ပေးထားပါတယ်။သူတို့ရဲ့ ကြွေးကြော်ဆောင်ပုဒ်က “ဒီမိုကရေစီ အစစ်အမှန် ရွေးကောက်ပွဲတွင် အခြေခံလွတ်လပ်မျှတ ဆောင်ရွက်ရန်” ဖြစ်ပါတယ်။ကြွေးကြော်သံ ဆောင်ပုဒ်တွေ ကောင်းပေမယ့် နိုင်ငံရေးအရ ယို့ယွင်းချွတ်ခြုံကျချိန်မှာ အပြောနဲ့အလုပ် မညီညွတ်တာမျိုး ဖြစ်လာတတ်တာကို သတိပြုရပါမယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အတွက် အချိန်ကိုးလပဲ ကျန်ပါတော့တယ်။ ပိတ်ရက်များတဲ့ ဧပြီကို ဖယ်လိုက်ရင် အချိန်ရှစ်လပဲ ရှိပါတော့တယ်။လာမယ့် ရွေးကောက်ပွဲမှာ ပေးထားတဲ့ အာမခံချက်တည်အောင်၊ ပြောထားတဲ့ဆောင်ပုဒ် ပီပြင်အောင် စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့ တာဝန်ရှိသူတွေထဲမှာ ပြည်သူတွေက အဓိက ဖြစ်ပါတယ်။(၂)ရွေးကောက်ပွဲအတွက် အရေးကြီးဆုံးက မှန်ကန်ပြီး ပြည့်စုံတဲ့ မဲစာရင်း (ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်း) ဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်က လုပ်ပေးရမှာတွေ အများကြီး ရှိပါတယ်။ မဲစာရင်းအသစ် ပြုစုရမယ်၊ မဲစာရင်း ရိုက်နှိပ်ထုတ်ဝေရမယ်၊ မဲစာရင်းမှာ ကိုယ့်နာမည်ပါဝင်ခြင်း ရှိ၊ မရှိ မဲဆန္ဒရှင်တွေ လာရောက်စစ်ဆေးနိုင်အောင် လှုံ့ဆော် သတိပေးရမယ်၊ ရွေးကောက်ပွဲမစခင် မဲစာရင်းကို ထုတ်ပြန်ကြေညာပေးရမယ်၊ မဲစာရင်းမှာ နာမည်မပါသူတွေ၊ မှားယွင်းနေသူတွေအတွက် တောင်းဆို/ပြင်ဆင်/ကန့်ကွက်လွှာတွေ ထုတ်ပေးရမယ်၊ ကူညီပြင်ဆင်ပေးရပါမယ်။ဒီလို အဆင့်ဆင့်ရှိတဲ့ အထဲမှာ ပထမအဆင့် အခြေခံမဲစာရင်း အခုချိန်အထိ မထွက်သေးပါဘူး။၂၀၁၄ ခုနှစ် ဇွန်-သြဂုတ် ကာလမှာ မဲစာရင်းဖြည့်သွင်း ပြုစုခြင်းအတွက် ရှေ့ပြေးစီမံချက်တစ်ခု လုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တို့မှာ လုပ်ခဲ့တာပါ။ ရှေ့ပြေးစီမံချက်က တစ်ဆင့်ရရှိတဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး အခြေခံမဲစာရင်း ပြုစုခြင်း ပထမအဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ စတင်ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီအထိ လုပ်ခဲ့ပါတယ်။ဒုတိယဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ စတင်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်အထိ လုပ်ပါမယ်။ တတိယဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ပြီး မေအထိလုပ်ဖို့ ပြင်ဆင်ထားပါတယ်။လက်ရှိ အခြေအနေတွေအရ အခြေခံမဲစာရင်း ပြုစုခြင်း ပထမအဆင့် ပြီးပါပြီ။ ဘယ်လိုရလဒ် ရှိသလဲဆိုတာ မသိရသေးပါဘူး။အခြေခံမဲစာရင်း ပြုစုခြင်း ပထမအဆင့်အတွက် ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၁၀ ခု ပါဝင်ခဲ့ပါတယ်။ ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ကမာရွတ်မြို့နယ်တို့ ဖြစ်ကြပါတယ်။(၃)အခြေခံမဲစာရင်း ပြုစုခြင်း ပထမအဆင့် ရန်ကုန် ဆယ်မြို့နယ်မှာ လုပ်ခဲ့တယ်။ အဲဒီမြို့နယ်မှာ နေထိုင်သူတွေ မသိကြပါဘူး။သိရသလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ သန်းခေါင်းစာရင်း လူဦးရေကို အခြေခံပြီး ပြုစုခဲ့တာပါ။ တစ်အိမ်တက်ဆင်း ကောက်ယူခဲ့တာ မဟုတ်ပါဘူး။ဒီလို ကောက်ယူတဲ့အခါ အကြမ်းဖျင်းအားဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲစာရင်း လူဦးရေကို အခြေခံခဲ့ပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေနဲ့ သေဆုံးသူတွေကို ဖြည့်ပေါင်းထုတ်နုတ်တဲ့ လိုတိုးပိုလျော့ ထပ်လုပ်ပါတယ်။ ဒါက ပထမအချက်ပါ။ဒုတိယအချက်က အခြေခံမဲစာရင်း ပြုစုမှုတော့ ပြီးပြီ။ ဒါပေမဲ့ ရလာတဲ့ မဲစာရင်းကို မကြေညာနိုင်သေးပါဘူး။ ပုံမှန် လုပ်ထုံးလုပ်နည်းအရ အခြေခံမဲစာရင်းကို ကြေညာပေးရပါမယ်။ ဒီလို ကြေညာတဲ့အခါ အချိန် ၁၄ ရက် သတ်မှတ်ရပါတယ်။ကြေညာထားတဲ့ အချိန် ၁၄ ရက်အတွင်း မဲဆန္ဒရှင်တွေက မဲစာရင်းကို လာကြည့်ရပါမယ်။ ကိုယ့်နာမည် မပါရင် ကန့်ကွက်ရပါမယ်။ မှားနေရင် ပြင်ဆင်ရပါမယ်။ သတ်မှတ်ချိန် ကျော်သွားရင်တော့ ပြင်ဆင်ဖြည့်စွက်လို့ မရတော့ပါဘူး။ ကိုယ့်ရဲ့ မဲပေးပိုင်ခွင့် နိုင်ငံသားအခွင့်အရေး ပျောက်ဆုံးပါမယ်။ဒီအတွက် အခြေခံမဲစာရင်း ကြေညာပေးတဲ့ ၁၄ ရက်က အရေးကြီးပါတယ်။ ရန်ကုန်ဆယ်မြို့နယ်မှာ ပထမအဆင့် အခြေခံမဲစာရင်း ပြုစုမှု ပြီးပါပြီ။ မဲစာရင်းကို မကြေညာသေးတဲ့အတွက် အဲဒီမြို့နယ်မှာ နေထိုင်သူတွေ မသိရသေးပါဘူး။အခြေခံမဲစာရင်း ပြီးသွားတဲ့ မြို့နယ်တွေမှာ မဲစာရင်း ဘယ်အချိန် ကြေညာမလဲဆိုတာ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကိုယ်တိုင် မသိကြပါဘူး။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်ရဲ့ ပြောကြားချက်အရ တစ်နိုင်ငံလုံး အခြေခံမဲစာရင်း ပြုစုမှုက မေလမှာ ပြီးနိုင်မယ်။ ပြီးသွားတဲ့ မြို့နယ်တွေရဲ့ မဲစာရင်းကို မတ်လမှာ ကြေညာနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အချို့က အခြေခံမဲစာရင်း ကြေညာတာနဲ့ ပတ်သက်လို့ ရေရေရာရာ ပြောနိုင်ခြင်း မရှိသေးပါဘူး။ အစောဆုံး မေလနောက်ပိုင်းမှ ဖြစ်နိုင်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။အကယ်၍ အခြေခံမဲစာရင်းကို မေလနောက်ပိုင်းမှသာ ထုတ်ပြန်မယ်ဆိုရင် ရှုပ်ထွေးမှုတွေ အများကြီး ရှိလာနိုင်ပါတယ်။ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အများအပြား မဲပေးပိုင်ခွင့် ဆုံးရှုံးသွားနိုင်သလို မဲစာရင်း မတည်ငြိမ်မှု ဖြစ်လာနိုင်ပါတယ်။ဒီလို ဖြစ်နိုင်ခြေတွေအတွက် ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ရှေ့ပြေးစီမံချက်ကို သာဓကထား ကြည့်နိုင်ပါတယ်။(၄)အလုံမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ မဲစာရင်းအတွက် ရှေ့ပြေးစီမံချက် လုပ်ခဲ့ပါတယ်။တီးတိန်နဲ့ မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိတဲ့ မဲဆန္ဒရှင် အများစုက ၁၄ ရက် မဲစာရင်း ကြေညာမှုကို အာရုံစိုက်ခဲ့ပါတယ်။ လာကြည့်ခဲ့ကြတယ်။ ပြင်ဆင်ဖြည့်စွက် ခဲ့ကြပါတယ်။ အလုံမြို့နယ်မှာ ဒီလို မဖြစ်ခဲ့ပါဘူး။အလုံမြို့နယ် တစ်ခုလုံးမှာ လူထုရဲ့ ရွေးကောက်ပွဲ အသိပညာက ရာခိုင်နှုန်း ၂၀ ပဲ ရှိခဲ့ပါတယ်။ အများစုက မဲရုံကို မဲသွားပေးဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မဲစာရင်းမှာ ကိုယ့်နာမည် ပါခြင်း၊ မပါခြင်းနဲ့ ကျန်တဲ့ ဖြစ်စဉ်တွေကို နားလည်မှု မရှိပါဘူး။မဲစာရင်းပြုစုမှု ရှေ့ပြေးစီမံချက်ကို လေ့လာစောင့်ကြည့်ခဲ့တဲ့ New Myanmar Foundation (NMF) ရဲ့ အစီရင်ခံစာမှာ ဒီအချက်ကို အလေးအနက် ထည့်သွင်းပြောဆို ထားပါတယ်။
၁၄ ရက် အချိန်ပေးထားတဲ့ မဲစာရင်း ကြေညာချက်ကို မဲဆန္ဒရှင်တွေ သွားရောက်စစ်ဆေးတဲ့အပိုင်း အားနည်းခဲ့တယ်။ တချို့ရက်တွေမှာဆို မဲစာရင်းလာကြည့်သူ မရှိသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ မဲစာရင်း ရှေ့ပြေးစီမံချက်အရ အလုံမြို့နယ်မှာ ဘယ်လိုအားနည်းချက်တွေ ရှိခဲ့သလဲဆိုတာ သိခဲ့ကြပါတယ်။ရှေ့ပြေးစီမံချက်အရ အလုံမြို့နယ် မဲဆန္ဒရှင် ၃၅၅၄၃ ဦး ရှိခဲ့ပါတယ်။NMF ရဲ့ အစီရင်ခံစာမှာ ရှေ့ပြေးစီမံချက်ကနေ အချက် ၃၀ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အရေးကြီးတဲ့ အချက်တွေထဲမှာ -(၁) မဲစာရင်းမှာ အမည်၊ မှတ်ပုံတင် မှားနေတာ တွေ့ရပါတယ်။(၂) ရွှေ့ပြောင်း နေထိုင်ပြီးသူတွေ မဲစာရင်းမှာ ပါခဲ့ပါတယ်။ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ သူတို့ရဲ့ ပုံစံ ၁၀ ကို ပယ်ဖျက်ထားခြင်း မရှိပါဘူး။ ဒါဟာ မဲစာရင်းနှစ်နေရာ ပါဝင်နိုင်တဲ့သဘော ဖြစ်ပါတယ်။ (၃) သေဆုံးပြီးသူတွေ မဲစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကျန်းမာရေးဌာနမှာ သေစာရင်း တောင်းခံတဲ့အခါ ငွေကုန်ကြေးကျ များတဲ့အတွက် သေဆုံးခဲ့သူတွေကို သန်းခေါင်းစာရင်းက မထုတ်ခဲ့ပါဘူး။ (၄) ယာယီသန်းခေါင်စာရင်း၊ ဧည့်စာရင်းနဲ့ နေထိုင်သူတွေ၊ ကျူးကျော်နေထိုင်သူတွေ မဲစာရင်းမှာ ပါဝင်ခြင်း မရှိပါဘူး၊ ဒီလို မပါတဲ့အတွက် မဲစာရင်းမှာပါအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုလည်း သူတို့ မသိကြပါဘူး။(၅) ကုမ္ပဏီဝင်း တစ်ခုအတွင်း အချိန်ခြောက်လ (ရက်ပေါင်း ၁၈၀) နေထိုင်ပြီးတဲ့ အလုပ်သမားတွေ မဲစာရင်းမှာ မပါခဲ့ပါဘူး။ သူတို့အနေနဲ့ ရောက်တဲ့နေရာမှာ ဘယ်လို မဲပေးခွင့် ရှိတယ်ဆိုတာ မသိကြပါဘူး။(၆) အိုးအိမ်ပိုင်ဆိုင်ထားသူတွေ ဖြစ်ပေမယ့် ယာယီသန်းခေါင်စာရင်း ကိုင်ထားသူတွေ ရှိနေခဲ့ပါတယ်။ ပိုင်ဆိုင်ထားတဲ့အိမ်ကို အမည်ပေါက် ပြောင်းတဲ့အခါ ငွေပိုကုန်မယ်၊ အခွန်ဆောင်ရမယ်။ ဒါတွေကို မလုပ်ချင်တဲ့အတွက် ယာယီသန်းခေါင်စာရင်းနဲ့ နေထိုင်ကြပါတယ်။ သူတို့ရဲ့ သန်ခေါင်စာရင်းက ဘယ်နေရာမှာမှ မရှိတဲ့အတွက် မဲပေးပိုင်ခွင့် ဆုံးရှုံးသူတွေ ဖြစ်လာနိုင်ပါတယ်။(၇) အလုံမြို့နယ် အဏ္ဏဝါရိပ်သာမှာ နေထိုင်သူတွေ မဲစာရင်း မပါခဲ့ပါဘူး။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့က တပ်မတော်မိသားစု မဲစာရင်းကို တောင်းခံခဲ့ပေမယ့် မရရှိခဲ့ပါဘူး။(၈) မဲစာရင်းကပ် ကြေညာချိန်မှာ သက်ကြီးရွယ်အို၊ သားသည်မိခင်၊ နာမကျန်းသူတွေ လာကြည့်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။(၉) မဲစာရင်းကပ်ချိန်ကို နံနက် ၉ နာရီကနေ ညနေ ၄ နာရီ အချိန်အထိပဲ သတ်မှတ်ခဲ့ပါတယ်။ မဲဆန္ဒရှင် အများစု လုပ်ငန်းခွင်ဝင်နေချိန် ဖြစ်တဲ့အတွက် မဲစာရင်းမှာ ကိုယ် ပါ၊ မပါ ဆိုတာကို စစ်ဆေးမှု အားနည်းခဲ့ပါတယ်။(၁၀) မဲဆန္ဒရှင် အများစုက မဲစာရင်းမှာ ကိုယ့်နာမည်မပါရင် ဘာလုပ်ရမလဲဆိုတာ နားမလည်ကြပါဘူး။(၁၁) အချို့သော အစိုးရဝန်ထမ်း မိသားစုတွေက သူတို့မှာ မဲပေးပိုင်ခွင့် ရှိတယ်ဆိုတာကို မသိကြပါဘူး။လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ တင်ပြခဲ့တဲ့ အချက် ၃၀ ထဲက အရေးကြီးတဲ့ အချက်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှာ ဖြစ်ခဲ့တာတွေပါ။ အလုံဆိုတာ ရန်ကုန်မြို့တွင်း ဧရိယာနဲ့ ထိစပ်နေတဲ့ မြို့နယ်ပါ။အလုံမြို့နယ်မှာ နေထိုင်သူ မဲဆန္ဒရှင် အားလုံးရဲ့ ရာခိုင်နှုန်း ၉၀ မှာ မှတ်ပုံတင် ရှိပါတယ်။ အများစုမှာ သန်းခေါင်စာရင်း ရှိပါတယ်။ သန်းခေါင်စာရင်းမှာ နာမည်ပါပေမယ့် မဲစာရင်းမှာ မပါတာတွေ ဖြစ်ခဲ့သလို သေဆုံးပြီးသူတွေကို သန်းခေါင်စာရင်းကနေ ပယ်ဖျက်ထားတာမျိုး မရှိတာတွေကိုလည်း တွေ့ခဲ့ကြပါတယ်။(၅)အခြေခံမဲစာရင်း ရှေ့ပြေးစီမံချက်မှာ ပါခဲ့တဲ့ နောက်ထပ်မြို့နယ် တစ်ခုက တီးတိန်မြို့နယ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်ထဲပါတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရဲ့ အခြေအနေကိုကြည့်ရင် မှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့ စိုးရိမ်စရာ အချက်တွေ ရရှိခဲ့ပါတယ်။ရှေ့ပြေးစီမံချက်အရ တီးတိန်မြို့နယ်မှာ မဲဆန္ဒရှင် ၄၉၆၃၈ ဦး ရှိခဲ့ပါတယ်။NMF က သူတို့ရဲ့ တွေ့ရှိချက် ၁၈ ချက်ကို ထောက်ပြခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ-(၁) မဲစာရင်းမှာ နာမည်တွေ မှားယွင်းမှုကို ၅၀ ရာခိုင်နှုန်းကျော် တွေ့ခဲ့ရပါတယ်။ ချင်းတိုင်းရင်းသား ဘာသာစကားကို မြန်မာလို အသံထွက် ဖလှယ်ရင်း မှားယွင်းခဲ့တာပါ။(၂) မဲစာရင်းမှာ နာမည်မပါခဲ့သူတွေ၊ နာမည်ကျန်ခဲ့သူတွေကို ပုံစံ (၃) နဲ့ ဖြည့်ရမယ့်အစား ပုံစံ (၁) နဲ့သာ ပြင်ဆင်ခဲ့ပါတယ်။ နာမည်မှားသူတွေ၊ မှတ်ပုံတင်နံပါတ် မှားနေသူတွေကို ပုံစံ ၄(ဂ)နဲ့ မပြင်ဘဲ မဲစာရင်း စာရွက်ပေါ်မှာပဲ ပြင်တာတွေ ရှိခဲ့ပါတယ်။(၃) မဲစာရင်းမှာ နာမည်မပါ၊ မှားယွင်းဖြည့်စွက်တာတွေ လုပ်ဖို့အတွက် တောင်းခံလွှာ/ဖြည့်စွက်လွှာ ပုံစံ(၃) နဲ့ ပုံစံ ၄ (ဂ)တွေက ကျေးရွာတိုင်း မရှိခဲ့ပါဘူး။(၄) မဲဆန္ဒရှင် အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း၊ လူဦးရေ ၈၀၀၀ မှ ၁၀၀၀၀ ခန့်မှာ မှတ်ပုံတင် မရှိကြပါဘူး။ မှတ်ပုံတင်ရှိမှသာ နိုင်ငံသား (သို့မဟုတ်) မဲပေးပိုင်ခွင့် ရှိသူဖြစ်ကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ (၅) ပြည်ပကို ရောက်ရှိနေထိုင်နေတဲ့သူတွေ ဘယ်လိုမဲပေးရမလဲ ဆိုတာကို ကျေးရွာအများစုက မသိကြပါဘူး။(၆) အချို့ကျေးရွာတွေမှာ အခြေခံမဲစာရင်းကို သတ်မှတ်ရက် ၁၄ ရက်အတွင်း ကပ်ခဲ့ခြင်း မရှိပါဘူး။ တစ်ချို့ရွာတွေမှာတော့ မဲဆန္ဒရှင်တွေ လာကြည့်မှ ပြမယ်လို့ ဆိုပါတယ်။ တချို့သော ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူးတွေက တာဝန်ကျရာ ဒေသမှာ နေထိုင်သူတွေ မဟုတ်ဘဲ တာဝန်ကျရာ ဒေသကို တစ်လတစ်ကြိမ်ခန့်သာ လာသူတွေ ဖြစ်နေပါတယ်။ အခြားရွာ တစ်ရွာမှာတော့ ကော်မရှင်အဖွဲ့ဝင် အားလုံးဟာ နိုင်ငံရေး ပါတီဝင်တွေ ဖြစ်နေပါတယ်။ သူတို့ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက မြို့နယ်ကော်မရှင်က တိုက်ရိုက်ခန့်ခဲ့တာပါ။(၇) ဘုရားကျောင်းတစ်ခုမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူ တစ်ဦးက သူ့နာမည် မဲစာရင်း မပါတဲ့အတွက် တောင်းခံလွှာ တောင်းဆိုချိန်မှာ ထုတ်မပေးဘဲ ငြင်းပယ်ခံရတာမျိုး ရှိခဲ့ပါတယ်။(၈) မြို့နဲ့ အလှမ်းကွာတဲ့ ရွာအများစုက လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြပါတယ်။ ရွာအများစုမှာ အခြေခံမဲစာရင်း ကြေညာချက်ကို အချိန်မီ ကပ်နိုင်ခဲ့ပေမယ့် အချိန်မီ မကပ်နိုင်ခဲ့တဲ့ ရွာတွေလည်း ရှိခဲ့ပါတယ်။တီးတိန်မြို့နယ် ရှေ့ပြေးစီမံချက်မှာ အဓိကအချက် နှစ်ချက် တွေ့ရပါတယ်။ ပထမအချက်က မှတ်ပုံတင် မရှိသူ များနေတာပါ။ မြို့နယ် တစ်ခုမှာတင် မှတ်ပုံတင် မရှိသူက မဲပေးပိုင်ခွင့်ရှိသူရဲ့ ရာခိုင်နှုန်း ၂၀ ရှိနေပါတယ်။ဒုတိယအချက်က ပြည်ပကို ရောက်ရှိနေကြသူတွေပါ။ တီးတိန်မြို့နယ်ထဲမှာ အသက် ၃၀ အောက် လူငယ်အရေအတွက် နည်းနေပါတယ်။ အများစုက ပြည်ပကို ရွေ့ပြောင်းအလုပ်သမားအဖြစ် သွားလုပ်နေကြသူတွေပါ။ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်က မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။တီးတိန်မြို့နယ်ထဲမှာ မှတ်ပုံတင်မရှိသူ ရာခိုင်နှုန်း ၂၀၊ ပြည်ပသွား အလုပ်လုပ်သူ ၁၂ ရာခိုင်နှုန်း၊ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းခန့်ဟာ မဲပေးခွင့် ဆုံးရှုံးနိုင်သူတွေ ဖြစ်နေပါတယ်။
ရှေ့ပြေးစီမံချက် သုံးမြို့နယ်လုံးမှာ တူညီတဲ့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ နာမည်တွေ မှားယွင်းခဲ့တယ် (တိုင်းရင်းသား အမည်တွေ အများဆုံး မှားယွင်းခဲ့)၊ သေဆုံးသူတွေ စာရင်းထဲ ပါဝင်ခဲ့တယ်၊ နေရပ်လိပ်စာ မှားတယ်။ မဲပေးနိုင်တဲ့ အသက်အရွယ် သတ်မှတ်မှု ကွာဟချက်တွေ ရှိနေခဲ့တယ်။ အဆိုးဆုံး အချက်တစ်ခုက အခြေခံမဲစာရင်းအတွက် ကနဦး အချက်အလက်တွေမှာ ရပ်ကွက်၊ ကျေးရွာ အုပ်စုလိုက် ကျန်ခဲ့ပါတယ် . . . . .
ဒါဟာ တီးတိန်မြို့နယ် တစ်ခုတည်းပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့်တိုင်း ၁၄ ခုမှာ တီးတိန်မြို့နယ်လို အခြေအနေ ဖြစ်နေတာ များစွာ ရှိနေနိုင်ပါတယ်။တစ်နိုင်ငံလုံးမှာ ရှိနေနိုင်တဲ့ ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခြေခံမဲစာရင်း စောနိုင်သမျှ စောစောထွက်ဖို့ လိုပါတယ်။ မေလမှာ ထုတ်ပြန်ကြေညာမယ် ဆိုရင်တောင် မလွယ်နိုင်ပါဘူး။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခြေခံမဲစာရင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်ကောက်ယူမယ်။ အချိန် ရှစ်လအတွင်း ပြုစုပြီးစီးနိုင်မယ်လို့ မူလက ခန့်မှန်းခဲ့ပါတယ်။လက်တွေ့မှာတော့ အခြေခံမဲစာရင်း စတင်ကောက်ယူမှုကို နိုဝင်ဘာရောက်မှ စလုပ်နိုင်ပါတယ်။ မူလသတ်မှတ်ချက်အတိုင်း အချိန်ရှစ်လအတွင်း ပြီးစီးဖို့ဆိုရင် ၂၀၁၅ ခုနှစ် ဇူလိုင်ရောက်မှ ပြီးနိုင်မှာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ “အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လက်စွဲစာစောင်” မှာလည်း ၂၀၁၅ ခုနှစ် ဇူလိုင်ဒုတိယပတ်မှာ ပြုစုမှု ပြီးစီးနိုင်မယ်လို့ လျာထားခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ တစ်နိုင်ငံလုံး မဲစာရင်းကို နောက်အကျဆုံး မေမှာပြီးဖို့ ခန့်မှန်းထားတယ်ဆိုတော့ အမှားများနိုင်မလားဆိုတဲ့ သံသယ ရှိပါတယ်။(၆)အခြေခံ မဲစာရင်းမှာ အမှားရှိပါလိမ့်မယ်။ အမှား နည်းခြင်းထက် များနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ရှေ့ပြေး စီမံချက်မှာတင် တချို့ကျေးရွာတွေက ကော်မရှင်ကို မဲစာရင်း ပို့တဲ့အခါ ၂၀၁၀ ပြည့်နှစ် မဲစာရင်းကို ပြင်ဆင်ခြင်းမရှိဘဲ မူလအတိုင်း ပို့တာတွေ ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒါမျိုးတွေ ရှိလာနိုင်ပါတယ်။ရှေ့ပြေးစီမံချက် သုံးမြို့နယ် ကောက်ယူမှုကို ပြန်ကြည့်တဲ့အခါ အချက်အလက် ထည့်သွင်းမှုတွေက ပုံစံတစ်ခုတည်း မဟုတ်တာကို တွေ့ခဲ့ကြပါတယ်။အလုံမြို့နယ်က နောက်ဆုံးရ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ ကို အခြေခံ ပြုစုပါတယ်။ တီးတိန်မြို့နယ်က ၂၀၁၀ ပြည့်နှစ် မဲစာရင်းကို အသုံးပြုတယ်။ တစ်လအတွင်း လေးကြိမ်ပြင်ပြီးမှ နောက်ဆုံးအချက်အလက် ရခဲ့ပါတယ်။ နောက်တစ်ချက်က အဲဒီ လုပ်ငန်းစဉ်တွေမှာ ပြည်သူ့အင်အား ဦးစီးဌာနက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။မြစ်ကြီးနားလည်း တီးတိန်လိုပါပဲ။ ၂၀၁၀ ပြည့်နှစ် မဲစာရင်းကိုပဲ ပို့ခဲ့ပါတယ်။ သတ်မှတ်ချိန်အတွင်း အချက်အလက် စုဆောင်းဖို့ အချိန် မလုံလောက်ခဲ့ပါဘူး။ရှေ့ပြေးစီမံချက် သုံးမြို့နယ်လုံးမှာ တူညီတဲ့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။နာမည်တွေ မှားယွင်းခဲ့တယ် (တိုင်းရင်းသား အမည်တွေ အများဆုံး မှားယွင်းခဲ့)၊ သေဆုံးသူတွေ စာရင်းထဲ ပါဝင်ခဲ့တယ်၊ နေရပ်လိပ်စာ မှားတယ်။ မဲပေးနိုင်တဲ့ အသက်အရွယ် သတ်မှတ်မှု ကွာဟချက်တွေ ရှိနေခဲ့တယ်။ အဆိုးဆုံး အချက်တစ်ခုက အခြေခံမဲစာရင်းအတွက် ကနဦး အချက်အလက်တွေမှာ ရပ်ကွက်၊ ကျေးရွာ အုပ်စုလိုက် ကျန်ခဲ့ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရှေ့ပြေးသုံးမြို့နယ်မှာ တွေ့ခဲ့တဲ့ အားနည်းချက်တွေကို ပြင်ပြီး ပထမအဆင့် ပြုစုခြင်းကို စလုပ်ခဲ့တယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ ပထမအဆင့် မဲစာရင်း ပြုစုချိန်မှာ လေ့လာစောင့်ကြည့်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တစ်ကြိမ်ပဲ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ဒီအတွက် ရှေ့ပြေးသုံးမြို့နယ်မှာ မှားခဲ့တဲ့ အမှားပုံစံမျိုးကို ပထမဆင့် ရန်ကုန် ၁၀ မြို့နယ်မှာ ဘယ်လောက်ဖြစ်ခဲ့မလဲဆိုတာ မှန်းဆရ ခက်ပါတယ်။ (၇)လက်ရှိအချိန်မှာ အခြေခံမဲစာရင်း ပြုစုချိန် အဓိက တွေ့ရတဲ့ မဲဆန္ဒရှင် အမျိုးအစား လေးမျိုးရှိပါတယ်။လက်ရှိနေထိုင်တဲ့ မြို့နယ်မှာ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူတွေ၊ ယခင်နေထိုင်ခဲ့တဲ့ မြို့နယ်တစ်ခုခုမှာ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူတွေ၊ အိမ် ထောင်စုစာရင်း (ပုံစံ ၆၆/၆) လုံးဝမရှိပေမယ့် မှတ်ပုံတင်ရှိသူ၊ လူဦးရေစာရင်း စာအုပ်မှာ ပါဝင်ပြီး ရပ်ကွက်/ကျေးရွာတွေမှာ အခြေချ နေထိုင်သူတွေ၊ အိမ်ထောင်စုစာရင်းရော မှတ်ပုံတင်ပါ မရှိသူတွေ ဖြစ်ပါတယ်။ဒီအချက်တွေအတွက် ဘာတွေ လုပ်ရမလဲ ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ဒါပေမဲ့ အခုချိန်မှာ ဖြစ်နေတာတွေက (၁) မဲဆန္ဒရှင်တွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေပါတယ်၊ (၂) ရွေးကောက်ပွဲအတွက် လုပ်ဆောင်မယ့် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ချင်ပေမယ့် အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်၊ (၃) သက်ဆိုင်ရာ အစိုးရဌာန အချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေပါတယ်၊ (၄) ကော်မရှင်ခွဲတွေမှာ တာဝန်ယူနေသူ အများစုက ကိုယ်လုပ်ရမယ့် တာဝန်ကို ကျွမ်းကျင်မှုမရှိ ဖြစ်နေပါတယ်။ပထမအချက် မဲဆန္ဒရှင်တွေ ပူးပေါင်းပါဝင်မှု အားနည်းတာက မဲစာရင်းကပ်ချိန်မှာ လာမကြည့်တဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်မှုတွေတော့ လုပ်ထားပါပြီ။“အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လက်စွဲစာစောင်” မှာ ဖော်ပြထားချက်အရ မဲစာရင်းတွေကို မကပ်မီ နှစ်ပတ်အလိုမှာ မဲစာရင်း ကပ်ထားမယ့် အကြောင်းကို ရွေးကောက်ပွဲကော်မရှင်က လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဝင်ကူဖို့ ရှိပါတယ်။ ပြည်သူလူထုရဲ့ တာဝန်က သွားကြည့်ပြီး စိစစ်ဖို့ ဖြစ်ပါတယ်။ဒုတိယအချက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အပိုင်း ဖြစ်ပါတယ်။ သူတို့ကို မဲစာရင်း လှုံ့ဆော်ရေးမှာ ပိုသုံးချင်သလို ဖြစ်နေပါတယ်။ ဥပမာအနေနဲ့ ရှေ့ပြေးသုံးမြို့နယ် စီမံချက်မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားပြုခဲ့ပါတယ်။ ဒီလို အားပြုခဲ့တာကြောင့် မဲစာရင်းအမှားတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မဲစာရင်း ပထမအဆင့် ပြုစုချိန်မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တစ်ကြိမ်ပဲ ခေါ်တွေ့တယ်လို့ သိရပါတယ်။ဒီနေရာမှာ ရွေးကောက်ပွဲအတွက် ပြည်တွင်းက လေ့လာစောင့်ကြည့်မယ့်သူတွေ အလုပ်ဆက်ဖို့ အခက်အခဲ တွေ့နေပါတယ်။ ဥပမာ-ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကျင့်ဝတ်ကို အခုချိန်ထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ အောက်တိုဘာကတည်းက ညှိနှိုင်းနေတာ ဇန်နဝါရီအထိ မပြီးပြတ်နိုင်သေးပါဘူး။ ဖြစ်နေတဲ့ ပုံစံအရ ပြည်တွင်း လေ့လာစောင့်ကြည့်သူတွေကို မဲပေးတဲ့နေ့မှာပဲ ခွင့်ပြုချင်သလို ဖြစ်နေပါတယ်။ ကာလတိုပဲ ခွင့်ပြုမယ့် သဘောပါ။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ လိုလားတာက မဲစာရင်း ပြုစုတဲ့ အချိန်ကစပြီး ရွေးကောက်ပွဲအလွန်အထိ ကာလရှည် စောင့်ကြည့်ချင်တာပါ။ ဒီအတွက် အာမခံတဲ့ ညွှန်ကြားချက် မထွက်သေးပါဘူး။တတိယအချက်က အခြေခံမဲစာရင်း ပြုစုချိန်မှာ အရေးကြီးပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ ဒီအပိုင်းမှာ အားနည်းချက်တွေ ရှိပါတယ်။ နောက်တစ်ချက်က တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေရဲ့ မဲစာရင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာ အခြေစိုက် တပ်စွဲထားတဲ့ တပ်မတော်သား၊ ရဲများနဲ့ သူတို့ရဲ့ အိမ်ထောင်စုစာရင်းကို သက်ဆိုင်ရာတပ်မှူး၊ ရဲမှူးရဲ့ အကူအညီယူပြီး မဲစာရင်းသွင်းရမှာပါ။ ရှေ့ပြေးသုံးမြို့နယ် စီမံချက်ထဲက အလုံမြို့နယ်မှာ မဲစာရင်း ပြုစုချိန်မှာ တပ်မတော် မိသားစုဝင်တွေရဲ့ မဲစာရင်း မရခဲ့ပါဘူး။နောက်ဆုံး အချက်က ကော်မရှင် အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းအားနည်းချက် ဖြစ်ပါတယ်။ စံသတ်မှတ်ထားတဲ့ ပုံစံမဟုတ်ဘဲ လွယ်သလို လုပ်တာတွေ ရှိခဲ့ပါတယ်။ မဲစာရင်းမှာ ပြင်ဆင်/ကန့်ကွက်/ဖြည့်စွက်တာတွေကို လျှောက်လွှာပုံစံတွေနဲ့ စနစ်တကျ မလုပ်ဘဲ မဲစာရင်းပေါ်မှာတင် ပြင်ခဲ့တာတွေ ရှိပါတယ်။ ဒီလို ပြင်ခြင်းအားဖြင့် မဲပေးတဲ့နေ့မှာ နာမည်မပါခြင်း၊ မှားယွင်းမှုတွေ ဖြစ်ခြင်းကို ပေါ်ပေါက်စေနိုင်ပါတယ်။ မဲပေးပိုင်ခွင့် ရှိသူတွေ အခွင့်အရေး ဆုံးရှုံးနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ် မဲစာရင်း အဟောင်းကိုပဲ မဲစာရင်း အသစ်ပုံစံ ပြန်ပို့တာတွေကလည်း အန္တရာယ်ကြီးပါတယ်။ဒါတွေ ထပ်မဖြစ်အောင် ပြင်ဆင်နေပြီ ဆိုပေမယ့် အချိန်က သိပ်နည်းနေပါပြီ။ အချိန်ရှစ်လတာ ကာလအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် လုပ်ရမယ့် အလုပ်တွေ သိပ်များပါတယ်။ ကတိပေးထားသလို ပြည့်စုံအောင် လုပ်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။ဒါပေမဲ့ အခုချိန်မှာ အရေးကြီးဆုံး အချက်က မဲဆန္ဒရှင်တွေရဲ့ စစ်ဆေးမှုအပိုင်း ဖြစ်ပါတယ်။(၈)အခြေခံမဲစာရင်း ပြီးပြီဆိုရင် မြို့နယ်တစ်ခုချင်းစီရဲ့ မဲစာရင်းကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ရုံးခွဲတွေမှာ ကြေညာစာနဲ့အတူ ၁၄ ရက် ကပ်ထားပါလိမ့်မယ်။မဲစာရင်းမှာ ကိုယ့်နာမည် မပါဘူးဆိုရင် တောင်းဆိုလွှာ ပုံစံ (၃) နဲ့ လျှောက်ထားရပါမယ်။ အမည်ပယ်ဖျက်ပေးဖို့ဆိုရင် ကန့်ကွက်လွှာပုံစံ (၄) နဲ့ လျှောက်ထားရပါမယ်။ မှားယွင်းမှုတွေကို ပြင်ဆင်ချင်တယ်ဆိုရင် ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်ရပါမယ်။မဲဆန္ဒရှင် တစ်ဦးဦးက သတ်မှတ်ထားတဲ့ နည်းဥပဒေအတိုင်း တောင်းဆိုလွှာ/ကန့်ကွက်လွှာ/ပြင်ဆင်လွှာ တင်သွင်းခဲ့ပြီဆိုရင် တင်သွင်းခဲ့သူထံကို တင်သွင်းတဲ့နေ့ကစပြီး ခုနစ်ရက်အတွင်း အကြောင်းပြန်ပေးရပါမယ်။ ငြင်းပယ်ခံရရင် သုံးရက်အတွင်း သက်ဆိုင်ရာမြို့နယ် ကော်မရှင်မှာ အယူခံ ဝင်ရပါမယ်။ဒီအပိုင်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပထမဆုံး တာဝန်ရှိသူက မဲဆန္ဒရှင်ကိုယ်တိုင် ဖြစ်ပါတယ်။ မဲစာရင်း ကြေညာထားတဲ့ ၁၄ ရက်အတွင်း တောင်းဆို/ကန့်ကွက်/ပြင်ဆင်မှု မရှိဘူးဆိုရင် ဒီအချိန် နောက်ပိုင်းဖြစ်လာသမျှဟာ သူတို့နဲ့ မဆိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောထားတာ ရှိပါတယ်။ဒါကြောင့် သတ်မှတ်ထားတဲ့ ၁၄ ရက်အတွင်း မဲစာရင်းမှာ ကိုယ်ပါခြင်း၊ မပါခြင်း ပထမဆုံး စိစစ်ရပါမယ်။ ပြည်ပကို ရောက်ရှိနေသူတွေ အနေနဲ့လည်း မြန်မာနိုင်ငံကို ပြန်လာပြီး ဖြစ်စေ၊ အခြားနည်းလမ်း တစ်ခုခုနဲ့ ဖြစ်စေ မဲစာရင်းမှာ ကိုယ်ပါဝင်ခြင်း ရှိ၊ မရှိ စိစစ်ရပါမယ်။ မှတ်ပုံတင် မရှိသူတွေ မှတ်ပုံတင်လုပ်ဖို့ လိုပါတယ်။တကယ်လို့ မဲစာရင်းမှာ ကိုယ့်နာမည် ပါမနေဘူး။ မှတ်ပုံတင်လည်း မရှိဘူး။ သန်းခေါင်စာရင်းလည်း ကိုယ့်ဆီမှာ ရှိမနေဘူးဆိုရင် မဲပေးပိုင်ခွင့်တင် မကဘဲ နိုင်ငံသားဖြစ်ခွင့်ပါ ဆုံးရှုံးမယ်။ နိုင်ငံမဲ့ နိုင်ငံသားတွေ ဖြစ်ကုန်နိုင်ပါတယ်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်း မှန်ကန်ဖို့၊ မဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ဖို့ အရေးကြီးပါတယ်။ဒါဟာ ကိုယ့်နိုင်ငံ အပြောင်းအလဲ၊ ကိုယ့်ဘ၀ အပြောင်းအလဲနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒီအတွက် ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား အခွင့်အရေး မပျောက်ဆုံးစေဖို့၊ နိုင်ငံမဲ့ နိုင်ငံသားတွေ မဖြစ်ဖို့ဆိုရင် အဓိက အချက်သုံးချက် ရှိနေဖို့ လိုပါတယ်။(၁) မှတ်ပုံတင် ရှိရပါမယ်။(၂) သန်းခေါင်စာရင်း ရှိရပါမယ်။ သန်းခေါင်စာရင်းထဲမှာ ကိုယ်ပါဝင်နေဖို့ လိုပါတယ်။(၃) အခြေခံမဲစာရင်းထဲမှာ ကိုယ့်နာမည် ပါ၊ မပါ ကိုယ်တိုင် စိစစ်ရပါမယ်။ မပါဘူးဆိုရင် ပါဝင်လာအောင် သတ်မှတ်ထားတဲ့ နည်းဥပဒေတွေအတိုင်း လုပ်ကြရပါမယ်။ဒီသုံးချက် ကိုင်စွဲပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲထည့်ကြမယ်ဆိုရင် နိုင်ငံအပြောင်းအလဲ၊ ပြည်သူတွေရဲ့ ဘဝအပြောင်းအလဲကို ဖော်ဆောင်နိုင်သူတွေ ပါဝင်နိုင်မှာ ဖြစ်သလို တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်လာမှာပါ။
အခြေခံမဲစာရင်း ပြုစုရာ၌ အဓိက တွေ့ရသော မဲဆန္ဒရှင် လေးမျိုး-
(၁) လက်ရှိနေထိုင်သည့် မြို့နယ်၌ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူများ(၂) ယခင်နေထိုင်ခဲ့သည့် မြို့နယ်တစ်ခုခု၌ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူများ(၃) မှတ်ပုံတင်ရှိပြီး အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) လုံး၀ မရှိသူများ၊ လူဦးရေစာရင်း စာအုပ်တွင် ပါရှိပြီး ရပ်ကွက်/ကျေးရွာများတွင် အခြေချ နေထိုင်သူများ(၄) အိမ်ထောင်စုစာရင်း သာမက မှတ်ပုံတင်ပါ မရှိသူများ(၁) လက်ရှိနေထိုင်သည့် မြို့နယ်၌ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူများအိမ်ထောင်စုစာရင်းတွင် ပါရှိသူများအနက် မဲပေးပိုင်ခွင့် ရှိသူအားလုံး မဲစာရင်းတွင် ထည့်သွင်းရမည်။ (ပြည်ပသို့ ရောက်ရှိနေသူများ၊ အခြားဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများ အားလုံးကို မဲစာရင်းတွင် ထည့်သွင်းရမည်ဖြစ်သည်။)(၂) ယခင်နေထိုင်ခဲ့သည့် မြို့နယ်တစ်ခုခု၌ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူများလက်ရှိနေထိုင်သော မြို့နယ်မဲစာရင်း၌ လုံးဝမထည့်ရပါ။ ၎င်းတို့၏ အမည်များသည် ၎င်းတို့၏ အိမ်ထောင်စုစာရင်းရှိသည့် မြို့နယ်၌သာ ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းမြို့နယ်တွင် မဲစာရင်းများ ကြေညာသည့်အခါ မိမိအမည် မဲစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ စုံစမ်းရမည်။ ပါဝင်ခြင်း မရှိပါက ပုံစံ (၃) ဖြင့် လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။(၃) မှတ်ပုံတင်ရှိပြီး အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) လုံး၀ မရှိသူများ၊ လူဦးရေစာရင်း စာအုပ်တွင် ပါရှိပြီး ရပ်ကွက်/ကျေးရွာများတွင် အခြေချ နေထိုင်သူများလူဦးရေစာအုပ်တွင် ပါရှိသူများဖြစ်ပြီး ရပ်ကွက်ကျေးရွာတွင် အခြေချ နေထိုင်သူများ ဖြစ်ပါက မဲစာရင်းတွင် ထည့်သွင်းပေးရမည်။(၄) အိမ်ထောင်စုစာရင်း သာမက မှတ်ပုံတင်ပါ မရှိသူများရပ်ကွက်/ကျေးရွာအုပ်စုတွင် မွေးဖွား/ကြီးပြင်ကာ အခြေချ နေထိုင်သည့် တိုင်းရင်းသားများဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ထောက်ခံပါက မဲစာရင်းတွင် ထည့်သွင်းပေးရမည်။■ ရင်းမြစ် - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
အခြေခံမဲစာရင်း ပြုစုခြင်းနှင့် ပတ်သက်၍ သိသင့်သော အချက်များ(၁) ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများ၌ ရှိသည့် အိမ်ထောင်စုစာရင်းနှင့် လူဦးရေးစာရင်းကို အခြေခံမည် ဖြစ်သည်။(၂) ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အသက် (၁၈)နှစ် ပြည့်ပြီးသူများကို သတ်မှတ်ပြီး စာရင်းထည့်သွင်းမည်။(၃) အသက် (၁၈) နှစ် ပြည့်ပြီးသော်လည်း သာသနာ့ဝန်ထမ်းများ၊ ထောင်ကျခံနေရသူများ၊ စိတ်ပေါ့သွပ်နေသူများ၊ လူမွဲအဖြစ် ကြေညာခြင်း ခံထားရသူများ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူများနှင့် နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားအဖြစ် ခံယူထားသူများကို မဲစာရင်း၌ မထည့်သွင်းရပါ။(၄) ရပ်ကွက်/ကျေးရွာ အုပ်စုတွင် အခြေစိုက် တပ်စွဲနေထိုင်သည့် တပ်မတော်သားများ၊ ရဲများနှင့် ၎င်းတို့၏ အိမ်ထောင်စုများ ရှိပါက သက်ဆိုင်ရာ တပ်မှူး/ရဲမှူး၏ အကူအညီကို ရယူပြီး မဲစာရင်းတွင် ၎င်းတို့၏ အမည်များ ပါရှိစေရန် ဆောင်ရွက်ရမည်။(၅) ရပ်ကွက်/ကျေးရွာအုပ်စုတွင် အမြဲနေထိုင်သော်လည်း မဲစာရင်းပြုစုသည့် အချိန်၌ နိုင်ငံခြားသို့ သွားနေသူများ၊ ပြည်တွင်းရှိ အခြားမြို့နယ်များသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများ၊ စစ်ဘေးရှောင်သူများနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ခေတ္တသွားရောက် နေထိုင်သူများကို မဲစာရင်းတွင် ထည့်သွင်းရမည်။(၆) အခြားဒေသများမှ ခေတ္တလာရောက် နေထိုင်သူများအား ယာယီအိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ၊ ဧည့်စာရင်းတိုင်သည် ဖြစ်စေ၊ ဧည့်စာရင်း မတိုင်သည်ဖြစ်စေ မဲစာရင်းတွင် မထည့်သွင်းရပါ။(၇) မဲစာရင်းကို ကွန်ပျူတာတွင် စာရင်းသွင်း ပြီးစီးသည့်အခါ မဲစာရင်းစာရွက်များကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ခွဲ ရုံးများတွင် ရပ်ကွက်ရှိ လမ်းတစ်လမ်းချင်းအလိုက် ဖြစ်စေ (သို့မဟုတ်) ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာချင်းအလိုက် ဖြစ်စေ၊ ကြော်ငြာစာ ပုံစံ(၂)နှင့်အတူ ၁၄ ရက်တိုင်တိုင် ကပ်ထားကြေညာရမည်။ မဲစာရင်းများကို မကပ်ထားမီ နှစ်ပတ်အလိုမှ စတင်၍ မဲစာရင်းများ ကပ်ထားမည့်အကြောင်း မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုကြစေရန်နှင့် ရွေးကောက်ပွဲ အရေးပါပုံ၊ မဲဆန္ဒရှင်တိုင်း မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်း ရှိ၊ မရှိ ကြည့်ရှုထားရန် လိုအပ်ပုံ စသည်များကို အများပြည်သူ သိရှိစေရန် ရွေးကောက်ပွဲကော်မရှင်က မီဒီယာမျိုးစုံမှ လှုံ့ဆော်ပေးရမည်။(၈) မဲစာရင်းများ ကြည့်ရှုရာတွင် အဆင်ပြေစေရေးအတွက် ရုံးဖွင့်ရက်များ၌ ရုံးချိန်တွင် လည်းကောင်း၊ ရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း ကြေညာပေးထားရန်၊ ထိုသို့ ကြေညာပေးနေသည့် အချိန်အတွင်း အနည်းဆုံး ရပ်ကျေးကော်မရှင် အဖွဲ့ခွဲဝင် တစ်ဦးက တာဝန်ချထားပေးရမည်။(၉) မဲစာရင်းတွင် အမည်ကျန်ခဲ့သူများအား ထည့်သွင်းနိုင်ရေး၊ အမည်ပါသော်လည်း စာလုံးပေါင်းသတ်ပုံ၊ မိဘအမည် စသည့်အချက်အလက်များ မှားယွင်းနေသူများအား ပြင်ဆင်နိုင်ရေးနှင့် မပါဝင်သင့်သူများအား ပယ်ဖျက်နိုင်ရေးအတွက် ရပ်ကျေးကော်မရှင်ခွဲရုံးသို့ လာရောက်ကြသော မဲဆန္ဒရှင်များအား ရပ်ကျေးကော်မရှင်ခွဲ အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးကြမည်။ နမူနာအဖြစ် ကြည့်ရှုနိုင်ရန် တောင်းဆိုလွှာပုံစံ (၃)၊ ကန့်ကွက်လွှာပုံစံ (၄) နှင့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ) တို့ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ကပ်ထားပေးရမည်။(၁၀) မဲဆန္ဒရှင်များ တင်သွင်းလာသည့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသည့် တောင်းဆိုလွှာပုံစံ (၃)၊ အမည်ပယ်ဖျက်ပေးရန် တောင်းဆိုသည့် ကန့်ကွက်လွှာပုံစံ (၄)၊ ပြင်ဆင်ပေးရန် တောင်းဆိုသည့် ပြင်ဆင်လွှာပုံစံ (၄-ဂ) များကို ရပ်ကျေးကော်မရှင်ခွဲများက နေ့စဉ် စိစစ်ပြီး မှန်ကန်သည့် တောင်းဆိုလွှာ/ကန့်ကွက်လွှာ/ပြင်ဆင်လွှာများကို စာရင်းပြုစု ထားရှိရမည်။ သို့မှသာ မဲစာရင်းကြေညာသည့် နေ့ရက် ကုန်ဆုံးသည်နှင့် တစ်ပြိုင်တည်း မြို့နယ်ကော်မရှင်ခွဲရုံးရှိ မူလမဲစာရင်းတွင် ဖြည့်စွက်/ပယ်ဖျက်/ပြင်ဆင်ခြင်းများကို စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။(၁၁) ရပ်ကျေးကော်မရှင်ခွဲရုံးတွင် တောင်းဆိုလွှာ/ကန့်ကွက်လွှာ/ပြင်ဆင်လွှာ တင်သွင်းသူထံသို့ ၎င်းတင်သွင်းသည့် နေမှစ၍ ခုနစ်ရက်အတွင်း အကြောင်းကြားစာ ပေးပို့ရမည်။ ငြင်းပယ်ခံရသူများသည် မကျေနပ်ပါက အကြောင်းကြားစာ ရရှိသည့် နေ့မှစ၍ သုံးရက်အတွင်း သက်ဆိုင်ရာမြို့နယ် ကော်မရှင်ခွဲသို့ အယူခံဝင်နိုင်သည်။ မြို့နယ်ကော်မရှင်ခွဲသည် လိုအပ်သည်များကို စိစစ်ပြီး အယူခံလွှာရရှိသည့် နေ့မှစ၍ ဆောလျင်စွာ ဆုံးဖြတ်ပြီး သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ခွဲသို့ အကြောင်းကြားရမည်။(၁၂) ရွေးကောက်ပွဲကျင်းပမည့် အကြောင်း ကြေညာပြီးသည့် အချိန်တွင် ရက်ပေါင်း ၁၈၀ ထက်မနည်း ခေတ္တနေထိုင်သူများ အနေဖြင့် လက်ရှိနေထိုင်သည့် မဲဆန္ဒနယ်၌ပင် မဲပေးလိုပါက ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ ပုံစံ(၃-က)ဖြင့် လျှောက်ထား၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိကြောင်း အသိပေးရမည်။(၁၃) တောင်းဆိုလွှာ/ကန့်ကွက်လွှာ/ပြင်ဆင်လွှာများကို စိစစ်ရာတွင် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သေချာစွာ စိစစ်ရမည်။ အရေးကြီးဆုံး အချက်မှာ ရပ်ကွက်/ကျေးရွာ အုပ်စုတွင် မွေးဖွား/ကြီးပြင်းကာ အခြေချနေထိုင်သည့် နိုင်ငံသားများ (မြန်မာနိုင်ငံတွင် မွေးဖွားသော တိုင်းရင်းသားများ) အနက် အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား/အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုး) မရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ထောက်ခံချက်ပေးလျှင် ရပ်ကျေးကော်မရှင်ခွဲနှင့် မြို့နယ်ကော်မရှင်ခွဲတို့က စိစစ်ပြီး ၎င်းတို့၏ အမည်များကို မဲစာရင်းတွင် ထည့်သွင်းပေးရမည်။(၁၄) လူတစ်ဦး၏ အမည်စာရင်းသည် ရပ်ကွက်နှစ်ခု/ကျေးရွာနှစ်ခုတွင် မပါဝင်စေရန် မြို့နယ်ကော်မရှင်ခွဲနှင့် ရပ်ကျေးကော်မရှင်ခွဲများက သေချာစွာ စိစစ်ရန် လိုအပ်သည်။■ ရင်းမြစ် - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လက်စွဲစာစောင်