သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်
Published 25 January 2015
ချမ်းမြေ့သူ

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်နဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ရွှေဒင်္ဂါးပြားနဲ့ ရွှေချောင်းတွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချခြင်း တင်သွင်းဝယ်ယူခြင်း စတာတွေကို သတ္တုတွင်းဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ရောင်းဝယ်ခြင်း လုပ်ငန်းတွေကို ဆက်သွယ်လေ့လာထားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။ယင်းအပြင် ရွှေအရည်အသွေးကို ၉၉ ဒသမ ၉၉ ထုတ်လုပ်ခြင်း၊ ကျပ်၊ ပဲ၊ ရွေး စနစ်မှ ဂရမ်၊ အောင်စ စနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းနှင့် စတော့ရှယ်ယာဈေးကွက် စနစ်ကို ကျင့်သုံးခြင်း စသည်တို့မှာ မလွဲမသွေ ဖြစ်လာမယ့် အခြေအနေကောင်းများ ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေနှင့် အညီ နိုင်ငံတကာနှင့် အရောင်းအဝယ် ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။မြန်မာ့ရွှေအား ဈေးကွက်အတွင်း တရားဝင်ရောင်းဝယ်မှု ပြုလုပ်လျက် ရှိသော်လည်း ထုတ်လုပ်ခြင်းနှင့် ရောင်းချမှု အပိုင်းတွင် မှောင်ခိုထွက်ရှိမှု ရှိနေပြီး အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။ပြည်တွင်းထုတ် ရွှေထည်နှင့် လက်ဝတ်ရတနာများ ပြည်ပသို့ တင်ပို့ရာတွင် ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေအား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်း(ဦးထုံရွှေဆိုင်)က “ပြည်ပကို တရားဝင် ရွှေတင်ပို့ခွင့် ပြုမယ်ဆိုရင် ပြည်တွင်းက ရွှေလက်ဝတ်ရတနာလုပ်တဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှာပါ။ ပြီးတော့ တရားဝင်တင်ပို့ရမှာ ဖြစ်တဲ့အတွက် နယ်စပ်ကနေ ထွက်နေတဲ့ တရားမဝင် ကုန်သွယ်မှုတွေ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာမှာပေါ့။ အခုက တရားဝင် တင်ပို့ချင်ရင်တောင် ခွင့်ပြုချက် မရှိတော့ တရားဝင်လုပ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်။ အသင်းက တင်ပြချက်အချို့ ပါဝင်တဲ့ သတ္တုဥပဒေ ပြင်ဆင်ချက်တွေကိုလည်း အတည်ပြု ပြဋ္ဌာန်းတာမျိုးတွေ မလုပ်ရသေးတော့ နောက်ပိုင်းဥပဒေကိစ္စတွေ ပြီးရင်တော့ ပြည်ပကို တင်ပို့မယ့် ကိစ္စတွေ ဖြစ်လာမှာပါ။ တင်ပို့ဖြစ်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို တရားဝင်တင်ပို့မယ် ဆိုရင်ပဲ ဈေးကွက်ရပစ္စည်း ဖြစ်လာမှာပါ” ဟု ပြောပြသည်။လက်ရှိ ရွှေအရောင်းအဝယ်ဈေးကွက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ဇန်နဝါရီ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၉၇၀၀၀ ဝန်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။        

Most Read

Most Recent