ရိုးတွင်းခြင်ဆီ ဆောင်းပလီသည်

ရိုးတွင်းခြင်ဆီ ဆောင်းပလီသည်
Published 20 January 2015
တက္ကသိုလ်မိုးဝါ

နွေနွေ မိုးမိုး ဆောင်းဆောင်း။ရာသီဥတု သုံးလီတွင် နွေကလည်း ချစ်စရာကောင်းသည်။ လွမ်းတတ်သူ၊ ခံစားတတ်သူအဖို့ သစ်ရွက်ကြွေတွေကိုလည်း ကြည့်ရင်း လွမ်းနိုင်ခံစားနိုင်သည်။ ပိတောက်တွေ တစ်ပင်လုံး ပြွတ်ခဲနေအောင် ဝါထိန်နေသည်ကိုလည်း ရှုစားရင်း ကြည်နူးနိုင်သည်။ ငယ်စဉ်အခါ တက္ကသိုလ်တက်စဉ်က နွေရာသီ ကျောင်းပိတ်တော့မည်ဆိုလျှင် ဥသြတွန်သံကို ဆွေးဆွေးမြည့်မြည့် နေ့စဉ်ရက်ဆက် ကြားရသည်။ တစ်ဦးနှင့်တစ်ဦး ခေတ္တခွဲခွာရတော့မည့် အရေးကို အပြီးတိုင် ခွဲခွာရတော့မည့်နှယ် ခံစားချက်တို့ကို ပိုမိုကြေကွဲ ဆွတ်ပျံ့စေသည်။မိုးကရော။  မိုး၏ သင်္ကေတသည် သီတာရေ၊ အေးမြခြင်း နိမိတ်ဆောင်သည်။ ကုန်လွန်ခဲ့သည့် နွေ၏ပူပြင်းမှုဒဏ်၊ အညာဒေသနွေ၏ ရေရှားပါးမှု ဒဏ်တို့ကို အလူးအလိမ့် ခံစား၍ ကျော်လွှားခဲ့ပြီးသည့်နောက် မိုး၏ အအေးဓာတ်အား ကျေနပ်စွာ ထိတွေ့ခွင့်ရပြန်သည်။ သို့သော် မကြာလိုက်ဘဲ လေပြင်းနှင့်အတူ မိုးသက်မုန်တိုင်းတို့ ကျရောက်လာသည်။ မိုးရေက အအေးဓာတ်ပေးသော်လည်း မိုးသက်မုန်တိုင်းက စိတ်ချောက်ချားစရာ ဓာတ်ပေးသည်။ တစ်ခါတစ်ရံ ရွာလုံးကျွတ် အိမ်ခြေများအား ရေမြုပ်ရေလွှမ်းစေခြင်းဖြင့် ပျက်စီးစေသည်။ စိုက်ပျိုးထားသော စားနပ်ရိက္ခာ သီးပင်များအား အလုံးစုံ ဖျက်ဆီးပစ်သည်။ မိုးရေသည် အကျိုးပြုသည့်နေရာတွင် အကျိုးပြုသည် မှန်သော်လည်း မိုးမုန်တိုင်းများသည် အသက်အိုးအိမ် စည်းစိမ် များစွာအား ထိခိုက်ဆုံးရှုံးစေသည်။ဆောင်းအအေးဓာတ်သည် ဤနှစ် စောစောဝင်သည်ဟု ဆိုရမည်လားမသိ။ အချို့သော ညဉ့်နက်ပိုင်းညများ အတော်ပင်အေးသည်။ ပြည်နယ်များတွင် အပူချိန်များသည် သုညနှင့် ၅ ဒီဂရီ စင်တီဂရိတ်ကြားတွင် ရှိသည်ဆိုသည်။ အညာဒေသတွင်လည်း အအေးဓာတ် လွန်ကဲနိုင်သေးသည်။ ငွေကြေးတတ်နိုင်သူများအဖို့ အိမ်ကြီးအိမ်ကောင်းများတွင် နေရသဖြင့် လုံခြုံစွာ အအေးဓာတ်ကို ကာကွယ်နိုင်သည်။ အသောက်အစား ဝါသနာပါသူများပင် ကျန်းမာရေး သိပ်မထိခိုက်စေသော ယမကာ အကောင်းစားများ မှီဝဲလိုက်ပါက အနွေးဓာတ် ဝင်သွားစေနိုင်သေးသည်။ ဤစာရေးသူက သောက်သောက်စားစားသမား မဟုတ်၊ ညအအေးဓာတ်ကို ဂရုမထားမိ၊ ခြုံစောင်ဖြင့် မကာကွယ်မိခဲ့၍ ယခု လည်ချောင်းနာ ချောင်းဆိုးနေပြီ။ ပြင်ပရာသီဥတု အပြောင်းအလဲကို အထိုက်အလျောက် ကာကွယ်ပေးသည့် အိမ်ထဲ၌ နေခွင့်ရသည့်တိုင် ဆောင်းအလှ၏ ပလီခြင်းကို အငိုက်ဖမ်းခံလိုက်ရပြီ ဖြစ်သည်။‘အိမ်’ ဟုခေါ်မည်ဆိုလျှင် ခေါ်နိုင်သော ‘အိမ်’ မျိုးတွင် စာရေးသူတို့ကဲ့သို့ မနေရ၊ နေရန် အခွင့်အလမ်း မသာခဲ့သူများ အတွက်ရော ဆောင်းအလှ၏ မည်ရွေ့မည်မျှအထိ ကျီစယ်ကလူခြင်းကို ခံနိုင်ရည် ရှိပါမည်နည်း။များမကြာသေးမီကပဲ အနော်ရထာ စက်မှုဇုန်အတွင်း ကျူးကျော်တဲ ၅၀၀ ကျော်ကို ဘက်ဟိုးစက်ကြီးနှစ်စီးနှင့် လူအင်အား ၃၀၀ ခန့်က အကြမ်းဖက် ဖျက်ဆီးလိုက်သည့် သတင်းကို ဖတ်လိုက်ရသည်။ ကျူးကျော်သူများဘက်က တောင်းပန်သော်လည်း မရဟု ဆိုသည်။ “အရင်ငှားထားတဲ့အိမ်က ပြန်အပ်ထားတော့ ဘယ်မှာသွားနေရမှန်း မသိတော့ပါဘူး” ဟု ကျိုက်လတ်မြို့မှ ပြောင်းရွှေ့လာသူ ကလေးသုံးယောက် မိခင်တစ်ဦးက ပြောသည်။ “တကယ့်ကို ဂျပန်ခေတ်တုန်းက လိုပါပဲ။ သူတို့ကို ခွင့်တောင်းပြီး တစ်နှစ်လောက် ခဏနေရဖို့ ခွင့်တောင်းတာပါ။ အဘွားတို့မှာက တကယ့်ကို နေစရာ မရှိပါဘူး။ ပြီးတော့ သူတို့က ဥပဒေအရ အရေးယူမယ်ဆိုပြီး ဆိုင်းဘုတ်ထောင်ထားပြီး အခုကျတော့ ဥပဒေမဲ့ လုပ်သွားတယ်” ဟု အသက် ၈၀ အရွယ် အဘွားအိုက ပြောသည်။  (The Daily Eleven - ၁-၁-၂၀၁၅ နေ့ထုတ်)။
များမကြာသေးမီကပဲ အနော်ရထာ စက်မှုဇုန်အတွင်း ကျူးကျော်တဲ ၅၀၀ ကျော်ကို ဘက်ဟိုးစက်ကြီးနှစ်စီးနှင့် လူအင်အား ၃၀၀ ခန့်က အကြမ်းဖက် ဖျက်ဆီးလိုက်သည့် သတင်းကို ဖတ်လိုက်ရသည်။ ကျူးကျော်သူများဘက်က တောင်းပန်သော်လည်း မရ . . . . .

သည်နှစ်ဆောင်းဟာ အကြောင်းကြောင်းကြောင့်၊ မနှောင့်မနှေး တစ်မှောင့်ဖေးလို့ ဆောင့်အေးလိုက်ပြန်ပါပြီ။ (ရှုမဝမဂ္ဂဇင်း - ၁၉၈၆) လူသားချင်း စာနာသောစိတ်ဖြင့် ရင်နာတွေး တွေးမကြည့်ဘဲ မနေနိုင်ပါ။  အသက်အရွယ်ကြီးရင့်သူ၊ ကလေးသူငယ် အပါအဝင် ဖယ်ရှားခံရသူများ မည်သို့မည်ပုံ မည်သည့်နေရာတွင် ယာယီနေကြရမှာပါလိမ့်။ မြေကွက်လပ် တစ်ခုခုတွင် ယာယီတဲထိုးရန် အဆင်ပြေပါမည်လား။ အသား၊ အရိုးအဆစ်တိုင်အောင် ဖောက်ထွင်းသည့် ဆောင်း၏ကလူချက် အအေးဒဏ်ကို ခံနိုင်ရည်ရှိရန် လူသည် သံထည်သံရိုင်းဖြင့် တည်ဆောက်ထားသော သတ္တဝါမှ မဟုတ်ပေဘဲ။မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမကျေးရွာ၌ ဘိုးဘွားစဉ်ဆက် တည်ရှိနေလာခဲ့သော အိမ်ခြေ ၂၀၀ ကျော်အား မီးရထားဌာနပိုင် မြေအတွင်း နေသည်ဟုဆိုကာ တစ်လအတွင်း ဖယ်ရှားခိုင်းသည့် နောက်ထပ်သတင်းတစ်ပုဒ်။ သက္ကရာဇ် ၆၄၃ ခုနှစ်ကတည်းက ထီးနန်းစိုက်ခဲ့သည့် မြို့ဟောင်းဖြစ်၍ အင်္ဂလိပ်တို့က နောက်တွင်မှ ရထားလမ်း၊ ဘူတာ စသည်တို့အား တည်ဆောက်ခဲ့ခြင်းဖြစ်သည် ဆိုသည်။ မီးရထားကသာလျှင် မုတ္တမရွာသို့ ကျူးကျော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သို့ပင် အငြင်းပွားသော်လည်း မီးရထားဝန်ထမ်းဟောင်းများ၊ လက်လုပ်လက်စား ဆင်းရဲသားများ အိမ်စုစုပေါင်း ထောင်ချီ၍ ဖျက်ဆီးခြင်းခံရပေတော့မည်။ (The Daily Eleven - ၄-၁-၂၀၁၅ နေ့ထုတ်)။အကာအကွယ်မဲ့ လဟာပြင်၌ ရေခဲလုနီး ဆောင်းအအေးဒဏ်ကို အံတုနိုင်သူမည်သူ ရှိမည်နည်း။ မြောက်ပြန်လေ၏ ကလူကျီစယ်မှုအား သြော်. . . ကျီစယ်တာပဲဟုဆိုကာ ရယ်မောပျော်ရွှင်စွာ ကြံ့ကြံ့ခံလက်ခံနိုင်မည့် ကိုယ်ခန္ဓာပိုင်ရှင်များ ရှိလေမလား။ ရှာဖွေကြည့်ရဦးမည်။ရိုးတွင်းစိမ့်မျှသိမ့်သိမ့်ရစ်ရစ်၊ ဆစ်ဆစ်နာကျင်ခန္ဓာပြင်လုံး၊ ဆွဲယူချုံးကျဖုံးဖိမရ၊ အိမ်သူမရဲ့အလှပွင့်နွေး၊ အားဆေးဖွဲ့နှောင်မေတ္တာစောင်သာ၊ ခြုံစရာရှိ။အတိဒုက္ခရောက်သူ အချင်းချင်းသာလျှင် စာနာထောက်ထားတတ်သည့် ကာလမျိုးတွင် အချင်းချင်း စေတနာထားခြင်းဖြင့် မေတ္တာစောင် ခြုံထားသကဲ့သို့ နွေးထွေးစေသည်။ အချင်းချင်းအားပေးခြင်းဖြင့် မီးလှုံနေသကဲ့သို့ နွေးထွေးစေသည်။ အာဏာရှင် လူသားတို့၏ ကြီးနိုင်ငယ်ညှဉ်း အကျင့်စရိုက်ဆိုးများ ကမ္ဘာပေါ်တွင် တည်တံ့နေသမျှ ကာလပတ်လုံး အာဏာမဲ့သူ၊ အင်အားချည့်နဲ့သူ လက်လုပ်လက်စားများ ခိုကိုးရာမဲ့ အဖိနှိပ် အချုပ်ချယ် ခံရစမြဲသာ ဖြစ်သည်။သို့ ဖြစ်၍ ရှုမဝမဂ္ဂဇင်းတွင် ရေးခဲ့သော ‘ဆောင်းသလိပ်’ ကဗျာ၏ အလယ်ပိုဒ်တစ်ပိုဒ်ကို မြည်းစမ်းကြည့်နိုင်ရန် တင်ပြလိုက်ပါသည်။အေးစိမ့်ခိုက်လို့ဖိုလှိုက်သွင်းထုတ်၊ အဆုတ်အားပြတ်အအေးပတ်ပြီး၊ ချွဲကျပ်ညည်းညူသက်ရှူ မရ၊ လည်ချောင်းဝမှာတစ်ခွတွယ်ကပ်၊ သလိပ်ဖတ်ကိုဟပ်ထုတ် မနိုင်၊လက်မှိုင်ချရမလား အောက်မေ့တယ်။

Most Read

Most Recent