သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့် စက်ရုံတည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိရန် ဓာတ်အားလိုင်းများ သွယ်တန်းမှု ဖေဖော်ဝါရီလကုန် ပြီးစီးမည်

သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့် စက်ရုံတည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိရန် ဓာတ်အားလိုင်းများ သွယ်တန်းမှု ဖေဖော်ဝါရီလကုန် ပြီးစီးမည်
Published 28 January 2015
နီလာ

သီလဝါအထူး စီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းဧရိယာအတွင်း စက်ရုံတည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး ၃၃ကေဗွီ ဓာတ်အားလိုင်းများ သွယ်တန်းလျက်ရှိရာ လာမည့် ဖေဖော်ဝါရီလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရှိရသည်။
“သီလဝါအထူး စီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိရာမှာ တည်ဆောက်ရေးလုပ်ငန်းက အခုနောက်ပိုင်းမှာ တက်လာတာတွေရှိတယ်။ အဓိကကတော့ Waste Water Treatment Plan တို့ Water Purification Plant တို့ အဲဒါကို တည်ဆောက်နေတယ်။ လမ်းတွေ ရေမြောင်းတွေလည်း လုပ်နေတာပေါ့။ ဒါအပြင် လျှပ်စစ်တိုင်လိုင်းတွေ လုပ်နေတယ်။ ၃၃ ကေဗွီလိုင်း ဆွဲနေတာပါ။ ဒီ ၃၃ ကေဗွီလိုင်းကို Construction Power အတွက်ကို အမီလုပ်နေပါတယ်။ လာမယ့် ဖေဖော်ဝါရီလကုန်လောက်ပြီးအောင် ဆောင်ရွက်နေပါတယ်” ဟု သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သီလဝါအထူး စီးပွားရေးဇုန် ဧရိယာအတွင်း ၂၄ နာရီလုံး မီးပေးနိုင်ရန်အတွက် မဂ္ဂါဝပ်  ၅ဝ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ခုအား (စုစုပေါင်းမဂ္ဂါဝပ် ၁ဝဝ) ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဓာတ်အားပေးစက်ရုံ နှစ်ရုံအား တည်ဆောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေးသွားမည်ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ် ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်ဥပဒေ ပြဋ္ဌာန်းအစည်းအဝေး အခမ်းအနားတွင် ဆွေးနွေးချက်များအရ သိရသည်။ 
“စက်ရုံတည်ဆောက်ဖို့အတွက် ဂျပန်နိုင်ငံက ချေးငွေအတိုးသက်သာစွာ ချေးပေးတယ်။ ဂျပန်က ချေးငွေနဲ့ နည်းပညာပါယူသွားမှာ ဖြစ်တဲ့အပြင် လျှပ်စစ်ဝန်ကြီးဌာနရဲ့ အကူအညီလည်းယူပြီး တည်ဆောက်သွားမှာ ဖြစ်တယ်” ဟုသီလဝါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ဥက္ကဋ္ဌ ဦးဝင်း အောင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။
သီလဝါအထူး စီးပွားရေးဇုန်အတွက် လျှပ်စစ်လိုအပ်ချက်မှာ ၂ဝ၁၅ ခုနှစ်တွင် မဂ္ဂါဝပ် ၁ဝ မှ ၂ဝ၊ ၂ဝ၁၈ ခုနှစ်တွင် မဂ္ဂါဝပ် ၆ဝ မှ ၉ဝ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် မဂ္ဂါဝပ် ၁၆ဝ မှ ၂၂၅ မဂ္ဂါဝပ်အထိ လိုအပ်နိုင်ကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။
“သီလဝါအထူး စီးပွားရေးဇုန်က ဂျပန်နဲ့မြန်မာ ပူးပေါင်းပြီးဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တယ်။ ဒါကြောင့်မို့လို့ အခြေခံ အဆောက်အအုံ ဆောက်တဲ့အခါ ဂျပန်ကချေးငွေအ ထောက်အပံ့ရတယ်။ ဂျပန်က အတိုးနှုန်း သက်သာတဲ့အပြင် ပြန်ဆပ်ဖို့အတွက် နှစ် ၄ဝ အချိန်ရတယ်။ အခုလောလောဆယ် ဆောက်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက ဇုန်အတွင်းမှာ မီးမပျက်တဲ့အပြင် ဗို့အားလျော့တာတွေ ဘာတွေမရှိဘူး” ဟု ဦးဆက်အောင်က ပြောကြားသည်။
အပိုင်း(က) စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံရန် လာရောက်စုံစမ်းသော ကုမ္ပဏီပေါင်း ၂၅၈ ခုရှိပြီး ယင်းသို့အနက် ကုမ္ပဏီ ၆၃ ခုမှ ရင်းနှီးမြှုပ်နှံရန် လျှောက်လွှာများကို ပေးပို့ထားပြီးဖြစ်၍ အပိုင်း (က) အဆင့် ၁ တွင် ကုမ္ပဏီပေါင်း ၅၁ ခုမှ လျှောက်ထား ပြီးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန်လျှောက်လွှာ တင်ထားသည့် ကုမ္ပဏီပေါင်း ၆၃ ခုအနက် ၂၂ခုမှ ပထမ အဆင့်သဘောတူ စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ ယင်းသဘောတူစာချုပ် ရေးထိုးပြီးသော ကုမ္ပဏီ ၂၂ ခုတွင် ဂျပန်မှ ကုမ္ပဏီကိုးခု၊ ထိုင်ဝမ်မှ ကုမ္ပဏီလေးခု၊ ထိုင်းနှင့် မြန်မာနှစ်ခုစီနှင့် တရုတ်၊ ဆွီဒင်၊ အမေရိကန်၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အသီးသီးမှ ကုမ္ပဏီတစ်ခုစီ ပါဝင်ကြောင်း သိရသည်။