ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေး ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေး ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား
Published 28 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေးဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေး ဥပဒေအပေါ် ကျောင်းသားများ ကန့်ကွက် ဆန္ဒပြနေခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ ပေးပို့ရန်ရှိကြောင်း၊ လွှတ်တော်ပိုင်းကလည်း ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်ဟု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ၊ ပညာရေးဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။အမျိုသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ပေးရန် ကျောင်းသားများမှ တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း၊ ၎င်းအချက်များမှာ ဗဟိုချုပ်ကိုင်မှု လျော့ချပေးရန် အမျိုးသားပညာရေး ကော်မရှင် မလိုအပ်ကြောင်း တောင်းဆိုမှုနှင့် အလားတူ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု၊ ဆရာအဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပေးရန် တောင်းဆိုမှု၊ လူတိုင်းအကြုံးဝင် ပညာရေးကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပေးရန် တောင်းဆိုမှု၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးအတွက် တောင်းဆိုမှုတို့ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် သမ္မတနှင့် လွှတ်တော် အပြန်အလှန် သဝဏ်လွှာပေးပို့မှုများ ရှိခဲ့သည်။ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေး ဥပဒေအား ၃၀. ၉.၂၀၁၄ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်များ၏ ၄၆ ရာခိုင်နှုန်းမှာ လွှတ်တော်၏ တင်ပြချက်များသာဖြစ်ပြီး ကျန် ၅၄ ရာခိုင်နှုန်းမှာ ပညာရေးဝန်ကြီးဌာနက တင်ပြချက်များဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားပညာရေး ဥပဒေကို အဓိက ပါဝင်ခဲ့သူများ အနေဖြင့် ပြန်လည်ဆွေးနွေး သုံးသပ်ကြရန် လိုကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားထားသည်။

Most Read

Most Recent