နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ၌ပါဝင်နေသော နိုင်ငံရေးပါတီဝင်များအနေဖြင့် အကျဉ်းသားရေးရာကိစ္စများကို အမှန်တကယ်လုပ်ဆောင်ပေးနိုင်စွမ်း ရှိနိုင်၊ မရှိနိုင် စဉ်းစားစရာဖြစ်နေဟုဆို

နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ၌ပါဝင်နေသော နိုင်ငံရေးပါတီဝင်များအနေဖြင့် အကျဉ်းသားရေးရာကိစ္စများကို အမှန်တကယ်လုပ်ဆောင်ပေးနိုင်စွမ်း ရှိနိုင်၊ မရှိနိုင် စဉ်းစားစရာဖြစ်နေဟုဆို
Published 21 January 2015
ဇာလီမြင့်ဦး

ဇန်နဝါရီ ၅ ရက်ကဖွဲ့စည်းခဲ့သော နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီတွင် နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်အချို့သည် အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိရာ အဆိုပါနိုင်ငံရေးပါတီဝင်များအနေဖြင့် အကျဉ်းသားရေးရာကိစ္စရပ်များကို အမှန်တကယ်လုပ်ဆောင်ပေးနိုင်စွမ်း ရှိနိုင်၊ မရှိနိုင်ကို အဆိုပါကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က မေးခွန်းထုတ်ပြောကြားသည်။ဦးရဲအောင်က "ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားကိစ္စဆိုတာ အားလုံးနဲ့သက်ဆိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တွေတင်မဟုတ်ဘူး။ ဒီနိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ဒီကော်မတီမှာလည်း နိုင်ငံရေးပါတီဝင်တွေအများကြီးပါလာတာကောင်းပါတယ်။ သို့သော်လည်း ကျွန်တော်တစ်ခုစိုးရိမ်တာက ၂၀၁၅ ဟာရွေးကောက်ပွဲကာလဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်စရာတွေရှိလာမယ်။ ဒါဟာ ရွေးကောက်ပွဲမတိုင်မီကနေ ပြီးတဲ့အချိန်အထိပေါ့။ ဆိုတော့ အခုကျွန်တော်တို့ကော်မတီအတွင်းမှာပါဝင်တဲ့ ပါတီဝင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းရှိပါ့မလားဆိုတာပေါ့။ ဒါကလည်း စဉ်းစားစရာတစ်ခုပါ" ဟု The Daily Eleven သတင်းစာကိုပြောကြားသည်။လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့သော နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီတွင် ယခင်လက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီတွင်ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအရေးကိစ္စများအား အမှန်တကယ်လုပ်ဆောင်နိုင်သည့်အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်ပါဝင်လာနိုင်ရေးအတွက် ဆွေးနွေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း ဦးရဲအောင်ကပြောကြားသည်။ယခင်လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးအောင်သိန်းတို့က တာဝန်ယူခဲ့ပြီး အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များပါဝင်သော ၁၉ ဦးကော်မတီအဖြစ် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ကာ ကော်မတီသက်တမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း အစည်းအဝေး ၁၄ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသား ရှိ မရှိစိစစ်ခဲ့ကြသည်။ယခုပြင်ဆင်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီကို အဖွဲ့ဝင် ၂၈ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကတာဝန်ယူထားကာ ယခင်ကော်မတီဟောင်းမှ အဖွဲ့ဝင်အများအပြား ပြန်လည်ပါဝင်ခဲ့သော်လည်း သမ္မတရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့ ပြန်လည်ပါဝင်ခဲ့ခြင်းမရှိပေ။ကော်မတီဝင်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ စသည့်ပါတီ ၁၆ ခုမှ ပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသည်။

Most Read

Most Recent