၂၀၁၅ ခုနှစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်နေဦးမည့် နှစ်သာဖြစ်ပြီး အထူးသဖြင့် အမေရိကန်နှင့် အီးယူစီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာနိုင်သည့် အလားအလာ မရှိသေးဟုဆို

၂၀၁၅ ခုနှစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်နေဦးမည့် နှစ်သာဖြစ်ပြီး အထူးသဖြင့် အမေရိကန်နှင့် အီးယူစီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာနိုင်သည့် အလားအလာ မရှိသေးဟုဆို
Published 24 January 2015
ဆန်းထူးအောင်၊ ထက်ရှိုင်း

၂ဝ၁၅ ခုနှစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်နေဦးမည့် နှစ်သာဖြစ်ပြီး အထူးသဖြင့် အမေရိကန်နှင့် အီးယူစီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာနိုင်သည့် အလားအလာ မရှိသေးကြောင်းနှင့် နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အင်းအားကြီး စီးပွားရေး လုပ်ငန်းများဖြစ်သည့် အမေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ဝင်ရောက်ရန်အတွက် စောင့်ကြည့်နေဦးမည်သာဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး အသိုင်းအဝိုင်းမှ သိရသည်။
“တကယ်တမ်းအခု ဖြစ်နေတာက နိုင်ငံတကာက စီးပွားရေးလုပ်ငန်း အကြီးကြီးတွေ ဥပမာ-အမေရိကန်၊ အီးယူ၊ ဂျပန်အခြေစိုက်တွေကျတော့ အင်အားအကြီးကြီးတွေက စောင့်ကြည့်မယ့်သဘောရှိတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပြင်ကို မျှော်တဲ့ဝါဒကတော့ ပြောင်းလဲမှာမဟုတ်ဘူး။ ဘယ်သူပဲတက်လာတက် လာအခုသွားမယ့် Economy outward looking က ဒီတိုင်းသွားမယ်ဆိုရင် FDI လုပ်ငန်းကြီးတွေရဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုမှာ အရေးပါပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။
“မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် မူဝါဒများသည် ကောင်းမွန်သော်လည်း မူဝါဒအား အကောင်အထည်ဖော်ရာတွင် အားနည်းနေသေးကြောင်း စီးပွား ရေးလုပ်ငန်းရှင် တော်ဝင်ဦးကိုကိုလေးက ပြောကြားသည်။
“၂ဝ၁၅မှာ ကျွန်တော်တို့ အဆင်ပြေ အောင်ဆောင်ရွက်မယ်။ ရွေးကောက်ပွဲက အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားမယ်။ ပြည်သူ တွေကလည်း အရည်အချင်းရှိတဲ့သူကို ရွေး ပေးနိုင်ကြမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာမှာပါ။ အရည်အချင်းရှိတဲ့ သူမှသာ တိုင်းပြည်အတွက် စီမံခန့်ခွဲမှုကို အကျိုးရှိ အောင်လုပ်နိုင်မှာပါ။ အရည်အချင်းရှိတဲ့သူ တွေကို များများရွေးထုတ်ပေးရင် ဥပဒေပြု တာဖြစ်ဖြစ် အုပ်ချုပ်တာပဲဖြစ်ဖြစ် စီမံခန့်ခွဲ တာပဲဖြစ်ဖြစ် တရားစီရင်တာပဲဖြစ်ဖြစ် အား လုံး ဘက်စုံလုပ်နိုင်တဲ့သူတွေကို ပြောတာပါ။ အခုလူတွေကို အရည်အချင်းမရှိဘူးလို့ ပြော တာမဟုတ်ပါဘူး။ ဒီထက်ပိုပြီးတော့ အဆင် ပြေပြေဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးမယ့်သူတွေကို ဆိုချင်တာပါ။ ၂ဝ၁ဝ ဒီဘက်ပိုင်းမှာဆိုရင် ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ကျွန်တော်တို့မြင်ပါတယ်။ ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ကြားမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်နဲ့တွန်းဖို့ လိုအပ်လာပါတယ်။ ဒီထက်ပိုပြီးတော့ အခြေခံလူတန်းစားတွေ ဒုက္ခမရောက်အောင် ကြိုးပမ်းရမယ့် နှစ်ဖြစ်ပါတယ်။ အဲ့ဒီလိုကြိုးပမ်းဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်သင့်သလောက်ဝင်ဖို့ လိုအပ်ပါ တယ်”ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဖြစ်သည့် တော်ဝင်ဦးကိုကိုထွေးက ပြောကြား သည်။
၂ဝ၁၅ ရွေးကောက်ပွဲကြောင့် ကုန်သွယ်မှုအား သက်ရောက်နိုင်မှု မရှိနိုင်သော်လည်း ရွေးကောက်ပွဲအား စောင့်ကြည့်နေသည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကြောင့် တည်ငြိမ်စွာပြီးစီးရန် လိုအပ်ကြောင်းလည်း ဒေါက်တာမောင်အောင်က ပြောကြားသည်။
“ရွေးကောက်ပွဲကြောင့်တော့ ကုန်သွယ်မှု ဂျမ်းမဖြစ်နိုင်ဘူး။ ဘယ်သူပဲ တက်လာသည်ဖြစ်စေ ကုန်သွယ်မှုကတော့ ဆက်လုပ်ရမှာပဲ။ အရေးကြီးတာကတော့ ရွေးကောက်ပွဲဟာ ပိုပြီးတည်ငြိမ်တဲ့အရာ ဖြစ်ရမှာပေါ့။ ဘာကြောင့်လဲဆိုရင် အာရှမှာရော ဒေသတွင်းမှာပါ မြန်မာက စီးပွားရေးအရ အနိမ့်ဆုံးပဲ။ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ နိုင်ငံသားအားလုံးလုပ်ရမယ့် အမျိုးသားနိုင်ငံရေးပဲ။ အသွင်ကူးပြောင်းမှု တည်ငြိမ်ရင် အကောင်းဆုံးပဲ။ လက်ရှိထားထားတဲ့ စီးပွားရေးမူဝါဒက ပြောင်းလဲစရာမရှိပါဘူး။ ကုန်သွယ်မှုကိုတော့ ဆက်ဖွင့်ထားမှာပဲ။ ဒါပေမဲ့ ၂ဝ၁၅ ရွေး ကောက်ပွဲကိုတော့ တော်တော်များများ စောင့် ကြည့်နေကြပါတယ်။ ဒါပြီးမှာ လာမယ့်လူတွေက ရှိကြတယ်လေ။ အခုလာနေတဲ့ လုပ်ငန်းတွေကတော့ ဟိုတုန်းကနဲ့စာရင် ထုတ်လုပ်မှုလုပ်ငန်းဘက်ကို အများကြီး ပိုဝင်တယ်။ သယံဇာတအရင်းအမြစ်တွေကို ထုတ်တဲ့ဟာ မျိုးတင်မဟုတ်တော့ဘူး။ ဘာပဲပြောပြော ယခင်ကထက်စာရင်တော့ Global Supply Change ထဲကို ပိုဝင်နေပြီ။ ကမ္ဘာ့စီးပွားရေး လုပ်ငန်းနဲ့ ဆက်စပ်မှုဟာ ပိုပြီးအားကောင်းနေပြီ။ ဒါက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းကောင်းပဲ” ဟု စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုကတော့ လက်ရှိအနေအထား အစိုးရထုတ်ပြန်ချက်အရတော့ တက်လာကတော့ ပြပါတယ်။ ရွေးကောက်ပွဲကြောင့် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်မယ်လို့ မြင်တယ်။ သူတို့က နိုင်ငံရေးတည်ငြိမ်မှုကို လိုချင်ကြတာကို။ ရွေးကောက်ပွဲမှာ စနစ်တကျ အာဏာလွှဲပြောင်းမှု ရှိမရှိ။ ဒါတွေလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ လုပ်ငန်းလုပ်တဲ့လူ အားလုံးကတော့ နိုင်ငံရေးတည်ငြိမ်ဖို့၊ တိုင်းပြည်တည်ငြိမ်မှုကို လိုချင်တယ်။ ကိုယ့်မှာရှိတဲ့ တိုင်းပြည်ရဲ့ မူဝါဒတွေကောပေါ့။ ကျွန်တော်တို့ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲကို စနစ်ကျအောင် အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ပြည်သူတွေကလည်း အဲ့လိုပဲ မျှော်လင့်တယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်ဘီလျံအထိ ရရှိရန် မျှော်မှန်းထာကြောင်းနှင့် လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော် ဝင်ရောက်ခဲ့ကြောင်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့မှာ ပြည်ပနိုင်ငံများအများဆုံး ဝင်ရောက်ရင်းနှီး မြှုပ်နှံကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ၄၂ ဘီလျံ ကျော်အထိရှိလာကြောင်း ယင်းပမာဏထဲတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၄ ဘီလျံကျော်ဖြင့် အများဆုံးရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလုပ်ကိုင်ရန် ခွင့်ပြုချက်ရယူထားသည့် နိုင်ငံပေါင်း ၃၇ နိုင်ငံအထိရှိပြီး အချို့နိုင်ငံများမှာ လုပ်ငန်းစီမံကိန်း ပြီးစီးသည့်အတွက် ရပ်ဆိုင်းခြင်းနှင့် သက်တမ်းကုန်ဆုံးခြင်း စသည်တို့ကြောင့် ပြန်လည်နုတ်ထွက်မှုများ ရှိသည့်အတွက် လက်ရှိဝင်ရောက်မြှုပ်နှံမှု ပြုလုပ်နေသည့် နိုင်ငံပေါင်းမှာ ၃ဝ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးတည်ငြိမ်မှာပါ၊ စီးပွားရေးတည်ငြိမ်မှ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မှာပါ၊ ဆင်းရဲမွဲတေမှုလျော့ကျမှ ပညာရေး၊ ကျန်းမာရေးအတွက် မျှော်လင့်ချက်ရှိမှာပါ၊ ဒီလို လူ့စွမ်းအားအရင်းအမြစ်တွေကို အထောက်အကူပြုတဲ့ကတွေ တိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပါ၊ ယခုအချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်ဆိုတာ။ ဒီပမာဏက registration amount တွေပါ။ ဒီပမာဏတွေက နိုင်ငံရဲ့ economy ထဲကိုတန်းဝင်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရနိုင်တာ အလုပ်အကိုင်အခွင့်အလမ်းပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အီးယူတို့ အမေရိကန်တို့လို တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ဆိုရင် နိုင်ငံရေးစနစ်က၊ နိုင်ငံရေးအခင်းအကျင်းက တစ်စုံတစ်ရာ အာမခံချက်ပေးနိုင်ဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ အားကိုးရတော့မှာပါ။ တရုတ်ရင်းနှီး မြှုပ်နှံမှုတွေကြောင့် တိုင်းပြည်မှာ ပြဿနာမျိုးစုံပေါ်နေတဲ့ အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ economy ကို တရုတ်နိုင်ငံအပေါ်မှာ ပုံမထားသင့်ဘူးလို့ မြင်ပါတယ်” ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။           
 
 

Most Read

Most Recent