ဟိုးရှေးရှေးတုန်းက
အဖေဟာ ပုံပြောကောင်းသူ တစ်ယောက်ပါ။ ညအိပ်ရာဝင်ခါနီး အဖေ့ခြေသလုံး သေးသေးသွယ်သွယ်ကို မောင်နှမလေးယောက်က ဝိုင်းနှိပ်ပေးစဉ် အဖေက “ဟိုး ရှေးရှေးတုန်းက” နဲ့စတဲ့ ပုံပြင်ကိုပြောပါရော။ အဖေ့ပုံပြင်ကိုနားထောင်ရင်း ညီမအငယ်ဆုံးက အဖေ့ခြေသလုံးမှာ ပါးအပ်ပြီး အိပ်ပျော်သွားတတ်ပါတယ်။ နောက်ဆုံးအဖေပါ ပုံပြောတဲ့အသံတိတ်ပြီး အိပ်ပျော်သွားပါတယ်။ ဒီတော့မှ အဖေ့ကိုစောင်ခြုံ ပေး ညီမလေးကို သူ့အိပ်ရာပို့ပြီး နောက်ဆုံးမှ အိပ်ရာဝင်ဖြစ်ပါတယ်။
အိပ်ရာထဲလှဲနေပေမယ့် အဖေပြောတဲ့ပုံပြင်ကို ဆက်မြင်ယောင် ကြားယောင်နေပါတယ်။ ဖက်ဆစ်ဂျပန်တွေကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲ။ အုန်းသီးခြောက်တွေစု ရေနံဆီဆွတ်ထားတဲ့ အဝတ်တွေ သွတ်ထည့်။ ဂျပန်တွေလာမယ့်လမ်းကို ကြိုစောင့် ဂျပန်တွေလာတော့မှ အုန်းသီးခြောက်တွေကို မီးရှို့။ ဂျပန်အုပ်ထဲပစ်ထည့်။ ပြီး ထွက်ပြေး။ ငယ်လည်းငယ်တော့ ကြောက်စိတ်က မပျောက်သေးဘူးပေါ့။ ဒါပေမဲ့ ကြောက်လို့ တာဝန်မှထွက်ပြေးမနေခဲ့ဘူး။ ဖက်ဆစ်ဂျပန်ကို ရရာနည်းနဲ့ ပြန်တိုက်ခဲ့တာ။
စင်စစ် အဖေက ပိန်ပိန်သေးသေးညှက်ညှက်လေး။ စစ်တပ်က အခြေခံသတ်မှတ်ထားတဲ့ ပေါင် ၁ဝဝ ပြည့်ရမယ်။ အရပ် ၅ ပေကျော်ရမယ်ဆိုတာတွေနဲ့ တိုင်းတာရင် အဖေ ဟာ စံချိန်မမီပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အဖေဟာ တိုက်ရေးခိုက်ရေးမှာ ဘာမှအားကိုးလောက်စရာ မရှိဘူး။
ဒါပေမဲ့ အဖေ့မှာ စိတ်ဓာတ်ရှိတယ်။ အဲဒီစိတ်ဓာတ်က နိုင်ငံချစ်စိတ်။ တိုင်းပြည်ချစ်စိတ်။ မြန်မာပြည်သူပြည်သားတွေကို ချစ်စိတ်။ ရွာထဲက မပဒိုကြီးက အပျိုကြီး။ အဲဒီမပဒိုကြီးက ကိုယ်လုံးလှသလောက် သတ္တိလည်း တော်တော်ရှိတယ်။ တော်ရုံတန်ရုံကာလသားတွေက သူ့ကိုကြောက်ကြတယ်။ စိတ်ထဲမထင်ရင် မထင်သလို တွေ့ရာကောက်ဆွဲပြီး ပစ်ပေါက်၊ လိုက်ရိုက်လုပ်တတ်တယ်။ ဒါကိုသူ့အမ (အမေ)ကလည်း မနိုင်ဘူး။ တစ်နေ့မှာ သူ့ကို ရိသဲ့သဲ့လုပ်တဲ့ စံထွားကို ပန်းကန်လုံးနဲ့ကောက်ပေါက်လိုက်တာ စံထွား နဖူးတည့်တည့်မှန်ပြီး သွေးတွေဖြာကနဲ ကျလာတယ်။ စံထွားကလည်း သူ့အနာကို သူလက်နဲ့ အုပ်ရင်း ထွက်ပြေးသွားပါလေရော။ ပြေးသွားရင်း စကားတစ်ခွန်းတော့ ပြောဖြစ်အောင် ပြောသွားသေ၊ “ဟဲ့ မပဒိုး၊ နင်တစ်နေ့ ငါ့အကြောင်း ကောင်းကောင်းသိရမယ်။ မှတ်ထား ငါစံထွားကွ”။
တကယ်တော့ စံထွားဆိုတဲ့ ကာလသားကလည်း အသားညိုညို လူကောင်ထွားထွား အဖေတို့လိုလူ ပိန်သေးမျိုးကို အနိုင်ကျင့်နေကြ။ ဒါကြောင့် အဖေက စံထွားဆို ဝေးဝေးကရှောင်ပြီးသား။ ဘယ်တော့မှ ရင်ဆိုင်မတွေ့ခဲ့ဘူး။ အဖေကသတ္တိနဲ့ဗျတ္တိဆိုတာကို ခွဲခြားပြဖူးတယ်။ ဗျတ္တိဆိုတာ ရုတ်တရက် လူဘုံအလယ်မှာ ဖြစ်စေ၊ တစ်ယောက်ချင်း ဖြစ်စေ ပြဿနာဖြစ်ချိန်မှာ ချက်ချင်းတုံ့ပြန်ရဲတတ်။ ပြောတတ်တာကို ဆိုလိုတာတဲ့။ သတ္တိကတော့ ချက်ချင်းတုံ့ပြန်ချင်မှ တုံ့ပြန်လိမ့်မယ်။ ဒါပေမဲ့ စိတ်အေးအေး၊ သွေးအေးအေးနဲ့ ဖြစ်ခဲ့တဲ့ပြဿနာမှန်သလား၊ မှားသလား ပြန်ဝေခွဲတယ်။ မှန်ရင် မကြောက်မရွံ့ ပြဿနာကိုရင်ဆိုင်တယ်။ မှားရင် အမြန်ဆုံးဝန်ချတောင်းပန်ရဲတယ်။ ဒါကြောင့် လူဆိုတာ သတ္တိရာ ဗျတ္တိပါ ပြည့်စုံနေရတယ်လို့ အဖေက မှတ်ချက်ပြုပေးတယ်။ အဖေဟာ သူပြောတဲ့အတိုင်း သတ္တိရော ဗျတ္တိပါရှိခဲ့ကြောင်း သူဆက်ပြောတဲ့ပုံပြင်တစ်ပုဒ်က ထင်ရှားစေပါတယ်။
မတ်လ ၂၇ ရက် ဂျပန်တွေကို တော်လှန်တော့ အဖေတို့လူငယ်တွေ ကျရာနေရာက ပါဝင်တော်လှန်ကြပါတယ်။ အုန်းသီးခြောက်ဗုံးတွေ၊ ဝါးချွန်တွေ၊ ဒူးလေးတွေ၊ လေးခွတွေ၊ ငှက်ကြီးတောင်ဓားတွေ ရရာလက်နက်တွေ စုဆောင်းကြပါတယ်။ ငါးကိုထိုးတဲ့ မှိန်းပါ မကျန်ပါဘူး။
ဂျပန်တွေ ရွာထဲရောက်လာတော့ စံထွားတို့လူတစ်စု ဂျပန်တွေကို မျက်နှာချိုသွေးပါလေရော။ စံထွားတို့က တော်လှန်ရေးအကြောင်းလည်း နားမလည်။ နားမလည်တာက စိတ်ကိုမဝင်စားဘဲ ထန်းရည်ပဲသောက်နေတာကိုး။ ဒါပေမဲ့ ဂျပန် ငွေစက္ကူတွေ တစ်ထပ်ကြီးနဲ့ သေနတ်တွေတကားကား။ မထင်ရင် မထင်သလိုတွေ့တဲ့လူမှန်သမျှ ပါးချပြနေတာကို စံထွားတို့က အထင်ကြီးနေတာပေါ့။ စံထွားက ဒီလိုမိုက်ပြ၊ ရိုင်းပြနေတာကို သတ္တိလို့အထင်ကြီးနေတယ်။ သူက သတ္တိနဲ့ ဗျတ္တိဆိုတာကို မသိရုံသာမက မိုက်ရူးရဲ လုပ်တာနဲ့ သတ္တိကိုပါ ခွဲခြားမသိသူဖြစ်နေတာကို။ ဒီလိုမိုက်ရိုင်းပြ၊ ရမ်းကားပြရုံမက သေနတ်ပိုင်ရှင် ဂျပန်တွေကို သူမကျေမနပ်ဖြစ်နေတဲ့ မပဒိုကြီးဆီ ခေါ်သွားပါလေရော။ ဂျပန်တွေကလည်း မပဒိုကြီးရဲ့ လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကိုကြည့်ပြီး သဘောတော်ခွေ့နေလေရဲ့။ အခွင့်ကောင်းစောင့်ရင်း စံထွားတို့ ကာလသားတွေကိုပေး၊ ကျွေးရင်း လူယုံမွေးထားလိုက်တယ်။ စံထွားတို့ကလည်း ဂျပန်တွေချကျွေးသမျှ စားနေရတာကို အကျေနပ်ကြီးကျေနပ်ကာ ဂျပန်တွေဝေပေးနေတဲ့ ဂျပန်ပိုက်ဆံတွေနဲ့ ထင်တိုင်းကြဲနေလေရဲ့။
ဒီသတင်းတွေကို တော်လှန်ရေးလုပ်နေတဲ့ အဖေတို့လူငယ်တွေ သတင်းရထားပြီးပြီ။ ဒါကြောင့် တော်လှန်ရေးရဲဘော်တွေကို သွားသတင်းပို့ပြီး ရွာကိုခေါ်လာခဲ့တယ်။ အဖေနဲ့ ကာလသားတစ်ယောက်က စံထွားတို့ကို နောက်ယောင်ခံလိုက်တယ်။ အချိန်မရွေးပြဿနာပေါက်ကွဲနိုင်တဲ့ မပဒိုကြီးရဲ့အိမ်ကို တော်လှန်ရေးရဲမေနှစ်ယောက်က စောင့်ကြည့်နေတယ်။
တစ်နေ့တော့ ဂျပန်တွေနဲ့ စံထွားတို့ ထန်ရည်မူးပြီး မပဒိုကြီးအိမ်ကို ရောက်လာတယ်။ အဖေက စံထွားတို့ကို ကွယ်ရာမှစောင့်ကြည့်နေပြီး အဖေသူငယ်ချင်းကို တော်လှန်ရေးရဲဘော်တွေဆီ ပြေးသတင်းပို့ခိုင်းတယ်။ မပဒိုကြီးကလည်း တိုက်တိုက်ဆိုင်ဆိုင် ထဘီရင်ရှားနဲ့ အဝတ်လျှော်နေချိန် ဂျပန်နှစ်ယောက်နဲ့ စံထွားတို့နှစ်ယောက်က အိမ်ရှေ့ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်တယ်။ ဂျပန်တစ်ယောက်။ သူက ရာထူးကြီးပုံရတယ်။ မပဒိုရှိရာကို တန်းသွားတယ်။ ပြီး မပဒိုကြီးကိုနောက်က သိမ်းကျုံးဖက်လိုက်တယ်။ ပထမ မပဒိုကြီး ကြောင်သွားတယ်။ နောက်မှ အားရပါးရ ရုန်းထလိုက်ရာ ဂျပန်ကြီး နောက်လန်လဲကျသွားတယ်။ သူတို့အရာရှိလဲကျတာမြင်တော့ ဂျပန်နောက်လိုက်တွေက ရှူးရှူး ရှဲရှဲ အော်ပြီး မပဒိုကြီးကိုသေနတ်နဲ့ ချိန်တယ်။ စံထွားဘက်လှည့်ပြီး ဂျပန်ဘာသာစကားနဲ့ပြောတယ်။ စံထွား က “ဟဲ့ မပဒိုကြီး နင့်ကိုသူက ချစ်လို့ဖက်တာကို ဘာဖြစ်လို့ ဒီလိုလုပ်တာလဲတဲ့”။
“စံထွား သူက ငါ့ကိုချစ်ရအောင် ငါနဲ့ သူနဲ့ တူသလားတန်သလား။ သူက ဂျပန် ငါကဗမာ။ သူ့ကိုလင်တော်မဲ့အစား ဗမာပြည်ကခွေးကို အမြီးဖြတ်ယူမယ်။ သွား နင်တို့ထွက်သွား။ ခု ငါ့ခြံထဲက ထွက်သွား။”
စံထွားက ဂျပန်အားကိုးနဲ့ မပဒိုကြီးကို ကလဲ့စားချေဖို့လုပ်ထားတာ။ အခုအချိန်က စံထွားအတွက် ချက်ကောင်းပဲ။
“အောင်မာ နင်က နာအံ့ထင်နေတယ် ဟုတ်လား။ ဂျပန်တွေကို နင်ပြေပြေလည်လည်ဆက်ဆံမှ နင်အသားမနာမှာ။ ဒါအပြင်တွေ့လား ပိုက်ဆံတွေလည်း အများကြီးရမှာ။ နို့မဟုတ်ရင်တော့ နင်နာပြီသာမှတ်”
“စံထွား နင်က ဗမာအချင်းချင်း မရိုင်းပင်းပဲ ဂျပန်အလိုတော်ရိ လုပ်နေတာလား။ သစ္စာဖောက်ရဲ့”
မပဒိုကြီး စံထွားကိုပြန်ပြောနေတုန်း ဂျပန်နှစ်ယောက်က မပဒိုကြီးကို ဝိုင်းချုပ်လိုက်တယ်။ ယောက်ျားသားနှစ်ယောက်အားကို မပဒိုကြီး မရုန်းနိုင်ဘူး။ ပြီး ရာထူးကြီးတဲ့ ဂျပန်က စံထွားကို ဂျပန်လိုပြောတယ်။ စံထွားက သူသိသလိုပြန်ပြောတယ်။ “ဟဲ့မပဒို။ နင် သူတို့စားဖို့ ချက်ပြုတ်ကျွေးပါတဲ့။ ပိုက်ဆံပေးမယ်တဲ့ ဒီအိမ်မှာလည်း တည်းမယ်တဲ့။ ကလန်ကဆန် မလုပ်ပါနဲ့တဲ့။”
မပဒိုကြီး ခဏစဉ်းစားပြီးမှ “အေး ရတယ်။ အခုငါ့ကို လွှတ်ပေးခိုင်း” ဂျပန်တွေ လက်လွှတ်ပေးလိုက်တော့ မပဒိုကြီး အိမ်ထဲဝင်သွားတယ်။ ဒီအချိန်မှာ အဖေက ဂျပန်တွေနဲ့ မနီးမဝေးနေရာထိကပ်လာပြီး ပုန်းနေတယ်။ ဂျပန်သုံးယောက်နဲ့ စံထွားတို့က ကွပ်ပျစ်မှာပြန်ထိုင်ပြီး သေနတ်ကို ပေါင်ပေါ်တင်ထားကာ ဆေးလိပ်သောက်နေကြတယ်။ စံထွားကတော့ ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။
အတန်ကြာမှ မပဒိုကြီးက စဉ့်ဇလုံ (အင်တုံ) တစ်ခုကို လက်နှစ်ဖက်နဲ့ကိုင်ရင်း အိမ်ထဲက ထွက်လာတယ်။ ဂျပန်တွေက မပဒိုကြီး သူ့ အလုပ် သူလုပ်တာလို့ထင်ပြီး လွှတ်ထားတယ်။ ဒါပေမဲ့ မပဒိုကြီး တစ်ကိုယ်လုံးကို စားမလို ဝါးမလိုကြည့်တာကိုတော့ လေးယောက်စလုံးအတူတူပဲ။ မပဒိုကြီးကလမ်းကို ဟန်ပါပါလျှောက်ရင်း ဂျပန်တွေအနား ကပ်လာတယ်။ လက်တစ်ကမ်းသာသာလောက်ရောက်တော့ စဉ့်ဇလုံ နဲ့လှမ်းပက်လိုက်တယ်။ စဉ့်ဇလုံထဲမှာ ထမင်းရည်ပူတွေ ပွက်ပွက်ဆူနေတာ။ ဂျပန်တွေရဲ့မျက်နှာပေါ် ပူလောင်နေတဲ့ ထမင်းရည်တွေ စီးကျကုန်တယ်။ ချက်ချင်းဆိုသလို ဂျပန်တစ်ယောက်ရဲ့ပေါင်ပေါ်က သေနတ်ကို မပဒိုကြီးဆွဲယူပြီး ဂျပန်တွေကို ချိန်လိုက်တယ်။ ဂျပန်တွေ အပူဒဏ်ကြောင့် မျက်နှာကိုပွတ်သပ်နေချိန်၊ အလိုတော်ရိ သစ္စာဖောက်စံထွားကို အဖေက ဝါးရင်းတုတ်နဲ့ တအားလွှဲရိုက်လိုက်တယ်။ စံထွား ဗုန်းကနဲ လဲကျသွားတယ်။ အဖေလည်း နောက်သေနတ်တစ်လက်ကို ကောက်ကိုင်ပြီး ဂျပန်တွေကို ထိုးချိန်ထားလိုက်တယ်။ တိုက်ဆိုင်စွာ အဖေ့သူငယ်ချင်းနဲ့ တော်လှန်ရေးရဲဘော်တွေ ရောက်လာလို့ ဂျပန်ရော စံထွားကိုပါ ဖမ်းသွားတယ်။
အဖေကဆက်ပြောတယ်။ သတ္တိ၊ ဗျတ္တိရှိရုံနဲ့ တိုင်းပြည်မတိုးတက်နိုင်ဘူး။ တိုင်းပြည်ကိုချစ်စိတ် ကိုယ့်ပြည်သူအချင်းချင်းကို ချစ်စိတ်၊ အမှန်တရားကို ချစ်စိတ်တွေရှိပါမှ တိုင်းပြည်ကောင်းစားနိုင်တယ်။ အဲဒီစိတ်တွေက ပြည်သူပြည်သား တစ်ဦးချင်းစီမှာ မရှိမဖြစ်ရှိနေမှ တိုင်းပြည်ငြိမ်းချမ်းမှာ၊ နို့မဟုတ် ငို့ဘ၊ ငါ့ဖို့သမားတွေ ပေါ်လာမယ်။ နယ်ချဲ့လက်ပါးစေ အလိုတော်ရိ သစ္စာဖောက်တွေပေါများလာမယ်။ ဒါဆို တိုင်းပြည်ချောက်ထဲကျမှာပဲ။ ကျရုံမကဘူး။ ချောက်ထဲက ပြန်တက်နိုင်မှာ မဟုတ်တော့ဘူး။
အဖေက တိုင်းပြည်ကောင်းစေားရေးအတွက် တစ်ထောင့်တစ်နေရာက အမှုတော်ထမ်းခဲ့ပြီးပြီ။ သားတို့ကြုံနေရတဲ့ ခုခေတ်ပုံပြင်တစ်ပုဒ်ကို အဖေ့ကိုပြန်ပြောပါရစေ။
မနေ့တုန်းက
သိပ်မကြာသေးတဲ့ကာလပါ။ လွတ်လပ်ရေးရပြီ ၆၇ နှစ်အကြာမှာ မြန်မာပြည်ထဲမှာ မြန်မာလူမျိုး မြန်မာပြည်သူတွေကို မြန်မာလူမျိုးနဲ့ ပြည်သူ့ရဲတွေက ကိုယ့်မြေပေါ် ကိုယ်နေ၊ ကိုယ်ပြည်ပေါ်ကိုယ်နေပါလျက် ဘယ်သူ့ကိုမှ နယ်မချဲ့ပါပဲ သေနတ်နဲ့ပစ်သတ်သတဲ့အဖေ။
အကယ်၍ တရားဥပဒေက သေနတ်ပစ်သူကို အရေးယူဆိုပြန်တော့ အရေးယူခံရမဲ့သူကလည်း မြန်မာပြည်သား ဖြစ်နေပြန်ပါရော အဖေ။ အဖေကတော့ နိုင်ငံချစ်စိတ်၊ ပြည်သူပြည်သားကိုချစ်စိတ်မွေးရမယ်လို့ပြောခဲ့တာ။ သေနတ်နဲ့ပစ်သတ်တဲ့သူက နဖူးတည့်တည့်ကို ပစ်တာ။ ပစ်သူက မြန်မာ၊ အပစ်ခံပြီး သေရသူက မြန်မာ။ ဖြစ်ပွားတဲ့နေရာက မြန်မာပြည်တွင်းမှာ။ ဖြစ်ပွားတဲ့ပြဿနာက မြန်မာ့မြေပေါ်က သယံဇာတကို မြန်မာ မဟုတ်တဲ့သူတွေက မြန်မာအချို့နဲ့ပေါင်းပြီး လုပ်ကိုင်နေလို့။ မြန်မာ မဟုတ်တဲ့သူတို့တွေက မြန်မာပြည်ပေါ်မှာ အခြေချ၊ မြန်မာမြေကို အပိုင်သိမ်း။ ခြံစည်းရိုးတွေခတ်၊ သူတို့လက်ထဲမှာ လက်နက်တွေကိုင်လို့။ မြန်မာမြေပေါ် လာနယ်ချဲ့။ ပြီး ဘယ်မြန်မာကိုမှ... ဂရုမစိုက်။
အဖေ့ပုံပြင်ထဲက မပဒိုကြီးကို ဂျပန်လက်ထဲအပ်ဖို့ ကြိုးစားခဲ့တာ ဗမာပြည်သား စံထွား၊ သစ္စာဖောက် အလိုတော်ရိ။
ဒါဆို မြန်မာပြည်သူကိုသတ်အောင် မြန်မာ့ရဲကို ခိုင်းစေခဲ့သူက အဖေ့ပုံပြင်ထဲက သစ္စာဖောက်ပေါ့နော်။ ဒါဖြင့် မြန်မာပြည်မှာ အလိုတော်ရိ၊ သစ္စာဖောက်တွေရှိနေတယ်ဆိုတာ အဖေများသိရင် ဘယ်လောက်များ အဖေအသည်းနာလိုက်မလဲ။
ဒီကနေ့
အဖေ သားတို့ တာဝန်မကျေသေးပါ။ ခွင့်လွှတ်ပါအဖေ။