၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော်တောင်းခံ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော်တောင်းခံ
Published 28 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဘတ်ဂျက်ငွေ ကျပ် ၇၁ ဒသမ ၂၁၇ ဘီလျံ (ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော်) ကို လွှတ်တော်သို့ ဇန်နဝါရီ ၂၈ ရက်တွင်တောင်းခံခဲ့သည်။ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က "ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မူလအဆိုပြု အသုံးစရိတ်ဟာ သာမန်အသုံးစရိတ်အတွက် ၅၂ ဒသမ ၅၇၁ ဘီလျံ၊ ငွေလုံးငွေရင်းအတွက် ၂၉ ဒသမ ၃၁၃ ဘီလျံဖြစ်ပါတယ်။ စုစုပေါင်း ၈၁ ဒသမ ၈၈၅ ဘီလျံဖြစ်ပါတယ်။ အဆိုပါတင်ပြချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဒုတိယသမ္မတတို့က အဆင့်ဆင့်စိစစ်ပြီးတဲ့အခါမှာ ၁၆ ဒသမ ၃၉၈ ဘီလျံကျော်ကို စိစစ်ဖြတ်တောက်ခဲ့တဲ့အတွက်ကြောင့် စိစစ်အဆိုပြုအသုံးစရိတ်ဟာ ၆၅ ဒသမ ၄၈၆ ဘီလျံဖြစ်ပါတယ်။ နောက်ထပ် ရသုံးခန့်မှန်းခြေငွေစာရင်းက သာမန်အသုံးစရိတ်မှာ ၅ ဒသမ ၇၃ ဘီလျံကျော်တိုးမြှင့်ပြီး ပြန်လည်ထောက်ခံတင်ပြခဲ့တဲ့အတွက်ကြောင့်မိုလို့ ယခုဘဏ္ဍာနှစ်အတွက် အဆိုပြုအသုံးစရိတ်ဟာ သာမန်အသုံးစရိတ် ၅၉ ဒသမ ၉၉၂ ဘီလျံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ၁၁ ဒသမ ၂၂၅ ဘီလျံ၊ စုစုပေါင်း ၇၁ ဒသမ ၂၁၇ ဘီလျံဖြစ်ပါတယ်။ အဆိုပါပမာဏဟာ ၂၀၁၄-၂၀၁၅ မှာတင်ပြခဲ့တဲ့ မူလနဲ့ ဖြည့်စွက်အသုံးစရိတ် ၈၈ ဒသမ ၄၁၄ ဘီလျံနဲ့နှိုင်းယှဉ်ပါက ၁၇ ဒသမ ၁၉၆ ဘီလျံလျော့နည်းအဆိုပြုထားကြောင်း တင်ပြအပ်ပါတယ်။၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာငွေလျာထားချက်မှာ ဂျပန်နိုင်ငံမှအထောက်အပံ့ရမယ်လို့ မျှော်လင့်ထားတဲ့ ၈၁၄ ဒသမ ၉၈ သန်းအပါအဝင် ကျပ် ၄၁ ဒသမ ၀၂၃ ဘီလျံဖြစ်ပါတယ်။ အသုံးစရိတ်အား ၇၁ ဒသမ ၂၁၇ ဘီလျံဖြစ်တဲ့အတွက် လိုငွေဟာ ၃၀ ဒသမ ၁၉၄ ဘီလျံဖြစ်ပါတယ်။ အဆိုပါလိုငွေများဟာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဦးစီးဌာနနှစ်ခုဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ရဲ့အသုံးစရိတ်များဖြစ်ပါတယ်။ ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၃ ဒသမ ၅ ဘီလျံအမြတ်ရရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ မှာ လေးဘီလျံခန့်မြတ်စွန်းမယ်လို့လျာထားပါတယ်" ဟုပြောကြားသည်။ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူဝန်ဆောင်မှုမီဒီယာသို့ကူးပြောင်းကာ ကိုယ်ပိုင်ဝင်ငွေဖြင့်ရပ်တည်သွားမည်ဖြစ်ကြောင်းပြောကြားချိန်တွင် အစိုးရသတင်းစာနှစ်စောင်ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ကြော်ငြာဈေးနှုန်းများကို ရာခိုင်နှုန်း ၂၀ အထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ကြေညာထားသည်။ ထိုကဲ့သို့ကြော်ငြာဈေးနှုန်းများကို လျှော့ချပေးခြင်းသည် ပုဂ္ဂလိကသတင်းစာများနာလန်မထူနိုင်အောင် ရည်ရွက်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

Most Read

Most Recent