နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံသားမဖြစ်သေးသောပါတီဝင်များ စိစစ်ထုတ်ပယ်ပြီးအခြေအနေကို ရွေးကောက်ပွဲကော်မရှင်သို့ပြန်လည်ပေးပို့နေ

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံသားမဖြစ်သေးသောပါတီဝင်များ စိစစ်ထုတ်ပယ်ပြီးအခြေအနေကို ရွေးကောက်ပွဲကော်မရှင်သို့ပြန်လည်ပေးပို့နေ
Published 21 January 2015
ကျော်ဇင်ဝင်း

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံသားမဖြစ်သေးသောပါတီဝင်များ စိစစ်ထုတ်ပယ်ရန် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ရက်ထက်ပိုမိုတိုးမြှင့်ပေးခဲ့ပြီး စိစစ်ထုတ်ပယ်ပြီးအခြေအနေများအား ပါတီများမှ ကော်မရှင်သို့ ပြန်လည်ပေးပို့ဆဲဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုကပြောကြားသည်။နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံသားမဖြစ်သေးသောပါတီဝင်များ စိစစ်ထုတ်ပယ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ၂၀၁၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၉ ရက်ထိ အချိန်သုံးလသတ်မှတ်ပေးခဲ့ပြီး ထပ်မံ၍ ဇန်နဝါရီ ၂၀ ရက်ထိ ရက်ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ထိုသို့ ရက်ထပ်မံတိုးမြှင့်မှုနှင့်အတူ အင်အားကြီးအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်ရက်ထက် နှစ်လတိုးမြှင့်ပေးရန် ကော်မရှင်သို့တောင်းဆိုသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နှစ်လတိုးမြှင့်ပေးထားကြောင်း သိရသည်။"ဥပဒေဖြစ်တဲ့အတွက် ကျွန်တော်တို့ နောက်ထပ်စာတစ်စောင်ထပ်ထုတ်ပြီး သူတို့လိုက်နာဆောင်ရွက်နိုင်အောင် ဇန်နဝါရီ ၂၀ ထိ အချိန်ထပ်တိုးပေးထားပါတယ်။ ပါတီတွေက ကျွန်တော်တို့ဆီကိုတင်တုန်း၊ ဝင်လာတုန်းပဲရှိပါသေးတယ်။ စာရင်းအတိအကျမရှိသေးပါဘူး" ဟု ဦးလှမောင်ချိုကပြောကြားသည်။ယခင်က နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ မည်သူမဆို နိုင်ငံရေးပါတီတည်ထောင်ခွင့်ရရှိခဲ့ပြီး အဆိုပါနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် နိုင်ငံရေးပါတီဝင်များသည် နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားစိစစ်ရေးလက်မှတ်ရှိသူဟုပြင်ဆင်ခဲ့သဖြင့် နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသာ ပါတီတည်ထောင်ခွင့်နှင့် ပါတီဝင်အဖြစ် ပါဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။           

Most Read

Most Recent