မြန်မာ့စီးပွားရေးစစ်တမ်း Myanmar Business Survey အရ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသည် အဓိကကျသော အတားအဆီး၊ အကန့်အသတ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းတို့အနက် အကျင့်ပျက်ခြစားမှု၊ နည်းပညာအားနည်းမှုနှင့် မြေနေရာရရှိမှု အခက်အခဲတို့သည် အဓိက စိန်ခေါ်နေသည့် အကြောင်းတရားများဖြစ်ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် OECD အစီရင်ခံစာအရ သိရသည်။ယင်းအစီရင်ခံစာတွင် အဓိက ကန့်သတ်ချုပ်ချယ်ထားသည့် အတားအဆီး ၃၄ ခုကို ဖော်ပြထားပြီး ပထမဦးဆုံး အနေဖြင့် အဂတိလိုက်စားမှု၊ နည်းပညာအားနည်းမှု၊ မြေနေရာရရှိမှု အခက်အခဲ၊ အတိုးနှုန်း၊ ကျွမ်းကျင်လုပ်သား၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အရင်းအနှီး ရှားပါးမှု၊ နိုင်ငံခြားမှ ချေးငွေရရှိနိုင်မှု အခက်အခဲ စသည့် အချက်ရှစ်ချက်အား ဦးစားပေးဖော်ပြထားပြီး အလားတူ အခြားအကန့်အသတ် ဖြစ်နေသော အတားအဆီးများလည်း ရှိနေသည့်အတွက် စုစုပေါင်းအနေဖြင့် အဓိက ကန့်သတ်ချုပ်ချယ်မှု ၃၄ ခုရှိကြောင်း UMFCCI နှင့် UNESCAP-2014, Myanmar Business Survey Data-based တွင် ဖော်ပြထားသည်။အလားတူ မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ထိုလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို ဝန်နှင့်အား မမျှတမှု ဖြစ်ပေါ်စေသည့် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ၊ ထိုစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင် လုပ်ဆောင်နေရသည့် ဝန်ထုပ်ဝန်ပိုးများသည်လည်း ကြီးမားသည့် အတားအဆီးများ ဖြစ်နေကြောင်း ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ အနေအထားသည် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေရရှိမှုတွင် အခြား အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေကြောင်း၊ အထူးသဖြင့် အိန္ဒိယ၊ ဂျပန်၊ မလေးရှားနိုင်ငံတို့တွင် SMEs တိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးသည့် အစီအစဉ်များ၊ SMEs ဘဏ်များ ရှိနေသည့်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ များစွာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာမူ အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက SMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေရရှိမှုအပိုင်း၊ နည်းပညာရရှိမှု အပိုင်းတွင် အခက်ခဲများ ရှိနေကြောင်းလည်း ဖော်ပြထားသည်။“မြန်မာနိုင်ငံမှာက SME တွေမှာ ငွေကြေးဆိုင်ရာ အရင်းအမြစ် (Lack of Financial sources) မရှိပါဘူး။ SME တွေမှာ အပေါင်ပစ္စည်း မရှိကြပါဘူး။ ကျွန်တော်တို့ SME တွေ အကုန်လုံးက ငွေချေးဖို့ပဲ သိပါတယ်။ ဘယ်ကနေချေးမှာလဲ။ မိတ်ဆွေအပေါင်းအသင်းဆီကနေ ချေးလို့ရတယ်။ ဘဏ်ကလည်း ငွေချေးလို့ရတယ်။ Non-Bank Financial institution တွေကလည်း ချေးလို့ရပါတယ်။ Bonds Market ကနေပြီးတော့လည်း Bonds တွေကို ထုတ်ရောင်းလို့ ရပါတယ်။ နောက် စတော့ဈေးကွက်ကလည်း Stock တွေထုတ်ရောင်းပြီး ကိုယ်လိုချင်တဲ့ ငွေကြေးကို ယူလို့ရတယ်။ အဲလို ငွေရနိုင်တဲ့ ပင်ရင်းတွေက ကျွန်တော်တို့လို နိုင်ငံတွေအတွက်က တော်တော် နည်းပါတယ်။ ကျွန်တော်တို့ဆီမှာ Bonds တွေ ထုတ်ရောင်းပြီးတော့ ငွေရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ Stock Market ဆိုတာလည်း ကျွန်တော်တို့ဆီမှာ အခုမှပဲ စတာပါ။ တကယ်တမ်းမှာ သူလည်း ၂ဝ၁၅ လောက်မှ စဖြစ်မှာပါ။ ဘဏ်မှာငွေချေးမယ် ဆိုပြန်တော့လည်း Demand က များနေပြီးတော့ Supply က မလိုက်နိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာ ငွေရနိုင်တဲ့ ပင်ရင်းတွေ အားနည်းပါတယ်” ဟု ဦးဆက်အောင်က ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် SMEs များ အားနည်းနေခြင်းသည် အတားအဆီးတစ်ခု ဖြစ်နေသည်ဆိုသည့် နေရာတွင် လက်ရှိ မြန်မာနိုင်ငံ၌ ရှိနေသော ၉၉ ရာခိုင်နှုန်းသော ထုတ်လုပ်မှု လုပ်ငန်းများသည် SMEs များ ဖြစ်နေသောကြောင့် ဖြစ်သည်။အလားတူ အရင်းအနှီး ရှားပါးမှု၊ နိုင်ငံခြားမှ ချေးငွေရရှိနိုင်မှု အခက်အခဲများမှာလည်း အဓိက ရင်ဆိုင်နေရသော အခက်အခဲများ ဖြစ်နေကြောင်း အဆိုပါ Report တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်ကမူ အဆိုပါဘဏ္ဍာငွေ ရရှိမှုနှင့် ပတ်သက်၍ အခက်အခဲများအား ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။“အခြားနိုင်ငံတွေမှာ အရမ်းကို ရိုးစင်းတဲ့လွယ်ကူတဲ့ Financial Products တွေ ရှိပါတယ်။ ဒါကြောင့် SMEs ဆိုတာက ဘဏ်ကငွေချေးမှ မဟုတ်ဘူး။ ငွေမချေးဘဲနဲ့လည်း ဒီလိုမျိုး Financial Products တွေ ရှိတယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ခုချိန်မှာ အဲဒါတွေ မရှိသေးပါဘူး။ ဒါကြောင့် SMEs ကြုံရတဲ့ ပြဿနာတွေကတော့ အဲဒါတွေပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် L\C စနစ် မထွန်းကားခြင်းသည်လည်း SMEs များကို အထောက်အပံ့ပေးရာတွင် အခက်အခဲတစ်ခု ဖြစ်ကြောင်း၊ L\C စနစ်ဖြင့် ကုန်သွယ်မှု ပြုလုပ်ပါက ဘဏ်မှငွေစိုက်ပေးထားသည့်အတွက် SMEs များအနေဖြင့် နှစ်ရင်းသုံးရင်း ရင်းရန် မလိုကြောင်း၊ လက်ရှိအချိန်တွင် ယင်းစနစ် မရှိသေးသော်လည်း နောက်ပိုင်း နိုင်ငံတကာဘဏ်များ ဝင်လာပါက ဖြစ်လာနိုင်ကြောင်း ဦးဆက်အောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများသည် အကျင့်ပျက်ခြစားမှု (Corruption) ကို ကျော်လွန်၍ လာဘ်ပေးလာဘ်ယူမှု (Bribe) အဆင့်ကို ရောက်နေကြောင်း၊ အကျင့်ပျက် ခြစားမှုထက် လာဘ်စားမှု ပိုများနေကြောင်း၊ ခြစားခြင်းသည် မလောက်၍ စားခြင်းဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်းမှာ လောဘနှင့် ပိုမိုသက်ဆိုင်ကြောင်း ပြောကြားခဲ့ . . . . .
အလားတူ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် ပုံစံမျိုးစံဖြင့် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့်လိုင်စင် သို့မဟုတ် ခွင့်ပြုချက်ရယူရန်အတွက် တရားဝင်ပေးဆောင်ရသည့်ငွေများ ရှိကြောင်း၊ စစ်တမ်းကောက်ယူမှုအရ ၃၈ ဒသမ ၅ ရာခိုင်နှုန်းက တရားဝင်ပေးဆောင်ရသည့် ငွေပမာဏထက် ပို၍မပေးရကြောင်း ဖြေကြားခဲ့သော်လည်း ကျန်သည့် တစ်ဝက်ကျော်မှာမူ အခြားအပိုကြေးများ ထပ်၍ပေးဆောင်ရကြောင်း၊ လိုင်စင်နှင့် ခွင့်ပြုချက်ရယူရန်အတွက် မြန်မာငွေ ၅ဝဝဝဝ ဝန်းကျင်အထိ ပေးဆောင်ရကြောင်း၊ ယင်းမှာလည်း အတားအဆီးတစ်ခု ဖြစ်နေကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။ထို့အတူ ဈေးကွက်ရရှိမှု၊ နည်းပညာ ရရှိမှုတို့မှာလည်း အခက်အခဲ ရှိကြောင်း၊ အလားတူ သုတေသနပိုင်း ဆိုင်ရာတွင် အားနည်းချက် ရှိကြောင်း၊ ရာခိုင်နှုန်း ၆ဝ သော စစ်တမ်းတွင် ပါဝင်ဖြေကြားသူများကမူ ကျွမ်းကျင်လုပ်သားရှားပါးမှုမှာ အဓိကပြဿနာဟု ဖြေဆိုခဲ့ကြောင်း၊ အထူးသဖြင့် ကွန်ပျူတာ၊ အိုင်တီနှင့် ဆက်စပ်နေသော အလုပ်များအနေဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးသည့် ပြဿနာအား ရင်ဆိုင်နေရကြောင်း၊ ထို့အတူ ပရော်ဖက်ရှင်နယ်အဆင့် ကျွမ်းကျင်ဝန်ထမ်း ရရှိရေးမှာမူ အကြီးမားဆုံး အတားအဆီးတစ်ခု ဖြစ်နေကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။“ဒါတွေအကုန်လုံးက Macro Economic Policy နဲ့ ဆိုင်တယ်လို့ပဲ မြင်ပါတယ်။ Macro Economic Policy မှာ ပေါ်လစီပိုင်းနဲ့ ပတ်သက်ပြီး Failure ဖြစ်တာတွေ ရှိပါတယ်။ ဒီလို ပေါ်လစီပိုင်းဆိုင်ရာ မအောင်မြင်မှုတွေကြောင့် အကျင့်ပျက် ခြစားမှု ရှိလာတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် Corruption က demand Side Management နဲ့ ဆိုင်တယ်။ နောက် Technology တို့ Financial Resources၊ မြေကြီးတို့ကျတော့ Supply Side နဲ့ဆိုင်တယ်။ အခုက တိုင်းပြည်မှာ ဘာဖြစ်နေလဲဆိုတော့ Demand Side ရော Supply Side ရော မအောင်မြင်တာတွေ တော်တော်များတယ်။ Demand Side ရဲ့ အောက်မှာကျတော့ ဘဏ္ဍာရေးပေါ်လစီ ရှိတယ်။ ပြီးတော့ ငွေရေးကြေးရေး ပေါ်လစီရှိတယ်။ ဒီနှစ်ခုကလည်း သိပ်မချိတ်မိဘူး။ တကယ်တမ်းကျတော့ ဘဏ္ဍာရေးပေါ်လစီမှာ Expensional ရှိမယ်။ Contractional ပေါ်လစီ ရှိမယ်။ ဒီဘက်မှာလည်း ငွေရေးကြေးရေး ပေါ်လစီမှာ လျော့ရဲတဲ့ ပေါ်လစီရှိမယ်။ တင်းကျပ်တဲ့ ပေါ်လစီရှိမယ်။ ဘာရှိလဲဆိုတော့ အခု မြင်နေရတာကတော့ ဘဏ္ဍာရေး ပေါ်လစီမှာ Expensionary ပေါ်လစီ ဖြစ်နေတယ်။ လိုငွေပြတာတွေပေါ့။ လိုငွေပြလာတာတွေ ဖြစ်နေတဲ့ အချိန်မှာ တစ်ဖက်က ငွေကြေးပေါ်လစီကျတော့ သတ်မှတ်ထားတဲ့ အတိုးနှုန်းက ဘေးပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့က နည်းနည်းများနေတယ်။ များတဲ့အတွက်ကြောင့်မို့လို့ Tight Monetary Policy ဖြစ်နေတယ်။ ဆိုတော့ ဒီနှစ်ခုကို ပြန်ရှင်းလိုက်တဲ့ အခါကျတော့ Expensional Fiscal policy ကို သုံးချင်တယ်ဆိုရင် ဟိုဘက်က လိုက်လျောညီထွေအောင် Loose Monetary Policy ကို သုံးရမယ်။ Contractional ကို သုံးမယ်ဆိုရင် ဟိုဘက်ကလည်း လိုက်လျောညီထွေအောင် တင်းကျပ်တဲ့ ငွေကြေးမူဝါဒကို သုံးရမယ်။ အဲဒီမှာတင် သဟဇာတ မမျှတာတွေ ဖြစ်လာတယ်။ အဲဒါတွေ မပြေလည်ဘူးဆိုရင် ဘာတွေဖြစ်လာမလဲဆိုရင် ငွေစီးဝင်တဲ့ ပမာဏတွေ မမျှဘူး။ သူ မမျှဘူးဆိုရင် ဘယ်မှာသွားပြီး ဒုက္ခပေးလဲဆိုတော့ မလောက်ရင် အကျင့်ပျက် ခြစားတာတွေ ဖြစ်လာမယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အသုံးချ ဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားခဲ့သည်။ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများသည် အကျင့်ပျက်ခြစားမှု (Corruption) ကို ကျော်လွန်၍ လာဘ်ပေးလာဘ်ယူမှု (Bribe) အဆင့်ကို ရောက်နေကြောင်း၊ အကျင့်ပျက် ခြစားမှုထက် လာဘ်စားမှု ပိုများနေကြောင်း၊ ခြစားခြင်းသည် မလောက်၍ စားခြင်းဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်းမှာ လောဘနှင့် ပိုမိုသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။“ကျွန်တော်တို့ဆီမှာ Corruption ကျတော့ သူတို့က နှိမ်တယ်။ လာဘ်ပေးလာဘ်ယူမှုကျတော့ ပေါ်တင်ကြီး ဖြစ်နေတယ်။ ဒါကြောင့် တိုင်းပြည်က ခြစားတာကို ရှင်းမှာလား၊ လာဘ်ပေးလာဘ်ယူမှုကို ရှင်းမှာလားဆိုတာ ရှိတယ်။ ရှင်းသင့်တာကို မရှင်းဘဲ မရှင်းသင့်တာကိုရှင်းရင် နောက်ထပ်ပြဿနာက ရှိပြန်ရော။ လာဘ်စားတာတွေ သိပ်များလာရင် တစ်ဖက်မှာ ဘာသွားတွေ့လဲဆိုတော့ Technology Failure သွားတွေ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘာမှ အဲဒီအချိန်မှာ နည်းပညာတိုးတက်တာတွေ မတိုးတက်တာတွေ ထည့်စဉ်းစားမှာ မဟုတ်ဘူး။ ငါရရင်ပြီးရောဆိုတဲ့စိတ်က ဝင်လာမယ်။ ဝင်လာရင် Technology Failure ဝင်လာမယ်။ ထို့အတူ လူတစ်စုလက်ထဲမှာ လုပ်ပိုင်ခွင့်ရှိတဲ့အတွက် စောစောက မြေကြီးနဲ့ ပတ်သက်ပြီး ကစားလာရော၊ ဆိုတော့ တစ်ခုနဲ့ တစ်ခုကတော့ ချိတ်ဆက်နေပါတယ်။ ဒီချိတ်နေတဲ့ ပြဿနာကို နိဂုံးသွားချုပ်လိုက်တော့ ကျွန်တော်တို့ မက်ခရိုစီးပွားရေးပေါ်လစီ အားနည်းချက်လားဆိုတာ ပြောရမလို ဖြစ်နေပါတယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆက်လက်သုံးသပ် ပြောကြားခဲ့သည်။