အောင်ဆန်းမသေ အသက်တစ်ရာမက ထာဝရရှင်သန်စေ

အောင်ဆန်းမသေ အသက်တစ်ရာမက ထာဝရရှင်သန်စေ
Published 21 January 2015
မောင်တင်ဦး(မြောင်းမြ)

မောင်ထိန်လင်းကို ဖခင် ဦးဖာ၊ အမိ ဒေါ်စုတို့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့မှာ ဖွားမြင်ပါတယ်။ မွေးဖွားရာဇာတိက မကွေးခရိုင်၊ နတ်မောက်မြို့၊ တောင်ရွာကြီးမှာ ဖြစ်ပါတယ်။ မွေးချင်းကိုးယောက်အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ဇာတာအမည်မှာ မောင်ထိန်လင်းလို့ နေ့သင့် နံသင့်မှည့်ခေါ်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူ အောင်သန်းနဲ့ တွဲခေါ်လာရာမှ အောင်ဆန်းလို့ အမည်တွင်လာပါတယ်။ အောင်ဆန်းရဲ့အဘိုး မြို့လုလင်က ဗိုလ်မင်းရောင်ဆိုတာ နယ်ချဲ့ကိုတော်လှန် ရမယ်ဆိုတဲ့ တာဝန်ကို ဘယ်သူကမှမပေးဘဲ ကိုယ့်ဘာသာ တာဝန်ယူခဲ့သူဖြစ်တယ်။ ၁၈၈၆ ခုနှစ်မှစကာ ဗြိတိသျှစစ်တပ်ကို ခေတ်မီလက်နက်များဖြင့် ခုခံတိုက်ခိုက်ရန် ပြင်ဆင်ခဲ့တယ်။ ဒါကို ဗြိတိသျှစစ်တပ်ကသိလို့ တပ်လေးတပ်နဲ့ ညှပ်တိုက်ခိုက်ရာ လူစုကွဲသွားပြီး အဖမ်းခံလိုက်ရပါတယ်။ ဒီအခွင့်အရေးကိုယူပြီး အင်္ဂလိပ်လက်အောက် ဝင်အမှုထမ်းရန် သွေးဆောင်ဖြားယောင်းတာကို ဗိုလ်မင်းရောင်က “ကုလားကိုဖြင့် ဘုရား မထူးပြီ” ဆိုကာ ငြင်းဆန်လိုက်တယ်။ နောက်ဆုံး အင်္ဂလိပ်တို့ ဘယ်လိုမှ စည်းရုံးလို့မရတော့မှ ၁၈၈၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ခေါင်းဖြတ်အသတ်ခံ လိုက်ရတယ်။ အောင်ဆန်းဟာ ဘမျိုးဘိုးတူသူဆိုတာ သမိုင်းက သက်သေပြခဲ့ပါတယ်။
ဒီလိုမျိုးရိုးက ဆင်းသက်လာတဲ့ အောင်ဆန်းဟာ အသွေးထဲအသားထဲမှာ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ တဖွားဖွားစိမ့်ဝင် နေခဲ့တာပါ။ အမှန်ကို မြတ်နိုးခြင်း၊ တိုင်းပြည်နဲ့ ပြည်သူကို ချစ်ခင်ခြင်း၊ မိမိကိုယ်ကျိုးကို စွန့်လွှတ်ခြင်း၊ တိုင်းပြည်အတွက် အသက်ကိုပင် စွန့်လွှတ်နိုင်ခြင်းစတဲ့ သူရဲကောင်းအာ ဇာနည်တို့ရဲ့ ဂုဏ်ရည်တွေဟာ အောင်ဆန်းတစ်ကိုယ်လုံးမှာ စီးမျောနေတာပါ။
၁၉၃၆ ခုနှစ် သူ့အသက် ၂၁ နှစ်သာရှိ သေးတဲ့ လူငယ်ဘဝ ဝင်ရောက်စအရွယ်မှာ ရန်ကုန်တက္ကသိုလ်မှ သုံးနှစ်ထုတ်ပယ် ခံလိုက်ရပါတယ်။ အသက် ၂၁ နှစ်ဆိုတာ လူငယ်အချို့ ပျော်လို့ကောင်းတယ်။ မိဘပိုက်ဆံ ထိုင်ဖြုန်းလို့ အကောင်းဆုံး အချိန်ပါ။ လူငယ်များ အတုယူသင့်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဂုဏ်သတ္တိဖြစ်ပါတယ်။ တစ်ဆက်တည်းလိုပဲ တစ်ဖက်က ပညာသင်ယူ (ဥပဒေပထမနှစ် သင်တန်းတက်ရောက်)ရင်း တစ်ဖက်က နိုင်ငံရေးလုပ်ပါတယ်။ ကျောင်းသားဆိုတာ ကျောင်းစာချည်း သင်ယူနေရမယ်ဆိုတဲ့ ဦးနှောက်ကို အမှောင်ချတဲ့ အတွေးအခေါ်တွေဟာ တိုင်းပြည်ရဲ့လူငယ်များကို တစ်လမ်းသွား ပညာရေးထဲ တွန်းပို့လိုက်တာ ဖြစ်ပါတယ်။ ဘက်စုံပညာရေးဆိုပြီး ဟိုစပ်စပ် ဒီစပ်စပ် ဘာကိုမျှ ထိထိရောက်ရောက် မတတ်မြောက်တဲ့ ပညာရေးဖြစ်နေတာကို လက်ရှိဘွဲ့ရပြီး ကျောင်းသားများရဲ့ အရည်အချင်းနဲ့ တိုင်းတာလို့ရပါတယ်။
၁၉၃၈ ခုနှစ်မှာ နိုင်ငံရေးကို အပြည့်လှုပ်ရှားနိုင်ဖို့ ဥပဒေဘွဲ့ကို ဆက်မယူတော့ဘဲ နုတ်ထွက်လိုက်ပါတယ်။ နောက် တို့ဗမာအစည်းအရုံးကို ဝင်ပါတယ်။ နောက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ ကိုအောင်ဆန်းကို ရွှေတိဂုံစေတီတော်တွင်ဖမ်းပြီး ထောင် ၁၅ ရက် ကျခံခဲ့ရပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် သခင်အောင်ဆန်း အရွေးခံရပြန်ပါတယ်။
ထိုကာလတစ်လျှောက်လုံးမှာ သခင်အောင်ဆန်းဟာ ပြည်သူတွေထံလှည့်လည်ပြီး တရားဟောခြင်း၊ တို့ဗမာအစည်းအရုံးအတွက် စည်းရုံးလှုံ့ဆော်လှုပ်ရှားခြင်း၊ ဗမာ့ထွက်ရပ် ဂိုဏ်းအတွက် လှုပ်ရှားခြင်း၊ မြေအောက်လျှို့ဝှက်အဖွဲ့ (Under Ground Unit) ဖွဲ့ခြင်း၊ အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်တွေ့ဆုံခြင်း၊ ဂျပန်နှင့်ပူးပေါင်း၍ အင်္ဂလိပ်နယ်ချဲ့တို့ကို တော်လှန်ရန် ဂျပန်သို့သွားရောက်ခြင်း၊ အပင်ပန်းဆင်းရဲခံ စစ်ပညာသင်ယူခြင်း၊ မြန်မာလူငယ်များကို စည်းရုံး၍ ရဲဘော်သုံးကျိပ်ဖွဲ့ကာ စစ်ပညာသင်ယူရန် စီစဉ်ပေးခြင်းတို့ကို သူရှင်သန်ခဲ့တဲ့ အသက်နှင့်မမျှအောင် နေ့မနား၊ ညမအား လှုပ်ရှားခဲ့ပါတယ်။
အဲဒီလို လှုပ်ရှားမှုတွေရဲ့ အကျိုးရလဒ်က အင်္ဂလိပ်တို့ရဲ့ မျက်မာန်ရှခြင်းခံရပြီး ရန်သူတော်နံပါတ် ၅ အဖြစ် သတ်မှတ်ခြင်းခံခဲ့ ရပါတယ်။ ရန်သူတော်နံပါတ် ၁ က ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ဒီလိုမျိုးဆိုးကျိုး ရလဒ်များအတွက် ဗိုလ်ချုပ်ဟာ သူရဲဘောကြောင်သွားတဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ မိမိရန်သူက မိမိကို ရန်သူလို သဘောထား ဆက်ဆံတာဟာ သဘာဝကျတဲ့ ဖြစ်ရပ်ပါ။ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဗိုလ်ချုပ်လို နိုင်ငံချစ်တဲ့လူမျိုးအတွက် ဒါတွေဟာ ပန်းနဲ့ပေါက်သလောက်ပဲ မှတ်ယူနေမှာပါ။
ဗိုလ်ချုပ်ကို ပထမအကြိမ်လုပ်ကြံခြင်း
အာဇာနည်ဆိုတာ သေတိုင်းဖြစ်တာမဟုတ်ပါ။ လူတိုင်းဟာ သေမျိုးဖြစ်ပေမယ့် အာဇာနည်မျိုးက သေရိုးမရှိပါဘူး။
အာဇာနည်ဆိုတာ တိုင်းပြည်နဲ့ နိုင်ငံအကျိုးအတွက် အသက်အပါအဝင် ဘာကိုမျှ မမက်မောဘဲ စွန့်လွှတ်စွန့်စားတဲ့ ပြည်သူကိုချစ်တဲ့ လူစားမျိုးပါ။ ဗိုလ်ချုပ်ရဲ့ သက်ရှိပိုင်ဆိုင်မှု၊ ကျဆုံးပြီးပိုင်ဆိုင်မှုစာရင်း ကောက်ကြည့်လိုက်ရင် ရှင်းရှင်းကြီး သိနိုင်မှာပါ။ ၂ဝ၁၅ ခုနှစ်ဆို ဗိုလ်ချုပ်ကိုမွေးဖွားခဲ့တာ နှစ် ၁ဝဝ ပြည့်ပါပြီ။ မကောင်းသတင်း ဘယ်ရွေ့ဘယ်မျှ ပြောစရာတွေ ရှိနေပါသလဲ။ စကားပြောကြမ်းတယ်။ မျက်နှာက အမြဲလိုလို မှုန်ကုပ်နေတတ်တယ်။ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ခဲတယ်။ တကသ အဆောက်အအုံထဲရှိ ဗိုလ်ချုပ်အိပ်တဲ့ခုတင်မှာ ကြမ်းပိုးတွေ အပြည့်။ ဒါပေမဲ့ နိုင်ငံလွတ်လပ်ရေးရဖို့ မနားမနေ အလုပ်လုပ်တယ်ဆိုတာ ပြည်သူ ပြည်သားတိုင်း အသိပါ။ ဒီလိုအလုပ်လုပ်နေသူကို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီ ၃၈ မိနစ်မှာ လုပ်ကြံခံရကြောင်း သတင်းဟာ လေအဟုန်ခွင်းတဲ့ မြားတစ်စင်းလို ပြည်သူအပေါင်းရဲ့နားစည်ကို လှုပ်ခတ်စေပြီး အသည်းနှလုံး နာကျင်ကြေကွဲစေပါတယ်။ ပြည်သူတစ်ရပ်လုံး ယူကျုံးမရ အပူလုံးကြွစေပါတယ်။ အားကိုးစရာတောင်ကြီး ပြိုလေပြီလို့ ထိခိုက်စွာ ငိုကြွေးကြပါတယ်။ အဖေငိုတယ်။ အမေငိုတယ်။ တစ်တိုင်းပြည်လုံး ငိုပါတယ်။ မြန်မာပြည်မှာ မျက်ရည်စီးချောင်း သိန်းသန်းမက စီးမျောခဲ့ရပါတယ်။
ဗိုလ်ချုပ်ဟာ သူမသေခင် လန်ဒန်သွားကာ လွတ်လပ်ရေးရဖို့ အောင်ဆန်း-အက်တလီ စာချုပ်ကို ရအောင်ချုပ်ဆို နိုင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လန်ဒန်ပြန်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြူနီစီပယ်အဖွဲ့ဝင် လူကြီးများနဲ့ မြို့မိမြို့ဖတို့က ဂုဏ်ပြုပွဲတစ်ရပ် ကျင်းပပါတယ်။ အဲဒီပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းက “တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်ပေးမယ်” ဆိုတဲ့ မိန့်ခွန်းတစ်ရပ်ကို ဟောပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ်  မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလည်း မယုံဘူး”
“တိုင်းပြည်က ကျွန်တော်တို့ကို မယုံကြည်တဲ့အကြောင်း ထင်ထင်ရှားရှားပြရင် ကျုပ်တို့ ထွက်ပေးဖို့အသင့်ပဲ”
“တစ်နှစ်အတွင်း လွတ်လပ်ရေးရမယ်လို့ ကတိပေးခဲ့မယ်။ ဟုတ်တယ်၊ မဟုတ်ဘူး စောင့်ကြည့်ကြပါ”
ကောက်နုတ်ဖော်ပြပါ မိန့်ခွန်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ရဲရဲတောက် ကတိပေး ပြောကြားခဲ့ပါတယ်။ အမှန်တကယ်လည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပါ။ တစ်နှစ်ကို တစ်ရက်မှ မစွန်းခဲ့ပါဘူး။ တစ်နှစ်တောင် မပြည့်သေးဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ခမျာ သူ့ကတိသူ ထိန်းပြနိုင်ခဲ့တာကို အသက်ရှင်လျက် မတွေ့ရတော့ဘဲ တမလွန်ဘဝမှ လှမ်းကြည့်နေရတဲ့ အခြေအနေ ဖြစ်သွားမှာပါ။
ဗိုလ်ချုပ် ဒုတိယအကြိမ် လုပ်ကြံခံရခြင်း
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံမှာ လူမမည်ကျောင်းသားများခမျာ အားကိုးစရာ ဗိုလ်ချုပ်ဓာတ်ပုံကို ကိုင်ဆောင်ပြီး လူထုနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကိုတော့ စစ်တပ်က လေးစားဆဲ၊ ရိုသေဆဲဖြစ်မယ်။ ပြည်သူကလည်း အားကိုးတယ်ပေါ့။ ထင်ထားတာနဲ့ ဖြစ်ပွားတာက တခြားစီပါလား။ ရုတ်တရက် စစ်သားတွေရောက်လာပြီး ဗိုလ်ချုပ်ဓာတ်ပုံကို စက်သေနတ်နဲ့ တရစပ်ပစ်ခတ်ရုံသာမက လူမမည်ကျောင်းသားတွေကိုပါ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် လိုက်ကြပါတယ်။ ဗိုလ်ချုပ်ဒုတိယအကြိမ် လုပ်ကြံခံလိုက်ရပြန်ပါတယ်။ ထိုနေ့များမှစကာ ဗိုလ်ချုပ်ဓာတ်ပုံကို ပေါ်ပေါ်ထင်ထင် ချိတ်ဆွဲခွင့် ဆုံးရှုံးရပြန်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားဟာ သာမန်အခမ်းအနားတစ်ခုလို မထင်မရှား ကျင်းပကြရပါတယ်။ မြန်မာ့အသံမှ ဗိုလ်ချုပ်မိန့်ခွန်း၊ အဆိုကျော် ဒေါ်မေလှမြိုင်ရဲ့ “အာဇာနည် နေ့ကိုဖြင့် မမေ့သင့်ပါပေ” ဆိုတဲ့ စာသားပါ သီချင်းသံတွေဟာ တိတ်ဆိတ်သွားခဲ့ပါတယ်။
တို့ဗိုလ်ချုပ် မသေပါ
ဗိုလ်ချုပ်မွေးနေ့နဲ့ ထပ်တူကျကျ မကျကျ မွေးချင်တဲ့နေ့ မွေးကြပါစေ။ ဗိုလ်ချုပ်နဲ့ တူနိုင်သရွေ့တူအောင် ကြိုးပမ်းကြရပါမယ်။ “ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” ဆိုတဲ့သီချင်းစာသားလို ဗိုလ်အောင်ဆန်းတွေ မွေးကြရပါမယ်။ ဗိုလ်အောင်ဆန်းလို တိုင်းပြည်အတွက် ဦးဆွေးဆံမြည့် အလုပ်လုပ်ကြရပါမယ်။ ဒါမှ တိုင်းပြည်ဟာ ထာဝရ လွတ်လပ်ရေးစစ်စစ် ရရှိနေမှာပါ။
တိုင်းပြည်ကို ဒီမိုကရေစီ အမှန်တကယ် ရစေချင်ရင် အဓိပ္ပာယ်ပြည့်ဝတဲ့ လွတ်လပ်တဲ့ နိုင်ငံဖြစ်ချင်ရင် ဗိုလ်ချုပ်လို ရိုးသားသူ၊ ကြိုးစားသူ၊ ကိုယ်ကျိုးစွန့်သူ၊ အနစ်နာခံသူ၊ ထက်မြက်သူတွေ အများကြီးပဲ လိုအပ်နေပါတယ်။ ဗိုလ်ချုပ်ဟာ ခန္ဓာကိုယ် သေဆုံးပေမယ့် ဗိုလ်ချုပ်စိတ်ဓာတ်၊ ဗိုလ်ချုပ်ဝိညာဉ်၊ ဗိုလ်ချုပ်လုပ်ရပ်တွေက ယနေ့ထိ ရှင်သန်ဆဲပါ။ မြန်မာပြည်သူတို့ရဲ့ နှလုံးသည်းပွတ်ထဲမှာ ဗိုလ်ချုပ်စိတ်ဓာတ်က ကိန်းအောင်းနေဆဲပါ။ ဗိုလ်ချုပ်ဝိညာဉ် ပူးကပ်နေဆဲပါ။ ဗိုလ်ချုပ် ဆက်လက်ရှင်သန်နေစေဖို့ ပြည်သူတို့ရဲ့စိတ်ထဲမှာ ရင်နှင့်အမျှ ထာဝရမွေးမြူထားဆဲပါ။ သေခြင်းဆိုတဲ့သဘာဝကို လွန်ဆန်လို့မရပေမယ့် ဗိုလ်ချုပ်ရဲ့ တိုင်းပြည်ကို ချစ်ခြင်းဆိုတဲ့ မွန်မြတ်တဲ့စိတ်ဓာတ်က ထာဝရရှင်သန်နေမှာပါ။ မြန်မာပြည်မှာ မွေးဖွားလာသူတိုင်းရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်လိုစိတ်ဓာတ်တွေ ကိန်းအောင်းနေမှာဖြစ်လို့ ဗိုလ်ချုပ်စိတ်ဓာတ်တွေကို လက်ဆင့်ကမ်းနေခြင်းဖြင့် ဗိုလ်ချုပ်ဟာ မသေနိုင်တော့ပါဘူး။ မြန်မာပြည်သားတိုင်း ဗိုလ်ချုပ်လိုစိတ်ဓာတ်တွေ မွေးကြပါ။ ဗိုလ်ချုပ်ဝိညာဉ်နဲ့အတူ ရှင်သန်ကြပါ။ ဒီနည်းနဲ့ တို့ဗိုလ်ချုပ် ထာဝရရှင်သန်ဖို့ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။ ဗိုလ်ချုပ် နှစ် ၁ဝဝ မက ထာဝရရှင်သန်ပါစေ။
 
 

Most Read

Most Recent