ဥရောပသမဂ္ဂ အနေဖြင့် ယူရို ၁ ဘီလျံခန့် ကူညီပေးရန် သတ်မှတ်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပါက ပြန်လည်သုံးသပ်မည်

ဥရောပသမဂ္ဂ အနေဖြင့် ယူရို ၁ ဘီလျံခန့် ကူညီပေးရန် သတ်မှတ်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပါက ပြန်လည်သုံးသပ်မည်
Published 24 January 2015
ဖြိုးဝေ

ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံကို နှစ်နှစ်မှ ငါးနှစ်အတွင်း ယူရို ၁ ဘီလျံခန့် ကူညီပေးရန် သတ်မှတ်ထားပြီး ၂ဝ၁၅ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပါက ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမှ ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ အကြီးအကဲ Mr. Antonio Berenguer က ပြောကြားသည်။အဆိုပါ ပြောကြားချက်ကို ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒ သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် မီဒီယာသမားများ၏ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီပေးရန် ကတိကဝတ်ပြုထားပြီး အဆိုပါ အစီအစဉ်ကြီးမှာ ကြီးမားသည့် စီမံကိန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး စသည့် ပြုပြင်ပြောင်းလဲမှုများတွင် ကူညီပေးရန် လုပ်ဆောင်နေပြီး လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး အောင်မြင်မှုများ ရရှိနေသည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းက ပြောကြားသည်။“လောလောဆယ်တော့ စတင်ကူညီနေပါပြီ။ ဘယ်ကဏ္ဍတွေမှာ ကူညီရမလည်းဆိုတာ အစည်းအဝေးတွေမှာ လိုက်ပြီး လေ့လာနေပါတယ်။ လာမဲ့နှစ်တွေကစပြီး ကြီးမားတဲ့ စီမံကိန်းတွေမှာ စတင်လုပ်ဆောင်ပါမယ်။ ကူညီမဲ့ ကာလကတော့ စီမံချက်အပေါ် မူတည်ပြီး ခန့်မှန်းထားတာကတော့ နှစ်နှစ်ကနေ ငါးနှစ်အတွင်း အသုံးပြုသွားမယ်လို့ ခန့်မှန်းထားပါတယ်။ တချို့စီမံချက်တွေ ပေးထားပြီးတော့ တကယ်လို့များ သဘာဝဘေးဒဏ်တွေကြောင့် နှောင့်နှေးတာမျိုး ဖြစ်လာနိုင်တယ်။ အကောင်အထည်ဖော်တာက ဘယ်လောက်ထိ အောင်မြင်တယ်ဆိုတာ အပေါ်လည်း မူတည်ပါတယ်” ဟု ၎င်းကဆိုသည်။မြန်မာနိုင်ငံ ဒီမိုကရေစီခရီး၏ ဒုတိယအကြိမ် ရွေးကောက်ပွဲကျင်းပမည့် ကာလတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တပ်မတော်က အာဏာသိမ်းယူမှုများ ပြုလုပ်နိုင်ကြောင်း ပြောကြားမှုများ ရှိခဲ့သကဲ့သို့ လက်ရှိ အခြေအနေများကြောင့် ပြည်သူများအကြားတွင် တပ်မတော်က အာဏာသိမ်းယူ၍ မြန်မာ့ဒီမိုကရေစီခရီး နောက်ကြောင်းပြန်မည်ကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစုသည်လည်း ၂ဝ၁၅ ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်နေမှုများ ရှိနေကြောင်း သိရသည်။အဆိုပါ နောက်ကြောင်းပြန်မှုများနှင့် ကြုံရပါက ဥရောပသမဂ္ဂ အနေနှင့် အကူအညီများ ဆက်လက်ပေးနိုင်ပါ့မည်လားဆိုသည့် မီဒီယာသမားများ မေးမြန်းမှုအပေါ် Mr. Antonio Berenguer က ထိုသို့သော အခြေအနေမျိုး ဖြစ်လာပါက ဆက်လက်ကူညီသင့် မသင့် ဆိုသည့် အခြေအနေကို ဥရောပသမဂ္ဂမှ ဝန်ကြီးအဖွဲ့ဝင်များ သံအမတ်ကြီးများ ဆွေးနွေး၍ ဆုံးဖြတ်ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေနှင့် ပြောဆိုနိုင်မှု မရှိကြောင်း ပြောကြားသည်။“ကျွန်တော့်အနေနဲ့ ဒီလို ဆုံးဖြတ်ချက်တွေကို ပြောခွင့် မရှိပါဘူး။ ဒီလို ဆုံးဖြတ်ချက်တွေကို ဥရောပသမဂ္ဂရဲ့ ဝန်ကြီးတွေ၊ သံအမတ်ကြီးတွေက ဆုံးဖြတ်ပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေတယ်။ ကျွန်တော်တို့က ဖြစ်မြောက်အောင် ကူညီပေးမယ်။ ငြိမ်းချမ်းရေး ရရှိအောင် ကူညီပေးမယ်။ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင် စတဲ့ ကဏ္ဍတွေမှာလည်း ကူညီပေးပါမယ်။ ဒီလိုမျိုး မမျှော်လင့်တာတွေ ဖြစ်လာရင်တော့ ကျွန်တော်တို့ အထက်လူကြီးတွေက ဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent