တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့မှုကြောင့် အမှုဖွင့် ဖမ်းဆီးခံထားရသူများကို ဒဂုံမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး စွပ်စွဲခံထားရသူများဘက်မှ အာမခံ လျှောက်ထား

တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့မှုကြောင့် အမှုဖွင့် ဖမ်းဆီးခံထားရသူများကို ဒဂုံမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး စွပ်စွဲခံထားရသူများဘက်မှ အာမခံ လျှောက်ထား
Published 20 January 2015
ဉာဏ်ဝင်းရှိန်

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့မှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) အပါအဝင် ပုဒ်မခြောက်ခုဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသူများကို ဇန်နဝါရီ ၂၀ ရက်က ဒဂုံမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် လူများအနက် ဦးနေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်၊ ဒေါ်လေးလေး၊ ဦးသန်းဆွေနှင့် ဒေါ်မြနုတို့ကို ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၉၄(ခ)၊ ၃၅၃၊ ၁၄၇၊ ၅၀၆၊ ၁၄၉၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာ ၃၀ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၂၀ ရက် ရုံးချိန်းတွင် စွပ်စွဲဖမ်းဆီးခံထားရသူများဘက်မှ ရှေ့နေများက ပုဒ်မ-၅၀၅(ခ)သည် ရဲအရေးမပိုင်သည့်ပုဒ်မ ဖြစ်သည့်အတွက် တရားရုံးဖမ်းဝရမ်း မပါဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်သကဲ့သို့ ဖြစ်သဖြင့် ရုံးတော်အနေဖြင့် ပြန်လည်စဉ်းစားပေးရန်နှင့် စွပ်စွဲဖမ်းဆီးခံထားရသူများ ကိုယ်တိုင်ခံဝန်ဖြင့် အချုပ်လွတ် ထုချေခွင့်ပေးရန် လျှောက်လဲခဲ့သည်။အဆိုပါ အာမခံ လျှောက်လဲချက်ကို အစိုးရရှေ့နေမှ ပယ်ချခဲ့ပြီး ပုဒ်မ-၅၀၅(ခ)သည် အာမခံမပေးနိုင်သည့်ပုဒ်မ ဖြစ်သဖြင့် ကန့်ကွက်ကြောင်း ပြန်လည်လျှောက်လဲခဲ့သည်။ရှေ့နေ ဦးရောဘတ်စန်းအောင်က “ပုဒ်မ ၁၈ ကိုကျော်ပြီး ၅၀၅(ခ) တပ်ထားတာက အာမခံ မပေးချင်လို့ ဖြစ်တယ်။ ၅၀၅(ခ) က ရဲအရေးမပိုင်တဲ့ပုဒ်မ ဖြစ်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ပြီးမှ ဖမ်းဝရမ်းနဲ့မှ ဖမ်းလို့ရမှာ ဖြစ်တယ်။ ခုကျ ဒီလိုမဟုတ်ဘဲ ပုဒ်မတွေနဲ့ရောပြီး ဖွင့်လိုက်တယ်” ဟု ပြောကြားသည်။အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဦးနေမျိုးဇင်က “ကျွန်တော်တို့ကို အာမခံမပေးဘူးဆိုရင် ကျွန်တော်တို့ ထောင်တွင်းတိုက်ပွဲတွေ စရပါလိမ့်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို စည်းရုံးပြီးတော့ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတဲ့ လက်ရှိစနစ်ကြီးကို ပုန်ကန်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့်အစား အကြမ်းဖက်ပြီး ထောင်ထဲမှာမျှဉ်းပြီး သေတဲ့အထိ အစိုးရဘက်က အောက်တန်းကျတဲ့ နည်းလမ်းကို ကြိုးစားလာတယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ပါ” ဟု ပြောကြားသည်။အဆိုပါရုံးချိန်းသို့ အမှုဖွင့်ခံထားရသူများထဲတွင် ပါဝင်သည့် ဦးသန်းဆွေသည် လာရောက်အဖမ်းခံခဲ့သည်ကို တွေ့ရသည်။လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုများကို အစိုးရအနေဖြင့် တင်းမာစွာ ကိုင်တွယ်လေ့ရှိကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း တရုတ်နိုင်ငံ အလံကို မီးရှို့ဆန္ဒပြသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်၊ ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ပုဒ်မ-၅၀၅ (ခ)ဖြင့် ဒဂုံမြို့နယ် တရားရုံးတွင်ပင် တရားစွဲဆိုခဲ့ဖူးသည်။

Most Read

Most Recent