ဆန်းကြေးရုပ်နှင့် အလွမ်းကဗျာ

ဆန်းကြေးရုပ်နှင့် အလွမ်းကဗျာ
Published 20 January 2015
ရဲထွတ်နီ

တလေးတစား တန်ဖိုးထားအပ်တဲ့ ကောင်းဂုဏ်တွေက တစ်ရာမက ရှိနေမှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တစ်ချိန်မှာ နိုင်ငံရေးကထွက်ပြီး စာပဲရေးနေတော့မယ်လို့ ထုတ်ပြောဖူးတာ မှတ်သားရပါတယ်။ ဗိုလ်ချုပ်မှာ ငယ်ငယ်လေးကတည်းက ဂီတနှင့်စာပေ မြတ်နိုးမှုလည်း ရှိခဲ့တာပါ။ သူ့ရဲ့ဘဝကို သက်လုံးပုံ ဆုံးချင်ဆုံးစေတော့ နိုင်ငံ့လွတ်လပ်ရေး ပြန်ရဖို့ ဇောက်ချလုပ်တော့မယ်ဆိုပြီး ပိုင်းပိုင်းဖြတ်ဖြတ် ပြတ်ပြတ်သားသား သူလျှောက်လှမ်းရတဲ့ ခရီးက ကြမ်းတမ်းလိုက်တဲ့ ဘဝခရီးဗျာ။‘တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမယ်’ လို့ အာမခံခဲ့တဲ့ ဗိုလ်ချုပ်။ သွားလိုက်ရတဲ့ ခရီးတွေကလည်း မနည်း။ နိုင်ငံလွတ်လပ်ရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ သွေးချင်းတောင်တန်းသားတွေနဲ့ သဘောတူညီမှု ‘ပင်လုံစာချုပ်’ ကို လက်မှတ်ရေးထိုးကြတဲ့နေ့ဟာ သူ့ရဲ့ အသက် ၃၂ နှစ် တင်းတင်းပြည့်ဖို့ တစ်ရက်အလိုပါ။ အဲဒီနောက် ငါးလနဲ့ ရက်သီသီကလေး အစွန်းမှာပဲ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရှာပါတယ်။ ကျဆုံးပြီးလို့ ငါးလခွဲနဲ့ ရက်အနည်းငယ် ထပ်စွန်းပြီးတဲ့အခါ သူအာမခံခဲ့တဲ့အတိုင်း တိုင်းပြည်ကြီးလည်း ပြန်လည်လွတ်လပ်ခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ တစ်တိုင်းပြည်လုံး ပျော်မဆုံး ဖြစ်ခဲ့ကြမှာပါ။ စာပေလက်ရာ တစ်ပိုင်းတစ်စသာ ထားရစ်နိုင်တော့ရဲ့။သူနေလိုက်ရတဲ့ ဘဝတာ၊ သူ့အသက်အရွယ်မျှလောက်နဲ့ တကယ့်ကို ကိုယ်ကျိုးစွန့် အသက်စွန့် အလုပ်ကြီးတွေလုပ်၊ သူပြောခဲ့ဟောခဲ့တာတွေ ကြားဖူးမှတ်ဖူးရတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်တွေဟာ သူ့အသက်အရွယ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းများ ယခုထက်တိုင် ရှိနေမယ်ဆိုရင် တို့တွေလည်း အခုလို ပေါ့ပေါ့ချောင်ချောင် နေကြလို့ ဖြစ်မယ်မထင်ဘူးဆိုတဲ့စကား အချင်းချင်း ပြောမိကြပါတယ်။ အခုတော့လည်းဗျာ ပေါ့ပေါ့ချောင်ချောင် နေခဲ့ကြရုံတင် မကဘူး ပေါ့ပေါ့တန်တန် နေလိုနေ၊ နိုင်ငံ့လွတ်လပ်ရေးရဲ့ အမြိုက်အရသာမှာ ကိုယ်ကျိုးစီးပွားတွေကို ရှာချင်သလိုရှာနဲ့၊ လူထုအပေါ် နင်းခြေပြီး ရယူခံစားလိုက်ရက်ကြတာ။ လွတ်လပ်ရေးရဲ့ သက်တမ်းနဲ့ အမျှလို့ပင် ဆိုနိုင်ပါရဲ့။ ဖျက်လိုဖျက်ဆီးတွေလည်း လုပ်ရက်ကြပါရဲ့။တကယ်စင်စစ်တော့ ကောင်းဂုဏ်တွေ တစ်ရာမကရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာဦးသန်းထွဋ် (ပါမောက္ခငြိမ်း) ရဲ့စကား ယူသုံးရရင် ‘လွမ်းစေတီ’ တည်လောက်သူပါ။ တစ်နေ့က နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာတစ်စောင်မှာ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ လွမ်းစရာ ကဗျာတစ်ပုဒ်ကို ပြန်သတိရမိပါတယ်။ သတင်းက အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ပြန်လည်ပြုပြင် ပြီးစီးသွားကြောင်းဆိုလို့ ဝမ်းသာမိတဲ့ သတင်းပါ။
အခုတော့လည်းဗျာ ပေါ့ပေါ့ချောင်ချောင် နေခဲ့ကြရုံတင် မကဘူး ပေါ့ပေါ့တန်တန် နေလိုနေ၊ နိုင်ငံ့လွတ်လပ်ရေးရဲ့ အမြိုက်အရသာမှာ ကိုယ်ကျိုးစီးပွားတွေကို ရှာချင်သလိုရှာနဲ့၊ လူထုအပေါ် နင်းခြေပြီး . . . . .

ဗိုလ်ချုပ်ရုပ်တု ပျက်စီးနေခဲ့တာ ကြာပါပြီတဲ့။ ၁၉၈၅ ခုနှစ်မှာ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရယ်၊ ရုပ်တုကို တောင်ကြီးမြို့က ဦးစံဖေက ကြေးပိဿာချိန် ၈၀၀ နဲ့ သွန်းလုပ်ခဲ့ပြီး ဗိုလ်ချုပ်ရဲ့ဇနီး ဒေါ်ခင်ကြည်က ဖွင့်လှစ်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တုရှိရာ ပန်းခြံဖြစ်ကြောင်း၊ ပန်းခြံဘက်စုံပြုပြင်ရေး လူမှုကွန်ရက် တာဝန်ခံက ပြောဆိုကြောင်း သတင်းဖြစ်ပါတယ်။ အဲဒီသတင်း ဖတ်မိမိချင်းမှာပဲ အမျိုးသားစာပေဆုရ ကဗျာဆရာကြီးတင်မိုး (ဦးဘဂျမ်း၊ ၁၉၃၃-၂၀၀၇) ကို အောက်မေ့သတိရမိပါတယ်။ လွမ်းစရာကဗျာ ဆိုတာကလည်း ဆရာ့ရဲ့ ကဗျာပါ။အဲဒီကဗျာကို စာအုပ်စာစောင် မဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရတာ မဟုတ်ပါဘူး။ ရေဒီယို လေလှိုင်းသံက ကြားခဲ့ဖူးတာလို့ မှတ်ပါတယ်။ ဆရာတင်မိုးကိုယ်တိုင် ရွတ်ဆိုပြခဲ့တာလို့လည်း မှတ်သားမိနေပါတယ်။ တစ်ရက်မှာ ကဗျာဆရာ မောင်ခိုင်မာနှင့် ပန်းချီဆရာ(ကို)ယဉ်မင်းပိုက်တို့က ခေါ်သွားတဲ့အတွက် ဆရာတင်မိုးတစ်ယောက် အဲဒီအောင်ဆန်းပန်းခြံကို ရောက်သွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီပန်းခြံကိုရောက်၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို တွေ့မြင်ရပြီးတဲ့အခါ ဒီကဗျာဖြစ်လာတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကို လေးစားတန်ဖိုးထားတဲ့ ကဗျာဆရာရဲ့ ရင်ဟာ ထိရှခံစားသွားခဲ့တာ မုချအသေအချာပါပဲ။ ဒါကြောင့် ဒီကဗျာ ပေါက်ဖွားခဲ့တာပါ။ ကဗျာခေါင်းစဉ်က ‘မြက်ရိုင်းထဲက ကြေးရုပ်’ ပါတဲ့ ခင်ဗျာ။မြက်ရိုင်းထဲတွင် ထိုင်ဆဲမလှုပ်ဆန်းကြေးရုပ်သမိုင်းများစွာ၊ ဖြတ်သန်းလာတော့ငါတွေ မြက်ရိုင်း၊ နေရာတိုင်းကို။သမိုင်းပြယုဂ်၊ ဆန်းကြေးရုပ်ကိုကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။ဆန်း၏လမ်းစဉ်၊ တို့မမြင်တော့။ကျေးဇူးရှင်မှန်း၊ မသိစွမ်းတော့။ဆန်း၏ဂုဏ်ပုဒ်၊ ဆန်း၏ရုပ်ကားတိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။ဗိုလ်ချုပ်အောင်ဆန်း၊ ခင်းသောလမ်းကားလွမ်းစရာပင်၊ အလှမ်းကွာခဲ့ပြီ။ဗိုလ်ချုပ်လက်တွင်၊ စာရွက်လိပ်ထားကြေးဝါပြားကို၊ ရောင်းစားဖို့ရာခွာခဲ့ရှာပေါ့၊ လက်မှာစာရွက်မဲ့ခဲ့ပြီ။ဗိုလ်ချုပ်ဟောရ၊ ဗိုလ်ချုပ်မောရသောကအများ၊ ဟောပါ့တရားကျောကမကြား ဖြစ်ခဲ့ပြီ။လွတ်လပ်ရေးကို၊ သွေးနှင့်ရင်း၍အပ်နှင်းခဲ့ရ၊ သူ့ဘဝကိုမြေချသဂြုႋဟ် ခဲ့ရပြီ။သမိုင်းနာလည်း၊ နာမှန်းမသိတို့မထိတော့။တို့၏ကိုယ်ကျိုး၊ တို့ထုပ်ပိုးဖို့အမျိုးသားရေး၊ တို့မတွေးအားအရေးတော်ပုံ၊ တို့မဖြုံအားတို့ယုံသည်ကား၊ တို့ကောင်းစားဖို့အများအရေး၊ တို့မတွေးအားကိုယ်ရေးကြည့်ရာ၊ တို့လိမ္မာဖို့အရာရာတွင်၊ ကိုယ်ကျိုးမြင်ကာမီးစင်ကြည့်၍ ကတတ်ဖို့။ဗိုလ်ချုပ်ကြေးရုပ်၊ မြက်ရိုင်းအုပ်လဲမခုတ်တော့ဘဲ၊ မျက်နှာလွှဲပြီးနေမြဲနေကြ ပါစေတော့။                       တင်မိုးတကယ်ဖြစ်ခဲ့တဲ့ လွမ်းစရာကဗျာ မဟုတ်ပါလာဗျာ။ လေလှိုင်းသံက နားထောင်လိုက် မှတ်ခဲ့ရတာမို့ အကြားမှား ရှိခဲ့ရင် သိသူတို့ ပြင်ပေးကြစေချင်ပါတယ်။ ‘တင်မိုးကဗျာ ၈၀’ (စာနဒီ၊ ပထမအကြိမ် ၂၀၁၃ နိုဝင်ဘာထုတ်) မှာလည်း ဒီကဗျာကို မတွေ့မဖတ်ရပါဘူး။ ဘယ်လိုပဲဖြစ်စေ တစ်ချိန်ကတော့ ကာလကြာရှည်စွာ အဲဒီပန်းခြံ အဲဒီကြေးရုပ်ကို လျစ်လျူရှုပစ်ထားခဲ့ကြသမို့ ဘယ်လောက်များ ပေါ့တန်ပေါ့ပျက် ဖျက်လိုဖျက်ဆီး ထားရှိခဲ့သလဲလို့ပါ။ ဒါကြောင့် လွမ်းစေတီတည်လောက်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် ကဗျာကလည်း လွမ်းစရာ။ ဆရာဂျမ်းကိုလည်း လွမ်းမိပါ။

Most Read

Most Recent