တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ၄၈ဦးဆွေးနွေးပွဲ

တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ၄၈ဦးဆွေးနွေးပွဲ
Published 19 January 2015
ဒေါက်တာရန်မျိုးသိမ်း

မြန်မာ့နိုင်ငံရေး အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့် ပွင့်လင်းမြင်သာစွာ ချဉ်းကပ်ဖြေရှင်းနိုင်ရန် ပဓာနကျသည်။ တိုင်းရင်းသားလူမျိုးစုများအရေးကို ပရိယာယ်ကင်းကင်း၊ ရိုးရိုးသားသား ရှေ့တန်းတင်နိုင်ရန် အရေးကြီးသည်။ နိုင်ငံရေးအဖြေကို ဝေဝါးစေမည့်၊ ထွေပြားစေမည့်၊ လမ်းကြောင်း လွဲစေမည့် ဗျူဟာ၊ အခင်းအကျင်းများကို ဖြေလျှော့၊ ရှောင်ရှားနိုင်မှသာ ပြည်သူကိုမျက်နှာမူသော ဖြေရှင်းမှုနှင့်ထပ်တူကျမည့် ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစစ်စစ်ကို ရှေးရှုနိုင်မည်ဖြစ်သည်။
 
နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲသည် လူများပြီး ပွဲမစည်သည့်ဘက်သို့ ဦးတည်ခဲ့သည်ဟု သုံးသပ်ကြသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း၊ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် ကော်မရှင်များအကျပ်အတည်း၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး အကျပ်အတည်းစသည့် နိုင်ငံရေးပြဿနာ များနှင့် စိန်ခေါ်မှုများကို ထိထိရောက်ရောက် အကြိတ်အနယ် အပြန်အလှန်ဆွေးနွေး ဆုံးဖြတ်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲပုံစံမျိုးဖြစ်ရန် လိုအပ်နေဆဲဖြစ်သည်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို ချဉ်းကပ်ဖြေရှင်းနိုင်မည့် ဘုံသဘောတူညီချက်၊ ဘုံသဘောထားနှင့် ဘုံလုပ်ငန်းစဉ်တို့ကို ယေဘုယျကျကျ သဘောတူဆုံးဖြတ်နိုင်ရေး ဦးတည်သည့် ဆွေးနွေးပွဲများတွင် သော့ချက်ပုဂ္ဂိုလ် ၁ဝ ဦးထက်မပိုသော အရေအတွက်သည် အသင့်တော်ဆုံးဖြစ်လိမ့်မည်ဟု ကောက်ချက်ပြုနိုင်သည်။  
 
ဇန်နဝါရီ ၁၂ ရက် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်သူ ၄၈ ဦး အနက် ၂၃ ဦးသည် အစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုသည်။ တိုင်းရင်းသားပါတီများကို ကိုယ်စားပြုသူ ၁၇ ဦးသာ ပါဝင်သည်။ 
တပ်မတော်အကြီးအကဲနှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ဟောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဦးတင်အေး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းတင်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တိုင်းရင်းသားရေးရာဝန်ကြီးနှစ်ဦးတို့လည်း ပါဝင်သည်။ ဆွေးနွေးပွဲတက်ရောက်သူများကို လေ့လာကြည့်လျှင် အများစုသည် အစိုးရ၊ အာဏာရပြည်ခိုင်ဖြိုးပါတီတို့နှင့် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်နီးစပ်သူများ ဖြစ်နေသည်ကို တွေ့ရှိရသည်။
 
သမ္မတသည် ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးအား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းသည် အမြင်ရ ဆိုးလွန်းသည်ဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်က လေးဦးတွေ့ဆုံဆွေးနွေးရေး အဆိုပြုသောအခါ  အစိုးရက ၁၂ ဦး တွေ့ဆုံဆွေးနွေးပွဲနှင့် တန်ပြန်ခဲ့သည့်သဘော တွေ့ရှိရသည်။ ပြည်ထောင်စုလွှတ်တော်က ခြောက်ဦးတွေ့ဆုံဆွေးနွေးရေး အဆုံးအဖြတ်ပြုခဲ့သောအခါ၊ အစိုးရက ၄၈ ဦးတွေ့ဆုံပွဲနှင့် အားပြိုင်ခဲ့သည့်ပုံစံကိုလည်း သတိပြုမိသည်။ တိုင်းပြည်နှင့် ပြည်သူလူထု ဆင်းရဲမွဲတေမှု မြင့်မားနေသည့်ကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများကို အနှေးပြကွက်နှင့် ပုံဖော်နေခြင်းသည် တိုင်းပြည်နှင့်ပြည်သူကို ကျောခိုင်းရာရောက်သည်ဟု မှတ်ချက်ပြုနိုင်သည်။ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှုသည့် ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံရေးလမ်းကြောင်းကို လမ်းလွှဲစေရန်၊ အားယုတ်စေရန် တန်ပြန်သည့် အစီအမံမျိုး ဖြစ်လာမည်ဆိုလျှင် သူနိုင် ကိုယ်နိုင်မဖြစ်နိုင်သည့်အလျောက် သူရှုံးကိုယ်ရှုံး ဖြစ်လာနိုင်သည်ကို ဆင်ခြင်သင့်သည်။ 
 
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့်အလျောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ နှင့် နိုင်ငံတော်သမ္မတကို တာဝန်ခံကြရသည်။ 
ဝန်ကြီးချုပ်၏ အဆိုပြု မှုနှင့်အညီ သမ္မတက ခန့်အပ်တာ ဝန်ပေးသူများလည်း ဖြစ်သည်။ အရပ်စကားဖြင့်ဆိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများသည် သမ္မတနှင့် နီးစပ်သော သမ္မတဘက်တော်သားများဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။ သို့ဖြစ်၍ သမ္မတသည် ဇန်န ဝါရီ ၁၂  ရက် တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးအား ဖိတ်ကြားခဲ့ခြင်းသည် ဆွေးနွေးပွဲအတွင်း အစိုးရသို့မဟုတ် အုပ်ချုပ်ရေးယန္တရား၏ ကိုယ်စားပြုမှုကို မတန်တဆ ဆွဲတင်ခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ဝေဝါးထွေပြားစေခဲ့သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(ဌ)၊ ပုဒ်မ ခွဲငယ်(၂) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည် ဖြစ်သည်။ ဖော်ပြပါပြဠာန်းချက်အရ တိုင်းရင်းသားရေးရာဝန်ကြီးများသည် သမ္မတနှင့်ဝန်ကြီးချုပ်များကို တာဝန်ခံရသည့်အလျောက် ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမတိုင်မီ သမ္မတအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စများနှင့် ပတ်သက်၍သိရှိနိုင်ရန် သီးခြားတွေ့ဆုံဆွေးနွေးခြင်းက ပိုမိုကြောင်းကျိုး ဆီလျော်မည်ဖြစ်သည်။ 
 
တိုင်းရင်းသားလူမျိုးစုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုနှင့် အဆုံးအဖြတ်ပေးနိုင်မှုတို့အရ သုံးသပ်၊ ဆန်းစစ်မည်ဆိုလျှင် ပြည်ထောင်စုအဆင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့်တိုင်းရင်းသားပါတီခေါင်းဆောင်များသည် တိုင်းရင်းသားရေးရာဝန်ကြီးများထက် ပိုမိုအရေးပါ အရာရောက်သည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ကိုသာ ကိုယ်စားပြုသည်။ 
ထို့ကြောင့် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ အစောပိုင်းကာလတွင် တိုင်းရင်းသားပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားအရေးကို အဓိကဆွေးနွေး၊ ဆုံးဖြတ်နိုင်မည့်သူများသာ ပါဝင်သင့်သည်။ ပထမအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအလွန် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို ဖိတ်ကြားခြင်းသည် ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ သို့ရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးထက် တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းက ဆွေးနွေးပွဲ၏ပုံရိပ်ကို နိုင်ငံရေးအရ ပိုမိုအားကောင်းမောင်းသန်စေမည် ဖြစ်သည်။
 
တိုင်းရင်းသားရေးရာဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်စားလှယ်များဖြစ်ပါသည်ဟု တိုင်းရင်းသားရေးရာဝန်ကြီးများ လက်မှတ်ရေးထိုးထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်စားလှယ်ဖြစ်ခြင်းသည် ပြည်ထောင်စုတစ်ဝန်းလုံးကို လွှမ်းခြုံကိုယ်စားပြုသည့် တိုင်းရင်းသားကိုယ်စားလှယ်များ မဟုတ်သည်ကို အတည်ပြုပြီးဖြစ်သည်။ လတ်တလောဖော်ဆောင်ရမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများသည် ပြည်ထောင်စုအဆင့်ပုံစံမှတစ်ပါး အခြားမရှိနိုင်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကိုယ်စားလှယ်များသည် ပထမအဆင့်ပုံစံနှင့် အံဝင်ခွင်ကျ မဖြစ်သေးသည်ကို ကောင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်မည်ဖြစ်သည်။
 
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့်အကြောင်းအရာများကို အဓိကနှင့်သာမညဟု စနစ်တကျခွဲခြမ်းနိုင်ရန် လိုအပ်သည့်အပြင် ဆွေးနွေးပွဲကို ကိုယ်စားပြုမည့်သူများကိုလည်း အဓိကနှင့် သာမညဟု ပိုင်းခြားရှုမြင်နိုင်ရန် အရေးကြီးသည်။ 
ကနဦးဆွေးနွေးပွဲများတွင် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အဓိကအကျဆုံး၊ အရေးအကြီးဆုံးပြဿနာများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးရမည်ဖြစ်သည်။ ဆွေးနွေးပွဲ၏ အဓိကဇာတ်လိုက်များသည်လည်း ကိုယ်စားပြုမှုအပိုင်းတွင် သော့ချက်ကျသူများ၊ အဆုံးအဖြတ်ပေးနိုင်သူများ၊ ဩဇာကြီးမားသူများဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ သော့ချက်ကျသော ပုဂ္ဂိုလ်များအကြား ဆွေးနွေးမှုများသည်သာ နိုင်ငံရေးအဖြေစစ်စစ်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်သည်။
 
သမ္မတ၏ တိုင်းရင်းသားရေးရာဝန်ကြီးများကို ဖိတ်ကြားမှုသည် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မမြင်၊ မသိနိုင်သောပြင်ဆင်မှုများ၊ ဗျူဟာခင်းကျင်းမှုများနှင့် ဆက်စပ်ကောင်း ဆက်စပ်နေမည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုအကျည်းတန်နိုင်ခြေရှိသည်။ 
အစိုးရနှင့် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့၏ ဗျူဟာမြောက် နိုင်ငံရေးကစားကွက်အောက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးများအား ခုတုံးလုပ်သည့်အသွင် အသုံးချသည့်ပုံစံမျိုးကို ရှောင်ရှားနိုင်ရန် လိုအပ်မည်ဖြစ်သည်။ တိုင်းရင်းသားရေးရာဝန်ကြီး ထက်ဝက်နီးပါးသည် အာဏာရပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေသည့်အခါသမယတွင် အာဏာရပါတီနှင့် သွယ်ဝိုက်ပတ်သက်မှုမရှိသော တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ပိုမိုသတိပြု ဆင်ခြင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့စွဲပါ အမိန့်အမှတ်(၂၃/၂ဝ၁၁)နှင့် အမိန့် အမှတ်(၂၆/၂ဝ၁၁)တို့အရ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့်(စ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (က)၊ ပုဒ်မငယ်(၂)တို့ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များက နိုင်ငံတော်သမ္မတထံ တင်ပြခဲ့သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးကို ခန့်အပ်တာဝန်ပေးခဲ့သည်။ နိုင်ငံတော်သမ္မတသည် ၂ဝ၁၄ ခုနှစ် ဧပြီ ၂၅ ရက်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။
 
၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားကိုယ်စားလှယ် ၂၉ ဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ကိုယ်စားလှယ် ၂၉ ဦးအနက် ကယားပြည်နယ်လွှတ်တော်၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးစိန်ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်၊ ချင်းတိုင်းရင်းသားကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ် ဦးဘကြူးတို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ပြိုင်ဘက်မရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပထမဦးဆုံး ကြေညာခဲ့သည့် ၃၇ ဦးတွင် ပါဝင်ခဲ့သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ဗမာအပါအဝင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ပါဝင်နေသည်။ တိုင်းရင်းသားပါတီများ၏ တိုင်းရင်းသားရေးရာလွှတ်တော် ကိုယ်စားလှယ်များသည် ၁ဝ ဦးသာ ပါဝင်သည်ကို တွေ့ရှိရသည်။
 
အချုပ်အားဖြင့်ဆိုသော် အစိုးရနှင့် အာဏာရပါတီအနေဖြင့် အရှေ့တောင်အာရှဒေသတွင် ဂျီဒီပီအပေါ် အခြေခံတွက်ချက်သော တစ်ဦးချင်းဝင်ငွေအရ အဆင်းရဲဆုံးနှင့် အမွဲတေဆုံး မြန်မာပြည်သူလူထုကို မျက်နှာမူ ဗဟိုပြုသည်ဆိုလျှင် ရေရှည်အမြင်ရှိသော အလုပ်ဖြစ်မည့် အချိန်ဇယားကိုက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံး၊ ခြေကုန်သုတ် ဖော်ဆောင်သင့်သည်။ လတ်တလောအကျပ်အတည်းများကို ချဉ်းကပ်ရာတွင် ရေရှည်တည်တံ့မည့် ဖြေရှင်းမှုပုံစံသို့ လက်တွေ့ကျ ကျ ဦးတည်သင့်သည်။ လက်ရှိအခင်းအကျင်းကို ပိုမိုရှုပ်ထွေးစေမည့် ခြေလှမ်းများကို မဖြစ်မနေ ရှောင်ရှားသင့်သည်။ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လှေကားထစ်တိုင်းတွင် တိုင်းရင်းသားလူမျိုးစုများအကြား ယုံကြည်မှုနှင့် နားလည်မှု ယိုယွင်းပျက်စီးစေမည့်လုပ်ဟန်များကို အစိုးရ၊ အာဏာရပါတီနှင့် နိုင်ငံရေးပါတီများအနေဖြင့် သတိပြုသင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက်ရပါသည်။

Most Read

Most Recent